(၇၂)နှစ်တိုင် တွဲလက်တူယှဉ် ဆွေမျိုးပေါက်ဖော်သံယောဇဉ် တူရာတွဲယှဉ်စုံစုံလင် မြန်မာ-တရုတ် ယဉ်ကျေးမှုအသွင် (အစားအသောက်ကဏ္ဍ)
နေ့စဉ်လူနေမှုဘဝမှာ “စားဝတ်နေရေး”ကိစ္စက လူသားများရဲ့ အခြေခံအကျဆုံးအရာပဲ ဖြစ်ပါတယ်။ အဲ့ဒီထဲကမှ “စားသောက်မှု”ကတော့ ပဓာနအကျဆုံးအချက်ပါပဲ။ ဒါ့အပြင် အစားအသောက်က ယဉ်ကျေးမှု၏ အခြေခံပင် ဖြစ်သည်ဟု ယူဆနိုင်ပါတယ်။ အစားအသောက်ယဉ်ကျေးမှုဆိုတာ “အိမ်”ဆိုတဲ့ ခံစားချက်မျိုးကို ပေးစွမ်းစေပြီး လျှာဖျားထက်မှာ စားသုံးလိုက်ရပေမယ့် တကယ်တော့ နှလုံးသားထဲ နွေးထွေးစေနိုင်တဲ့အရာမျိုးပါ။ အစားအသောက်ကောင်းတွေက လူကို သာယာပျော်ရွှင်စေတယ်။ အရသာတွေ မြည်းစမ်းစားသုံးရတာကလည်း ခံစားမှုရသမွန်တွေကို ပေးစွမ်းစေနိုင်တယ်လေ။ ဒီကနေ့မှာတော့ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၂)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ “တူရာတွဲယှဉ်စုံစုံလင် မြန်မာ-တရုတ် ယဉ်ကျေးမှုအသွင်” အစီအစဉ်မှာ အစားအသောက်ကဏ္ဍတစ်ရပ်အနေဖြင့် မြန်မာနဲ့တရုတ် နှစ်နိုင်ငံလုံးမှာ တွေ့ရတဲ့ “မုန့်လုံးရေပေါ်”နဲ့ ပတ်သက်ပြီး ဘယ်လိုအစားအသောက်ယဉ်ကျေးမှုတွေ ရှိသလဲဆိုတာ ပရိသတ်တွေအတွက် မျှဝေမိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
တရုတ်ပြက္ခဒိန်အရ (၁)လပိုင်း (၁၅)ရက်နေ့ဟာ ယွမ်ရှောင်း(Yuan Xiao)ပွဲတော်လို့ ခေါ်ဝေါ်တဲ့ တရုတ်ရိုးရာမီးထွန်းပွဲတော်ဖြစ်ပြီး ယွမ်ရှောင်း(Yuan Xiao) “မုန့်လုံးရေပေါ်”ကတော့ ယင်းပွဲတော်၏ ထူးခြားချက်အရှိဆုံး ရိုးရာအစားအစာဖြစ်ကာ ကြာညောင်းရှည်လျားတဲ့ သမိုင်းကြောင်းလည်း ရှိပါတယ်။ မီးထွန်းပွဲတော်ဟာ နှစ်တစ်နှစ်တာရဲ့ ပထမဦးဆုံးသော လပြည့်ညဖြစ်ပြီး လဝန်းကြီး ပြည့်ပြည့်ဝိုင်းဝိုင်းရှိသကဲ့သို့ ယွမ်ရှောင်း(Yuan Xiao) “မုန့်လုံးရေပေါ်”နဲ့ ထန်ယွမ်(Tang Yuan) “မုန့်လုံးရေပေါ်”တွေကလည်း လုံးလုံးဝန်းဝန်းလေးဖြစ်တာကြောင့် ဤပွဲတော်ချိန်ခါမှာ “မုန့်လုံးရေပေါ်” စားသုံးခြင်းဟာ မိသားစုများ သိုက်သိုက်ဝန်းဝန်း ဆုံစည်းခြင်း၊ ပျော်ရွှင်သာယာဖွယ်ကောင်းခြင်း အနက်ကို ဆောင်ကြဉ်းပါတယ်။
