(၇၂)နှစ်တိုင် တွဲလက်တူယှဉ် ဆွေမျိုးပေါက်ဖော်သံယောဇဉ် တူရာတွဲယှဉ်စုံစုံလင် မြန်မာ-တရုတ် ယဉ်ကျေးမှုအသွင် (လက်မှုအနုပညာကဏ္ဍ)
ထီးဟာ လူသားတို့အတွက် နေ့စဉ်မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ထီးအဆင်ဒီဇိုင်းအစုံအလင်နဲ့ ပြုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုး ရှိကြပါတယ်။ ဒီကနေ့မှာတော့ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၂)နှစ်ပြည့်ကို ဂုဏ်ပြုကြိုဆိုခြင်း အထိမ်းအမှတ်အနေနဲ့ “တူရာတွဲယှဉ်စုံစုံလင် မြန်မာ-တရုတ် ယဉ်ကျေးမှုအသွင်” အစီအစဉ်မှာ လက်မှုအနုပညာကဏ္ဍတစ်ရပ်အနေဖြင့် မြန်မာ့ရိုးရာပုသိမ်ထီးနဲ့ တရုတ်ရိုးရာဆီစိမ်စက္ကူထီးတို့ရဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ပရိသတ်တွေအတွက် မျှဝေမိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ထီးများ စတင်ပေါ်ပေါက်ရာ ဇာတိမြေဖြစ်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။ ရှေးခေတ်အခါက ထီးတွေကို ပိုးသားနဲ့ စတင်ပြုလုပ်ကြပြီး စက္ကူတီထွင်ပြီးနောက်မှာတော့ စက္ကူထီးတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဟန်မင်းဆက်ခေတ်နောက်ပိုင်းမှာ ရေစိုခံနိုင်ဖို့အတွက် ချည်မျှင်စက္ကူတွေပေါ်မှာ Tung Oil ခေါ် သစ်ပင်မှရတဲ့အဆီတစ်မျိုးနဲ့ သုတ်လိမ်းကြရာမှ ဆီစိမ်စက္ကူများ ပေါ်ပေါက်လာပြီး အခုမြင်တွေ့နေရတဲ့ ဆီစိမ်စက္ကူထီးတွေ ပေါ်ထွန်းလာပါတယ်။ ထန်မင်းဆက်ခေတ်နဲ့ စုန့်မင်းဆက်ခေတ် ရောက်တဲ့အခါမှာတော့ ဆီစိမ်စက္ကူထီးများက လူအများကြားတွင် ရေပန်းစားလာခဲ့ပြီး ချင်မင်းဆက်ခေတ်ရောက်ချိန်မှသာ လက်ရာမြောက်အောင် ဆေးခြယ်ထားတဲ့ ပန်းချီလက်ရာနဲ့ ထီးတွေ ပေါ်ပေါက်လာပါတယ်။
တရုတ်နိုင်ငံရဲ့ ထီးထုတ်လုပ်မှု သမိုင်းကြောင်း ကြာရှည်လှပြီဖြစ်ကာ ဆီစိမ်စက္ကူထီးများဟာ ကမ္ဘာပေါ်မှာ အစောဆုံးတွေ့ရတဲ့ ထီးအမျိုးအစား ဖြစ်ပါတယ်။ ၎င်းတို့ကို သဘာဝကုန်ကြမ်းပစ္စည်းတွေနဲ့ပဲ ထုတ်လုပ်ထားပြီး လက်မှုပညာဖြင့် ဖန်တီးပြုလုပ်ထားတာကို ကြည့်ခြင်းအားဖြင့် ရှေးတရုတ်လူမျိုးများရဲ့ ဉာဏ်အမြော်အမြင် အတွေးအခေါ်ပညာတို့ကို ထင်ထင်ရှားရှား တွေ့မြင်နိုင်တယ်။ နေဒဏ်မိုးဒဏ်ကိုခံနိုင်ပြီး