ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်”- မိဝေးဖဝေးကလေးငယ် စိတ်ကူးအိပ်မက်အတိုင်းလှမ်းမယ်
ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်၏ ပထမဆုံးပွဲစဉ်ကို သြဂုတ်လ (၄) ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ်၏ နောက်ပိုင်းပွဲစဉ်များကို နေရာအချို့တို့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ပရိသတ်များအနေဖြင့် ရင်ထဲထိမိစေသော နွေးထွေးမှုခံစားချက်များနှင့် ပျော်ရွှင်တက်ကြွမှုများ ပြည့်နှက်နေသော မြင်ကွင်းများကို ခံစားရှုမြင်ကြရမည် ဖြစ်ပါသည်။
ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” ကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် China Media Group (CMG) တို့မှ အတူတကွ ကြီးမှူးကျင်းပပြီး တရုတ်နိုင်ငံ၏ ပြောင်မြောက်လှသော မှတ်တမ်းရုပ်ရှင်များနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် မှတ်တမ်းရုပ်ရှင်များကို ပြည်ပမှ ပရိသတ်များအား တင်ဆက်ပြသရင်း အပြန်အလှန် နားလည်မှု တိုးပွားစေရန်၊ ပြည်သူများ အချင်းချင်း နှလုံးသားချင်း ပိုမိုနီးစပ်စေရန်နှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုနက်ရှိုင်းစေရန်အတွက် ရည်ရွယ်ပါသည်။
ယခုတစ်ပတ်တွင် ပညာရေးကဏ္ဍမှ မှတ်တမ်းရုပ်ရှင်နှစ်ကားကို မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် တရုတ်နိုင်ငံ၏ ပညာရေးအပေါ် အလေးထားမှု၊ ကလေးငယ်များ၏ ကောင်းမွန်သောအရာများအပေါ် မျှော်လင့်တောင့်တမှု၊ အသိပညာဗဟုသုတ လေ့လာလိုက်စားမှုနှင့် စိတ်ကူးအိပ်မက်များကို အားကြိုးမာန်တက် အကောင်အထည် ဖော်ဆောင်ပုံအကြောင်းများကို ပရိသတ်များထံ တင်ဆက်ပြသရင်း ဆရာနှင့် အုပ်ထိန်းသူများ၏ ဂရုစိုက်မှုအောက်တွင် ကလေးများ ပျော်ရွှင်စွာ ကြီးပြင်းလာပြီး အိပ်မက်များ အကောင်အထည် ဖော်ဆောင်သည့် ကြည်နူးဖွယ်ပုံရိပ်များကို ပုံဖော်တင်ဆက်ထားပါသည်။ ဤမှတ်တမ်းရုပ်ရှင်များမှ စိတ်ကြည်နူး နွေးထွေးဖွယ် ဇာတ်လမ်းအကြောင်းအရာများကို အတူတကွ ရှုစားကြရမည် ဖြစ်ပါသည်။
No Child Left Behind
မုချောင်ရွာ(Muqiao)သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချုံချင့်မြို့(Chongqing)မှ လေးနာရီခန့်ကြာ ကားမောင်းရသည့် တောင်ပေါ်ကျေးရွာလေးတစ်ရွာ ဖြစ်သည်။ ၎င်းရွာတွင် မူလတန်းကျောင်းတစ်ကျောင်း ရှိသည်။ ယန်ကျင့်ဟွာ(Yang Jinhua)သည် တာဝန်ထမ်းဆောင်ရာ ထိုရွာမူလတန်းကျောင်းတွင် နံနက်တိုင်း ကျောင်းတက်ခေါင်းလောင်း ထိုးပြီး စာသင်ခန်းထဲတွင်ကား (၅)နှစ်အရွယ် ရှီထောင်း (Shi Tao) နှင့် (၆)နှစ်အရွယ် ဟယ်ဖန်ချီ (He Fanqi) ဟူသော ကျောင်းသား (၂)ယောက်သာ ရှိသည်။
