၂၀၂၂ ခုနှစ် “မဟာတူးမြောင်းကြီး” ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ - ဆည်းပူးလေ့လာ ဝူတန်သိုင်းပညာ၊ သွားရောက်ဖွေရှာ ဝူတန်တောင်မှာ
ဝူတန် (Wudang) သိုင်းပညာသည် တာအိုအတွေးအခေါ်အယူအဆများမှ ဆင်းသက်ပေါ်ပေါက်လာခြင်းဖြစ်ပြီး ရှည်ကြာသော သမိုင်းကြောင်းရှိကာ နက်နဲကျယ်ပြန့်လှသည်။ ယွမ်မင်းဆက်ခေတ်အကုန် မင်မင်းဆက်ခေတ်အစတွင် ဝူတန်တောင်မှ တာအိုဘုန်းတော်ကြီး ကျန်းစန်းဖုန်း (Zhang Sanfeng) သည် ၎င်း၏ အောင်မြင်မှုများအား စုစည်းခဲ့ပြီး ဝူတန်သိုင်းပညာကို တီထွင်ဖန်တီးခဲ့သူဖခင်အဖြစ် ခေါ်ဆိုသမုတ်ခြင်း ခံခဲ့ရသည်။ ကျန်းစန်းဖုန်းသည် “ယိကျင်း (I Ching)” ခေါ် တရုတ်ရှေးဂန္ထဝင် သဘာဝတ္ထကျမ်းနှင့် “တောက်တယ်ကျင်း (Tao Te Ching)” ခေါ် တရုတ်ရှေးဂန္ထဝင် ဒဿနိကကျမ်းများ၏ အနှစ်သာရနှင့် သိုင်းပညာပရိယာယ်တို့ကို တစ်သားတည်းအဖြစ် ရောယှက်ပေါင်းစပ်၍ အရေးပါသည့် ကျန်းမာကြံ့ခိုင်ရေးတန်ဖိုးများ ပါရှိသော ထိုက်ကျီသိုင်း (Taijiquan) ၊ ရှင်းယိသိုင်း (Xingyiquan) နှင့် ပါးကွသိုင်း (Baguazhang) များကို အဓိကထားသည့် ဝူတန်သိုင်းပညာကို တီထွင်ဖန်တီးခဲ့သည်။ နောက်ပိုင်းတွင် ခေတ်အဆက်ဆက် သိုင်းဆရာများက အဆက်မပြတ် ဆန်းသစ်တီထွင်ခြင်း၊ ကြွယ်ဝစုံလင်စေခြင်းနှင့် အဆင့်ဆင့်ဆည်းပူးခြင်းတို့ကို လုပ်ဆောင်လာကြရာမှ တရုတ်သိုင်းပညာရပ် ဂိုဏ်းကြီးတစ်ဂိုဏ်းအဖြစ် ဖြစ်ထွန်းပေါ်ပေါက်လာစေသည်။
ဤဗီဒီယိုသည် တရုတ်သိုင်းပညာအား နှစ်သက်မြတ်နိုးသည့် အမေရိကန်နိုင်ငံသား Jake က ဝူတန်တောင်သို့ သွားရောက်ပြီး သိုင်းဆရာကြီးများထံ၌ တပည့်ခံ၍ ကွန်ဖူးပညာသင်ယူကာ ဝူတန်တောင်၏ ပြိုင်ဘက်ကင်းပညာရပ်ကို စူးစမ်းလေ့လာသည့် အတွေ့အကြုံခရီးစဉ်ကို မိတ်ဆက်ပေးထားခြင်းဖြစ်သည်။ သူသည် ကာလရှည် သင်ယူလေ့ကျင့်ပြီးနောက် ဝူတန်ကွန်ဖူးသိုင်းပညာ၏ နက်နဲဆန်းကြယ်မှုများကို နားလည်သဘောပေါက်ခဲ့သည်။ Jake က အမိနိုင်ငံသို့ ပြန်သွားချိန်တွင် သိုင်းလေ့ကျင့်ရေးသင်တန်းကျောင်းတစ်ကျောင်းကို ဖွင့်လှစ်လိုပြီး တာအိုအတွေးအခေါ်အယူအဆဆိုင်ရာ ထိုက်ကျီသိုင်းနှင့် ကွန်ဖူးသိုင်းပညာတို့ကို လက်ဆင့်ကမ်းသင်ကြားပေးကာ တာအိုအတွေးအခေါ်အယူအဆဆိုင်ရာ ယဉ်ကျေးမှုများကို ဆက်လက်တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။