(၇၂)နှစ်တိုင် တွဲလက်တူယှဉ် ဆွေမျိုးပေါက်ဖော်သံယောဇဉ် တူရာတွဲယှဉ်စုံစုံလင် မြန်မာ-တရုတ် ယဉ်ကျေးမှုအသွင် (တူရိယာကဏ္ဍ)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-06-11 20:00:10



ဂီတတူရိယာဆိုတာ လူသားမျိုးနွယ်တွေမှာ ဟိုးရှေးယခင်အချိန်ကတည်းက ဖြစ်တည်နေတဲ့ ခံစားသက်ဝင်မှုပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုအမွေလို့ ဆိုနိုင်ပါတယ်။ လူသားဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ တူရိယာတွေကလည်း များပြားစုံလင်လို့ လာပါတယ်။ လူတွေက ဂီတတူရိယာတွေ တီးခတ်ဖျော်ဖြေရင်းကတစ်ဆင့် စိတ်ခံစားချက် အတွေးအာရုံတွေကို ဖော်ထုတ်ပြသလေ့ ရှိကြပါတယ်။ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၂)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာက “တူရာတွဲယှဉ်စုံစုံလင် မြန်မာ-တရုတ် ယဉ်ကျေးမှုအသွင်” အစီအစဉ်ရဲ့ “တူရိယာကဏ္ဍ” ကနေ ပုံသဏ္ဌာန်အရ ဆင်တူပြီး ရိုးရာကြိုးတပ်တူရိယာများလည်း ဖြစ်ကြတဲ့ တရုတ်ရိုးရာ “ဒေါင်လိုက်ခုံးဟို(Konghou)စောင်းကောက်” နဲ့ မြန်မာ့ရိုးရာ “စောင်းကောက်” တို့အကြောင်းကို မိတ်ဆက်ပေးသွားမှာမို့ အားလုံးအတူတူ လေ့လာလိုက်ကြရအောင်နော်။


ဒေါင်လိုက်ခုံးဟို(Konghou)စောင်းကောက်က တရုတ်ရိုးရာကြိုးတပ်တူရိယာတစ်မျိုး ဖြစ်ပါတယ်။ ဒေါင်လိုက်ခုံးဟိုစောင်းကောက်ကို “ဦးခေါင်းထောင်ခုံးဟိုစောင်းကောက်” ၊ “ဟူ(Hu)ခုံးဟိုစောင်းကောက်” လို့လည်း ခေါ်ကြပြီး ယနေ့ခေတ်မှာတော့ “ခုံးဟိုစောင်းကောက်” လို့ပဲ အလွယ်ခေါ်ကြပါတယ်။ ဒေါင်လိုက်ခုံးဟိုစောင်းကောက်ဟာဆိုရင် ပုံသဏ္ဌာန်အမျိုးမျိုး ရှိပါတယ်။ အနောက်တိုင်းစောင်းတွေနဲ့ အပြင်ပန်းသဏ္ဌာန် ဆင်တူတဲ့ ဦးချိုသဏ္ဌာန် ခုံးဟိုစောင်းကောက်လည်း ရှိသလို စောင်းကောက်ရဲ့ထိပ်မှာ အလှတန်ဆာဆင်ထားတဲ့ ဇာမဏီငှက်ခေါင်းသဏ္ဌာန် ခုံးဟိုစောင်းကောက်နဲ့ နဂါးခေါင်းသဏ္ဌာန် ခုံးဟိုစောင်းကောက်တွေလည်း ရှိပါတယ်။ ဒေါင်လိုက်ခုံးဟိုစောင်းကောက်ဟာ အသံအနိမ့်အမြင့် အကွာအဝေး (Range) ကျယ်တဲ့အပြင် အသံအနေအထား ကြည်လင်သာယာငြိမ့်ညောင်းပြီး သရုပ်ဖော်မှုအား ကောင်းလှပါတယ်။ ဒေါင်လိုက်ခုံးဟိုစောင်းကောက်မှာ စောင်းကြိုးပေါင်း (၂၀)ကျော် တပ်ဆင်ထားပါတယ်။ တီးခတ်တဲ့အခါမှာ ဒေါင်လိုက်အနေအထား ပိုက်ထားပြီး ဘယ်ညာလက်နှစ်ဖက်ရဲ့ လက်မနဲ့ လက်ညှိုးက စောင်းကောက်ရဲ့ တစ်ဖက်တစ်ချက်စီကနေ ပြိုင်တူတီးခတ်ရပါတယ်။ အဲဒါကြောင့်မို့လို့ ထန်ခေတ်လူများက ဒေါင်လိုက်ခုံးဟိုစောင်းကောက် တီးခတ်တာကို “ခုံးဟိုစောင်းကောက်ကို ပင့်မမြှောက်ကိုင်တယ်” လို့ ခေါ်ဆိုကြပါတယ်။