အဖွင့်အပိတ်လုပ်နိုင်တဲ့ ပထမဦးဆုံးသော ထီးကို ရှေးခေတ်တရုတ်နိုင်ငံရှိ နာမည်ကြီး လက်သမားဆရာ လုပန်း (Luban) ရဲ့ ဇနီးဖြစ်သူ ယွင်မျိုးနွယ် (Yun) အမျိုးသမီးက ခင်ပွန်းဖြစ်သူ အပြင်သွားတဲ့အခါ အဆင်ပြေစေဖို့ ကြံရွယ်ကာ တီထွင်ခဲ့တာဖြစ်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။
တရုတ်နိုင်ငံရဲ့ ဆီစိမ်စက္ကူထီးများဟာ နေဒဏ်မိုးဒဏ်မှ ကာကွယ်ပေးနိုင်တဲ့ နေ့စဉ်သုံးပစ္စည်းတစ်ခု ဖြစ်ရုံသာမက မင်္ဂလာဆောင်အခမ်းအနား ထုံးတမ်းအစဉ်အလာမှာလည်း အရေးပါတဲ့ ကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်နေပါတယ်။ ရှေးခေတ်ရိုးရာမင်္ဂလာပွဲတွေမှာ သတို့သမီးကို သွားရောက်ကြိုဆို ခေါ်ဆောင်လာတဲ့အခါ ထီးဆောင်းပေးတတ်တဲ့ ဓလေ့ရှိပါတယ်။ မင်္ဂလာဆောင်အခမ်းအနားမှာ သတို့သမီး ဝေါယာဉ်ပေါ်က ဆင်းလာတဲ့အခါ မင်္ဂလာအခမ်းအနားရိုးရာများ စီစဉ်ဆောင်ရွက်ပေးသူ အမျိုးသမီးက သတို့သမီးကို ထီးအနီ ကိုင်ဆောင်းပေးတဲ့ထုံးစံဟာ မကောင်းတဲ့ ရန်အပေါင်းမှ ကင်းဝေးပါစေဆိုတဲ့ အဓိပ္ပာယ်ရှိသလို သာယာပျော်ရွှင်ပါစေဆိုတဲ့ ဆန္ဒမွန်ကိုလည်း ဖော်ဆောင်ပါတယ်။
မြန်မာ့ရိုးရာ လက်မှုပညာထည်ဖြစ်တဲ့ ပုသိမ်ထီးက မြန်မာနိုင်ငံရဲ့ အမှတ်သင်္ကေတများအနက်မှ တစ်ခုအပါအဝင်လည်း ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ စတင်လုပ်ကိုင်ခဲ့ခြင်းကို အစွဲပြု၍ ပုသိမ်ထီးလို့ ခေါ်စမှတ်ပြုကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကုန်းဘောင်မင်းဆက်ခေတ်မှာ သာမာန်ပြည်သူတွေက ဆီစိမ်စက္ကူနဲ့ ပြုလုပ်ထားတဲ့ ထီးများကိုသာ သုံးခွင့်ရှိပြီး အကောင်းစားချည်သား ဒါမှမဟုတ် ပိုးသားနဲ့ ပြုလုပ်ထားတဲ့ ထီးတွေကိုတော့ ဘုရင်နဲ့ ဘုရင့်တော်ဝင်မိသားစုတွေသာ အသုံးပြုခွင့်ရှိကြတာပါ။ ကုန်းဘောင်ခေတ် ပျက်သုဉ်းပြီးနောက် နန်းတွင်းလက်မှုပညာရှင်အချို့က ပုသိမ်မြို့ကို ရောက်ရှိနေထိုင်ခဲ့ကြပြီး ထိုဒေသမှာ ထီးလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ကြရာမှ ဤလက်မှုပညာလုပ်ငန်းကို တိုးတက်တွင်ကျယ်လာစေပါတယ်။ ဒီလိုနဲ့ပဲ နာမည်ကျော်ကြားတဲ့ ပုသိမ်ထီးအဖြစ် ထင်ရှားလာခဲ့ပါတယ်။