ယွမ်ရှောင်း(Yuan Xiao) “မုန့်လုံးရေပေါ်”ကို “လှိမ့်ခြင်း”လို့ ပြောဆိုပြီး ထန်ယွမ်(Tang Yuan) “မုန့်လုံးရေပေါ်”ကိုတော့ “လုံးခြင်း”ဆိုပြီး ပြောဆိုကြတာဟာ ဒီ“မုန့်လုံးရေပေါ်”နှစ်မျိုးရဲ့ ပြုလုပ်ပုံပြုလုပ်နည်းတွေ မတူညီတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်းဒေသစာ ယွမ်ရှောင်း(Yuan Xiao) “မုန့်လုံးရေပေါ်”ကို အများအားဖြင့် သကြား၊ နှမ်း၊ ပဲအချိုနှပ်၊ သစ်ကျားသီး၊ သစ်သီးသစ်စေ့၊ တရုတ်ဇီးသီးအနှစ် အစရှိတာတွေနဲ့ အစာသွတ်ပြုလုပ်တတ်ကြတယ်။ အရင်ဆုံး နယ်၍ခဲထားပြီးသား အစာသွတ်များကို အတုံးသေးသေးလေး တုံးထားပါ။ ပြီးရင် အစာသွတ်အတုံးလေးတွေကို ရေနဲ့တစ်ခေါက် အရင်ဆွတ်ပြီး ဇကောထဲထည့်၊ လက်နဲ့ပဲ ဇကောကို ဘယ်ညာဝှေ့ယမ်း ရှေ့နောက်လှိမ့်သွားလှိမ့်လာ ပြုလုပ်တဲ့နည်းနဲ့ ကောက်ညှင်းမှုန့်တွေကို ဒီအစာသွတ်အလုံးလေးတွေအပေါ်မှာ လုံးထွေးကပ်ပါပြီး မုန့်လုံးလုံးဝိုင်းဝိုင်းလေးပုံစံ ဖြစ်လာတဲ့အထိကို လှိမ့်နေစေမယ်။ လှိမ့်နေရင်းနဲ့ လိုအပ်ရင်လိုအပ်သလိုလည်း ရေကို ထပ်ထပ်ဖျန်းပေးရတယ်။ ယွမ်ရှောင်း(Yuan Xiao) “မုန့်လုံးရေပေါ်”ရဲ့ ပြုလုပ်ပုံ အမျိုးမျိုးရှိပြီး မုန့်အစာသွတ်အနေနဲ့လည်း အချိုအငံ၊ သက်သက်လွတ်နဲ့ အသားအမျိုးမျိုးရှိကာ အရသာအစုံအလင် ရှိပါတယ်။ ယွမ်ရှောင်း(Yuan Xiao) “မုန့်လုံးရေပေါ်”ကို အပြုတ်၊ အကြော်၊ အပေါင်း အစရှိတဲ့ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်စားသုံးနိုင်ပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းဒေသစာ ထန်ယွမ်(Tang Yuan) “မုန့်လုံးရေပေါ်” လုပ်နည်းကတော့ အရင်ဆုံး မုန့်လုံးလုံးဖို့အတွက် ကောက်ညှင်းမှုန့်ကို ရေရောပြီး သမလာအောင် နယ်ထားရမယ်။ ပြီးရင် အစာသွတ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေအားလုံးကို ရောနှောနယ်ထားရမယ်။ ပြီးရင်တော့ နယ်ထားတဲ့ မုန့်အနှစ်ကို အရင်ဆုံး ဝိုင်းဝိုင်းလေးဖြစ်အောင် အလုံးလေးလုံး၊ အဝိုင်းပြားပုံစံရအောင် လက်နဲ့ဖိသပ်ပြီး အဲ့ဒီအဝိုင်းပြားပေါ်ကို အစာသွတ်လေး ခူးယူထည့်၊ လက်နှစ်ဖက်နဲ့ အနားသတ်လေးတွေ လိုက်သိမ်းကာ မုန့်လုံးရေပေါ် ဝိုင်းဝိုင်းလေးရအောင် လုံးပြီးပြီဆိုတာနဲ့ ရေထဲ ထည့်ပြုတ်နိုင်ပါပြီ။
တရုတ်ရိုးရာ ယွမ်ရှောင်း(Yuan Xiao) “မုန့်လုံးရေပေါ်”နဲ့ ထန်ယွမ်(Tang Yuan) “မုန့်လုံးရေပေါ်”ကို လေ့လာပြီးနောက်မှာ မြန်မာ့ရိုးရာ “မုန့်လုံးရေပေါ်” အကြောင်းကို ဆက်ပြီး လေ့လာကြည့်ကြရအောင်။