ယခုလက်ရှိမှာ ပုံစံအသစ်မျိုးစုံနဲ့ ထွက်ရှိလာတဲ့ ဒေါင်လိုက်ခုံးဟိုစောင်းကောက်တွေကို တစ်ကိုယ်တော်တီးခတ်ဖျော်ဖြေခြင်း၊ အဖွဲ့လိုက်တီးခတ်ဖျော်ဖြေခြင်း၊ သံစုံတီးမှုတ်ဖျော်ဖြေခြင်း၊ အဆိုအကများနဲ့အတူ တွဲဖက်ဖျော်ဖြေခြင်း၊ တီးဝိုင်းအဖွဲ့နဲ့အတူ ဖျော်ဖြေခြင်းတို့မှာပါ အသုံးပြုလာကြပါတယ်။ ဒါ့အပြင် ဒေါင်လိုက်ခုံးဟိုစောင်းကောက်ဟာ တိုင်းရင်းသားသံစုံတီးဝိုင်းတေးဂီတအဖွဲ့နဲ့ တရုတ်ရိုးရာတေးဂီတအဖွဲ့တွေမှာ အသုံးပြုတီးခတ်တဲ့ အဖွဲ့ဝင်တူရိယာတစ်မျိုးလည်း ဖြစ်လာခဲ့ပြီး ပရိသတ်ရဲ့ နှစ်သက်မှုကို တစ်ခဲနက် ရရှိထားပါတယ်။



အလားတူ မြန်မာနိုင်ငံရဲ့ “စောင်းကောက်” ဟာဆိုရင်လည်း မြန်မာ့ရိုးရာကြိုးတပ်တူရိယာတစ်မျိုး ဖြစ်ပါတယ်။ မြန်မာ့ရိုးရာစောင်းကောက်ကို တရုတ်ဘာသာမှာ “ကွေးကိုင်းနေသော ဒေါင်လိုက်စောင်းကောက်” လို့ အဓိပ္ပာယ်ရတဲ့ “ဝမ်းချင် (弯琴 Wanqin)” လို့ ခေါ်ကြတဲ့အပြင် “ဇာမဏီငှက်ခေါင်းသဏ္ဌာန် ခုံးဟိုစောင်းကောက်” လို့လည်း ခေါ်ကြပါတယ်။ စောင်းကောက်ဟာ မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံး ရိုးရာတူရိယာဖြစ်ပြီး ၇ ရာစု၊ ၈ ရာစုလောက်ကတည်းက မြန်မာနိုင်ငံမှာ ခေတ်စားနေခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းကာလရဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အအုံတွေမှာလည်း စောင်းကောက်ပုံ ရုပ်လုံးရုပ်ကြွများကို မြင်တွေ့နိုင်ပါတယ်။ ရှေးယခင်ကတည်းက မြန်မာလူမျိုးများက စောင်းကောက်ကို အမြတ်တနိုး တန်ဖိုးထားခဲ့ကြပြီး စောင်းကောက်ကို “တူရိယာတို့ဘုရင်” လို့ တင်စားခေါ်ဝေါ်ကြပါတယ်။