ပုသိမ်ထီးများ ပြုလုပ်ရာမှာ ဝါးကို ခုတ်ထစ်အသုံးပြုရာကစ၍ ထီးရိုးပြုလုပ်ခြင်း၊ ထီးရွက်တွင် ဆေးစက်တင် ပုံဖော်ပန်းချီရေးဆွဲခြင်းများအထိ ထီးတစ်လက်လုံးရဲ့ ပြုလုပ်နည်းအဆင့်ဆင့်ကို စက်ပစ္စည်းအကူအညီမပါဘဲ လက်မှုပညာနဲ့သာ ဖန်တီးပြုလုပ်ထားပါတယ်။ ဒီလို ခမ်းနားထည်ဝါလွန်းလှတဲ့ လက်မှုပညာထည် ပုသိမ်ထီးတွေက ရှေးရိုးရာ အငွေ့အသက်များအပြည့်နဲ့ ရိုးရှင်းတင့်တယ်နေပါတယ်။
မြန်မာလူမျိုးတွေက ပုသိမ်ထီးကို ဘုရားပွဲ၊ ကထိန်ပွဲနဲ့ အခြားယဉ်ကျေးမှုဆိုင်ရာ ပွဲတော်တွေမှာ ရိုးရာလက်မှုပစ္စည်းအနေနဲ့ ဂုဏ်ယူဝင့်ကြွားစွာ အလှဆင်အသုံးပြုလေ့ ရှိပါတယ်။ ဒီလိုပွဲလမ်းသဘင်တွေမှာပဲ အသုံးပြုနိုင်ရုံသာမက လက်တွေ့ဘဝမှာပါ အသုံးပြုနိုင်အောင် ယခုအခါ ပုသိမ်ထီးကို နွေမိုးဆောင်း ရာသီမရွေး အသုံးပြုနိုင်တဲ့ အဆင့်မြင့် ပုသိမ်ထီးများအဖြစ် ထုတ်လုပ်လာကြပါပြီ။ အဆင့်မြင့် ပုသိမ်ထီးတွေကို နည်းပညာအသစ်များ အသုံးပြု၍ ဖန်တီးတီထွင် ထုတ်လုပ်ထားခြင်း မဟုတ်ဘဲ ရှေးယခင်ခေတ်က အသုံးပြုခဲ့တဲ့ ပုသိမ်ထီးပညာရှင်တို့ရဲ့ နည်းပညာတွေကိုသာ ပြန်လည်ဖော်ထုတ် အသုံးပြုထားခြင်း ဖြစ်ပါတယ်။
တရုတ်ဆီစိမ်စက္ကူထီးများနဲ့မတူဘဲ ပုသိမ်ထီးအများစုဟာ ထီးအမိုးအရိုးတံတိုင်းရဲ့ အနားသတ်တွေမှာ ရောင်စုံပန်းဖွားလေးတွေ ရှိပါတယ်။ ထီးရွက်ပေါ်က ပန်းချီဒီဇိုင်းတွေက ပုသိမ်ထီးရဲ့အလှကို လှသထက် လှစေ၊ ယဉ်သထက် ပိုယဉ်စေပါတယ်။ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဆေးပန်းချီတွေက ပုသိမ်ထီးကို မြန်မာမှု ပိုဆန်စေပြီး မြန်မာ့ယဉ်ကျေးမှု အနှစ်သာရများနဲ့ ပြည့်နှက်နေစေပါတယ်။ ဒါကြောင့်လည်း ပုသိမ်ထီးဟာ မြန်မာ့ယဉ်ကျေးမှုရဲ့ သင်္ကေတအမှတ်အသားတစ်ခု ဖြစ်လာပြီး မြင်ရသူတိုင်းအဖို့ မေ့မရနိုင်အောင် နှစ်သက်စွဲလမ်းစေနိုင်တာပါ။ ထီးတစ်လက်ချင်းစီတိုင်းမှာ ရိုးရိုးရှင်းရှင်းနဲ့ ကြော့မော့ခံ့ညားတဲ့ အသွင်ပုံစံတွေကို တွေ့မြင်နိုင်ပါတယ်။ ဒီလိုလှပတဲ့ ပုသိမ်ထီးက မြန်မာနိုင်ငံတစ်ဝှမ်းတွင် နာမည်ကျော်ကြားရုံသာမက ကမ္ဘာအရပ်ရပ်မှ ခရီးသွားများပါ အကြိုက်တွေ့စေမှာ ဧကန်အမှန်ပါပဲ။
ဒီလိုလှပတဲ့ ပုသိမ်ထီးလေးတစ်လက်လောက် သင်ပိုင်ဆိုင်ချင်ပါသလား။
ဓာတ်ပုံများကို အင်တာနက်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။