၂၀၂၂ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ ပုလဲရတနာဝင်းလက်လက် မဟာတူးမြောင်းထက် - ထျန်းကျင်းမြို့ ရှီးချင်းဒေသရှိ ယန်လျိုချင်းမြို့ငယ်
ထျန်းကျင်းမြို့(Tianjin) ရှီးချင်းဒေသ(Xiqing)တွင် တည်ရှိသော ယန်လျိုချင်းမြို့ငယ်(Yangliuqing)သည် ပေကျင်း (Beijing) - ဟန်ကျိုး (Hangzhou) မဟာတူးမြောင်းကမ်းနံဘေးရှိ သမိုင်းဝင်ယဉ်ကျေးမှုဆိုင်ရာ အထင်ကရမြို့ ဖြစ်သည်။ ဓလေ့ရိုးရာယဉ်ကျေးမှုဆိုင်ရာ အထင်ကရ ခရီးသွားဒေသ ဖြစ်သည့်အလျောက် ယန်လျိုချင်းရှေးဟောင်းမြို့သည်လည်း တရုတ်ပြည်တွင်းနှင့် ပြည်ပခရီးသွားဧည့်သည်များ ထျန်းကျင်းမြို့သို့ လာရောက်လည်ပတ်သည့် အဓိက လည်ပတ်စရာ နေရာတစ်ခု ဖြစ်ပေသည်။ ယန်လျိုချင်းမြို့ငယ်သည် တရုတ်ရှေးခေတ် တိုင်းပြည်စီမံအုပ်ချုပ်ရေးနှင့် တရုတ်နိုင်ငံမြောက်ပိုင်းရှိ ရှေးခေတ်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးတို့၏ ထူးခြားချက်လက္ခဏာများကို ကိုယ်စားပြုပါသည်။ ဤဒေသတွင် ခိုင်မြဲစွာ အမြစ်တွယ်တည်ရှိသော နှစ်သစ်ကူးမင်္ဂလာပန်းချီယဉ်ကျေးမှုနှင့် အဆောက်အအုံ ဗိသုကာလက်ရာယဉ်ကျေးမှုများသည် ယင်းထူးခြားချက်လက္ခဏာများ၏ အစစ်မှန်ဆုံးသော ဖော်ပြချက်များပင် ဖြစ်သည်။
ထျန်းကျင်းမြိုတွင် ယန်လျိုချင်းမဟာတူးမြောင်းကြီး အမျိုးသားယဉ်ကျေးမှုဥယျာဉ်ကို တည်ဆောက်လျက်ရှိသည်။ ၎င်းဥယျာဉ်သည် မြေဧရိယာ အကျယ်အဝန်းအားဖြင့် တရုတ်ဧက “မူ (亩 mu)” (၂၈၀၀)ကျော် (亩 mu = တရုတ်မြေအတိုင်းအတာယူနစ်၊ ၆၆၆.၆၆၇ စတုရန်းမီတာဝန်းကျင်နှင့် ညီမျှသည်) ရှိမည်ဟု ခန့်မှန်းထားပြီး သမိုင်းဝင်အထင်ကရမြို့များ၊ ယွမ်ပေါင်ကျွန်း(Yuanbao) နှင့် ယဉ်ကျေးမှုဆိုင်ရာမြို့များ စသဖြင့် အပိုင်းများ ပိုင်းခြားထားပါသည်။ ထို့အပြင် အနီးတစ်ဝိုက် ဒေသပတ်ဝန်းကျင်များပါ ပါဝင်စေပြီး ထျန်းကျင်းမြို့အနောက်ပိုင်း၌ မဟာတူးမြောင်းကြီးအနုပညာမြို့တော်၊ ကျေးလက်ခရီးသွားလာရေး အငွေ့အသက်များ ပါရှိသော ကျေးရွာ၊ ယန်လျိုချင်းမဟာတူးမြောင်းကြီး အမျိုးသားယဉ်ကျေးမှုဥယျာဉ်နှင့်တကွ အကျိုးဆက်စပ်ဖြစ်ထွန်းစေသော အခြားနယ်ပယ်ဒေသဇုန်များ ဖြစ်တည်လာစေကာ မဟာတူးမြောင်းကြီးယဉ်ကျေးမှု ထိန်းသိမ်းကာကွယ်ရေး၊ လက်ဆင့်ကမ်းအမွေဆက်ခံရေးနှင့် အသုံးချရေးတို့ကို လုပ်ဆောင်လျက် ရှိပါသည်။