ထန်မင်းဆက်ခေတ် စည်ပင်ထွန်းကားစဉ်ကာလမှာ မြန်မာ့သမိုင်းထဲက ပျူမင်းသားဦးဆောင်တဲ့ အနုပညာရှင်များအဖွဲ့က မိုင်ပေါင်းများစွာ ကွာဝေးတဲ့ မြို့တော်ချန်အန်း(Chang'an)ကို  သွားရောက်ခဲ့ရာ တရုတ်နာမည်ကျော် ကဗျာဆရာ ပိုင်ကျွီးရိ (Bai Juyi) က “ပျူတေးသံ” ဆိုတဲ့ ကဗျာလက်ရာမွန်တစ်ပုဒ်ကို ရေးစပ်သီကုံးခဲ့ပါတယ်။ အဲဒီအချိန်က ပျူအနုပညာရှင်များအဖွဲ့ တီးမှုတ်ဖျော်ဖြေခဲ့တဲ့ ဂီတတူရိယာတွေထဲမှာ မြန်မာ့ရိုးရာစောင်းကောက်လည်း ပါဝင်ပါတယ်။


မြန်မာ့ရိုးရာစောင်းကောက်မှာဆိုရင် စောင်းအိုးက လှေငယ်လေးသဏ္ဌာန်ရှိပြီး အပေါ်ဘက်ကို ကွေးကိုင်းသွားတဲ့ စောင်းကောက်လက်ရုံးကတော့ လေးကြိုးများစွာ တပ်ဆင်ထားတဲ့ အမဲလိုက် လေးတစ်ချောင်းနဲ့ ဆင်တူပါတယ်။ စောင်းကောက်မှာ အစပိုင်းက စောင်းကြိုး (၃)ကြိုးသာ ပါရှိပြီး နောက်ပိုင်း တဖြည်းဖြည်း များလာရာကနေ အခုဆိုရင် ပုံမှန်အားဖြင့် (၁၃)ကြိုးကနေ (၁၆)ကြိုးအထိ တပ်ဆင်အသုံးပြုလေ့ ရှိပါတယ်။ စောင်းကြိုးအတွက် အစပိုင်းမှာ နွယ်ကြိုးကို အသုံးပြုရာကနေ နောက်ပိုင်းကျ ပိုးကြိုးကို ပြောင်းလဲသုံးလာကြပြီး အခုလက်ရှိမှာတော့ နိုင်လွန်ကြိုးကို အသုံးပြုပါတယ်။ စောင်းကောက်လက်ရုံးမှာ ချည်ထားတဲ့ အနီရောင်ဖွဲ့ကြိုးပန်းဖွားတွေကတော့ စောင်းကြိုးအလျော့အတင်းကို ချိန်ညှိဖို့အတွက် ဖြစ်ပါတယ်။ စောင်းကောက်ရဲ့ စောင်းကိုယ်ထည်အရွယ်အစားကို အဓိကအားဖြင့် တီးခတ်မဲ့သူရဲ့ ခန္ဓာကိုယ်အပေါ် မူတည်ပြီး ပြုလုပ်ကြပါတယ်။


မြန်မာ့ရိုးရာစောင်းကောက်ဟာဆိုရင် လက်ရာသေသပ်လှပပြီး စောင်းသံ သာယာငြိမ့်ညောင်းလှတာကြောင့် ရှေးခေတ်အခါက အများအားဖြင့် နန်းတွင်းမှာ အသုံးပြုခဲ့ကြပါတယ်။ ယခုလက်ရှိမှာတော့ မြန်မာ့ရိုးရာစောင်းကောက်ကို ဂန္ထဝင်တေးသီချင်းကြီးများ တီးခတ်ရာမှာ အသုံးပြုကြပါတယ်။ တီးခတ်တဲ့အခါမှာ တီးခတ်သူက စောင်းကောက်ကို ရင်ဝယ်ပိုက်ပြီး ဘယ်ညာလက်နှစ်ဖက်ရဲ့ လက်မနဲ့ လက်ညှိုးကို သုံးပြီး စောင်းကြိုးကို တီးခတ်ရပါတယ်။ အသုံးမပြုတဲ့အချိန်တွေမှာဆိုရင် သုံးချောင်းထောက်ခြေခုံမှာ တင်ပြီး အမြင့်မှာ ထားရှိရပါတယ်။



ဓာတ်ပုံများကို အင်တာနက်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။