မိဘများမှာ မြို့တွင် အလုပ်အကိုင် ရှာဖွေရန် ရောက်ရှိနေသဖြင့် ထိုကောင်လေး (၂)ယောက်အား ဘိုးဘွားများက ကျွေးမွေးစောင့်ရှောက်ထားလေသည်။ ယန်ကျင့်ဟွာ(Yang Jinhua)သည် အတန်းထဲတွင် စာသင်ကြားခြင်း၊ ဂိမ်းကစားခြင်း၊ ထမင်းဟင်းချက်ခြင်းများမှ ကလေးများအား ကျောင်းကြိုပို့ခြင်းများအထိ ဤကဲ့သို့ တစ်နှစ်ပြီးတစ်နှစ် ထိုရွာကျောင်း၌ပင် တာဝန်ထမ်းဆောင်လေသည်။ အကြောင်းမှာ ၎င်းဒေသရှိ ကလေးတိုင်းအား ပညာသင်ခွင့် ရရှိစေလိုသောကြောင့်ပင် ဖြစ်သည်။ ယန်ကျင့်ဟွာ(Yang Jinhua)က သူ့အား လိုအပ်နေသော ကလေးများ ရှိနေသရွေ့ မုချောင်ရွာတွင် နေ၍ ဆက်လက် ပညာသင်ကြားပေးသွားမည်ဟု ကတိပြုခဲ့ပါတယ်။
"ပညာရေးက လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲစေနိုင်ပါတယ်။ သို့ပေမဲ့ ဝေးလံခေါင်သီတဲ့ တောင်ပေါ်ဒေသ၊ ကျွန်တော်တို့ဇာတိ၊ တိုင်းပြည်နဲ့ လူမှုအဖွဲ့အစည်းတွေအတွက် အသိပညာမရှိရင် ဖွံ့ဖြိုးတိုးတက်မှု မညီမျှခြင်းတွေ ဆောင်ကြဉ်းလာလိမ့်မယ်။" ဟု ယန်ကျင့်ဟွာ(Yang Jinhua)မှ ပြောကြားခဲ့ပါသည်။
A Shot at a Better Future
"မိန်းကလေးတွေလည်း ဘောလုံးကစားနိုင်တယ်။ ယောက်ျားလေးနဲ့ မိန်းကလေးက တန်းတူပဲ။"
စန်းဟယ်မူလတန်းကျောင်း(Sanhe)သည် ရှီကျုကောင်တီ(Shizhu)၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး ချုံချင့်မြို့(Chongqing)ပိုင်မြေဖြစ်ကာ မြို့လယ်ခေါင်မှ သုံးနာရီကြာ ကားမောင်းရသည်။ ထိုကျောင်းတွင် ကျောင်းသား အယောက်(၁၀၀၀)နီးပါး ရှိသည့်အနက် အတော်များများသည် ကျေးလက်ဒေသမှ ဖြစ်ပြီး ၎င်းအနက်မှ တစ်ဝက်ကျော်မှာ မိဘများနှင့် ဝေးကွာနေရသည့် ကလေးများ ဖြစ်ကြသည်။ ၎င်းတို့၏ မိဘများမှာ အလုပ်ရှာရန်အတွက် ချုံချင့်မြို့လယ်ခေါင်သို့ ပြောင်းရွှေ့သွားကြသဖြင့် သားသမီးများကို အဘိုးအဘွားများ၏ ပြုစုစောင့်ရှောက်မှုအောက်တွင် ထားခဲ့ကြရသည်။
ထိုကဲ့သို့သော မူလတန်းကျောင်းတွင် အိပ်မက်များအတွက် ရုန်းကန်ရဲသော အမျိုးသမီးဘောလုံးအသင်း ရှိပါသည်။ သူတို့သည် ပိုမိုကောင်းမွန်သော ပညာရေးကို သင်ယူရရှိနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ သူတို့သည် ဘောလုံးကစားခြင်းတွင် ဝါသနာထုံပြီး ချုံချင့်မြို့ ကျောင်းပေါင်းစုံဘောလုံးချန်ပီယံပြိုင်ပွဲ၏ မြို့အဆင့် ဗိုလ်လုပွဲတွင် ချန်ပီယံဆုကို အကြိမ်များစွာ ဆွတ်ခူးနိုင်ခဲ့ကြသည်။ ၎င်းတို့၏ ထူးချွန်သော ပြိုင်ပွဲရလဒ်များကြောင့် တောတောင်များမှ ထွက်ခွာ၍ မြို့တွင် နေထိုင်ပြီး ပညာသင်ယူလေ့လာခွင့် ရရှိခဲ့ကြလေသည်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ Facebook စာမျက်နှာ “Chinese Culture Center Yangon” ၊ WeChat Official Account “cccyangon (仰光中国文化中心)” နှင့် တရုတ်-မြန်မာ နှစ်ဘာသာ ပါဝင်သော စင်တာ၏ Official Website (https://www.yangonchinaculture.org.mm/) သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။