၂၀၂၂ ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မှတ်တမ်းရုပ်ရှင် - ဂျုံရိတ်သိမ်းရာသီ စက္ကူအလှညှပ်ပညာ
တရုတ်ရိုးရာ စက္ကူအလှညှပ်ပညာသည် ကတ်ကြေး သို့မဟုတ် ပုံထွင်းဓားဖြင့် စက္ကူပေါ်တွင် ဒီဇိုင်းပုံများ ဖြတ်ညှပ်ပုံဖော်ခြင်းဖြစ်ပြီး ဘဝအလှဆင်ခြင်း သို့မဟုတ် အခြားသော ရိုးရာဓလေ့ပွဲတော်များနှင့် တွဲဖက်ပေါင်းစပ်ခြင်းများတွင် အသုံးပြုသည့် ရိုးရာအနုပညာတစ်မျိုး ဖြစ်သည်။ တရုတ်နိုင်ငံ၏ စက္ကူအလှညှပ်ပညာတွင် ကြွယ်ဝသော ယဉ်ကျေးမှုသမိုင်းကြောင်းများ ပါဝင်နေပြီး များစွာသော ပြည်သူတို့၏ လူမှုရေးအတွေးအမြင်၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အယူအဆ၊ လက်တွေ့ဘဝအတွေ့အကြုံ၊ ဘဝနေထိုင်မှုစံနှုန်းနှင့် အလှရသခံစားမှုတို့ကို ထင်ဟပ်ဖော်ပြထားသောကြောင့် အတွေးအမြင်၊ ပဲ့ပြင်သွန်သင်မှု၊ သဘောထားထုတ်ဖော်မှု၊ ခံစားချက်လှစ်ဟမှု၊ ဖျော်ဖြေမှုနှင့် ဆက်ဆံရေး အစရှိသည့် အမျိုးမျိုးသော လူမှုရေးတန်ဖိုးများ ပါရှိနေပါသည်။
၂၀၀၆ ခုနှစ်၌ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီမှ စက္ကူအလှညှပ် အနုပညာအမွေအနှစ်ကို ပထမအသုတ် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲတွင် ထည့်သွင်းအတည်ပြုပေးခဲ့သည်။ ၂၀၀၉ ခုနှစ်၌ တရုတ်ရိုးရာ စက္ကူအလှညှပ်ပညာသည် “လူသားမျိုးနွယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုအမည်စာရင်း” တွင် ထည့်သွင်းရွေးချယ်ခံခဲ့ရသည်။
“ဂျုံရိတ်သိမ်းရာသီ စက္ကူအလှညှပ်ပညာ” ဗီဒီယိုသည် “ရှန်ဟိုင်းစက္ကူအလှညှပ်ပညာ” ကိုယ်စားပြု လက်ဆင့်ကမ်းအမွေဆက်ခံသူ လင်ရှီးမင်(Mr. Lin Ximing)၏ စက္ကူအလှညှပ်ပညာ ကျွမ်းကျင်ပိုင်နိုင်မှုနှင့် လက်မှုပညာရှင်၏ စေ့စပ်တိကျမှုတို့ကို တင်ဆက်ဖော်ပြထားပါသည်။ သူသည် လက်ရာဖန်တီးမှုများ ပြုလုပ်ရာတွင် စိတ်အပြည့်နှစ်၍ သေသပ်စွာ ဖြတ်ညှပ်ပုံဖော်ပြီး ဘဝချစ်ခြင်းမေတ္တာနှင့် ကြိုးစားအားထုတ်မှု အလှတရားများ ပါဝင်သော စက္ကူအလှညှပ်လက်ရာ တစ်ချပ်ပြီးတစ်ချပ်ကို ဖန်တီးရင်း စက္ကူပေါ်တွင် စွဲမက်ဖွယ် အကောင်းဆုံးသော ရှုမြင်ကွင်းအလှတရားများကို ပုံဖော်နိုင်ခဲ့ပါသည်။