မုန့်လုံးရေပေါ်က မြန်မာ့နှစ်သစ်ကူး သင်္ကြန်အချိန်အခါရဲ့ အထင်ရှားဆုံးသော မပါမဖြစ်တဲ့ ရိုးရာအစားအစာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ မုန့်လုံးရေပေါ်လုပ်နည်းလေးကတော့ ထန်းလျက်အခဲလေးတွေကို ကောက်ညှင်းမှုန့် မုန့်လုံးထဲ ထည့်လုံးကာ ရေပွက်ပွက်ဆူနေတဲ့အိုးထဲ ထည့်ပြုတ်ရပြီး မုန့်လုံးများ ရေပေါ်ပေါ်လာတဲ့အခါ ဆယ်ယူပါ။ ပြီးရင် အုန်းသီးခြစ်ဖတ်များ အပေါ်ကနေ ဖြူးလိုက်ရင်ဖြင့် သင်္ကြန်အငွေ့အသက် တသင်းသင်းနဲ့ အရသာရှိလှတဲ့ “မုန့်လုံးရေပေါ်”ကို သုံးဆောင်နိုင်ပါပြီ။ ဒီလိုချိုမြိန်တဲ့ မုန့်လုံးရေပေါ်လေးဟာ ချိုမြိန်သော နှစ်သစ်တစ်နှစ် ဖြစ်စေရန် ဆန္ဒမွန်ပြုခြင်းပဲ ဖြစ်ပါတယ်။ သင်္ကြန်ကာလအတွင်း မြန်မာလူမျိုးများဟာ မိသားစုဝင်များ၊ ဆွေမျိုးမိတ်ဆွေ အပေါင်းအသင်းများနဲ့အတူ မုန့်လုံးရေပေါ်ကို တပျော်တပါး ဝိုင်းဖွဲ့ပြုလုပ် စားသောက်ကြသလို စေတနာ သဒ္ဓါတရား ထက်သန်တဲ့ မြန်မာလူမျိုးတွေက အိမ်နီးချင်းများကို မျှဝေပေးတတ်ကြတဲ့အပြင် စတုဒီသာ အလှူအနေနဲ့လည်း ကျွေးမွေးလှူဒါန်းကြပါတယ်။
မြန်မာနဲ့တရုတ် နှစ်နိုင်ငံတို့ရဲ့ မုန့်လုံးရေပေါ် အကြောင်းအရာများကို မိတ်ဆက်မျှဝေပြီးတဲ့အခါ ယင်းနှစ်နိုင်ငံတို့ရဲ့ အစားအသောက်ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ တူညီသော ထူးခြားချက်(၂)ရပ်ကို တွေ့မြင်နိုင်ပါတယ်။ ပထမအချက်အနေနဲ့ မိသားစုများ သိုက်ဝန်းဆုံစည်းခြင်း အနက်ကို ဆောင်ကြဉ်းပါတယ်။ “မုန့်လုံးရေပေါ်”က မိသားစုများအကြား ချစ်ခင်ရင်းနှီးမှုကို ချိတ်ဆက်ပေးနေတဲ့ နှောင်ကြိုးတစ်သွယ်ကဲ့သို့ ဖြစ်နေပြီး မိသားစုဝင်များ ဆုံစည်း၍ ပျော်ရွှင်ပြည့်စုံခြင်းဆိုတဲ့ ဆန္ဒမွန်များကို ဖော်ဆောင်နေပါတယ်။ ဒါ့အပြင် မြန်မာနဲ့တရုတ်လူမျိုးတို့ရဲ့ မိသားစုအပေါ် အလေးအနက်ထားရှိမှုကိုလည်း ထင်ဟပ်ဖော်ပြနေပါတယ်။ ဒုတိယအချက်အနေနဲ့ နှစ်နိုင်ငံလူမျိုးများအကြား သင့်မြတ်ညီညွတ်ခြင်းသဘောကို ဖော်ဆောင်ပါတယ်။ အစားအသောက်ယဉ်ကျေးမှုက မတူညီတဲ့ နေရာဒေသ၊ နိုင်ငံ၊ လူမျိုး အစရှိတဲ့အချက်တွေအပေါ် မူတည်ပြီး ကွာခြားမှုတွေ ရှိနေနိုင်ပေမယ့် ယင်း၏ အနှစ်သာရ အနက်အဓိပ္ပာယ်ကတော့ အားလုံးအတွက် တူညီနေပါတယ်။ အဲ့ဒါကတော့ စားကောင်းသောက်ဖွယ်တွေနဲ့ ပွဲတော်ကို ပျော်ပျော်ပါးပါး ဖြတ်သန်းကြတယ်။ ပွဲတော်ချိန်ခါမှာ အစားအသောက်တွေကို ကြားခံအနေနဲ့ထားရှိပြီး အနာဂတ်ဘဝမျှော်မှန်းချက်တွေကို ဖော်ညွှန်းပြသကြတာချင်းကတော့ အားလုံးရဲ့ တူညီတဲ့အချက်ပဲ ဖြစ်ပါတယ်။
ဓာတ်ပုံများကို အင်တာနက်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။