ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “၂၀၂၃ ခုနှစ် နွေရာသီဝူရှူးသင်တန်း” ဖွင့်ပွဲအခမ်းအနားအား ကျင်းပခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-03-10 10:52:04


01.jpg


တရုတ်ရိုးရာ ဝူရှူးပညာရပ်ယဉ်ကျေးမှုကို မိတ်ဆက်ဖြန့်ဝေရန်၊ မြန်မာ-တရုတ် ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးကို တိုးမြှင့်ရန်၊ နွေရာသီအားလပ်ရက်အတွင်း မြန်မာကျောင်းသားများ ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ လေ့လာနိုင်စေရန်တို့အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် FSSL (Myanmar) Services Limited တို့ ပူးပေါင်း၍ “၂၀၂၃ ခုနှစ် နွေရာသီဝူရှူးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို မတ်လ (၆) ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ပါသည်။ ယခုတစ်ခေါက် ဖွင့်လှစ်သော သင်တန်းများအထဲတွင် ဝူရှူး(ထောက်လု) နှင့် ထိုက်ကျီသိုင်းဟူ၍ (၂)မျိုး ခွဲခြားထားပြီး သင်တန်းကာလမှာ မတ်လ (၇) ရက်နေ့မှ မေလ (၃၀)ရက်နေ့အထိ ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် FSSL (Myanmar) Services Limited တို့မှ ဂုဏ်သရေရှိဧည့်သည်တော်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြဆရာများနှင့်တကွ သင်တန်းသားများ၊ တရုတ်နှင့်မြန်မာ မီဒီယာအသီးသီးမှ သတင်းထောက်များ စုစုပေါင်းလူဦးရေ (၆၀)ကျော် တက်ရောက်ခဲ့ကြသည်။



အခမ်းအနားကို စိတ်လှုပ်ရှားတက်ကြွဖွယ် “ရှောင်လင်ကွန်ဖူး” ဗီဒီယို၏ ရင်သပ်ရှုမောဖွယ် လှုပ်ရှားမှုပြကွက်မျာအကြား စတင်ဖွင့်လှစ်ခဲ့သည်။ အခမ်းအနား အစပိုင်းတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling နှင့် FSSL (Myanmar) Services Limited မှ Managing Director Mr. Wu Qing တို့မှ အမှာစကားအသီးသီး ပြောကြားခဲ့ကြသည်။


04.jpg


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling မှ “တရုတ်ရိုးရာ ဝူရှူးသိုင်းပညာဟာဆိုရင် သမိုင်းကြောင်းရှည်ကြာပြီး လူအများရဲ့ ထောက်ခံအားပေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိထားပါတယ်။ ၎င်းသိုင်းပညာက လုပ်သားပြည်သူတို့ရဲ့ ကာလရှည်ကြာလှတဲ့ လူမှုရေးရာ လက်တွေ့လုပ်ဆောင်မှုများကနေ အဆက်မပြတ် စုစည်းဖြစ်တည်လာတဲ့ အဖိုးတန် ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်ပါတယ်။ အခုတစ်ခေါက်သင်တန်းကတော့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တရားဝင်ဖွင့်လှစ်ချိန်ကစပြီး ပထမဦးဆုံး စီစဉ်ပြုလုပ်တဲ့ တရုတ်ဝူရှူးနဲ့ ထိုက်ကျီသိုင်းပညာသင်တန်း ဖြစ်ပြီး သင်တန်းသားများ တရုတ်ရိုးရာယဉ်ကျေးမှုများကို နားလည်သိရှိပြီး ကျန်းမာကြံခိုင်၍ စည်းစနစ်ကျတဲ့ လူနေမှုဘဝကို ဖန်တီးရရှိနိုင်ရန် ရည်ရွယ်ပါတယ်။” ဟု အမှာစကား ပြောကြားခဲ့သည်။


05.jpg


FSSL (Myanmar) Services Limited မှ Managing Director Mr. Wu Qing မှ “ဝူရှူးပညာရပ်ဟာ တရုတ်ရိုးရာယဉ်ကျေးမှုရဲ့ အဖိုးတန်ရတနာတစ်ပါး ဖြစ်ပါတယ်။ အကြမ်းဖက်ခံရမှုကနေ မိမိကိုယ်ကို ကာကွယ်ပေးနိုင်တဲ့ ဝူရှူးပညာရပ်ဟာဆိုရင် လူသားတို့ရဲ့ လုံခြုံရေးပြဿနာများကို ဖြေရှင်းပေးနိုင်ရုံသာမက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတို့ကိုလည်း မြှင့်တင်ပေးနိုင်ပြီး ပျော်ရွှင်မှုများကိုလည်း ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ သင်တန်းသားများအနေဖြင့် ဝူရှူးပညာရပ်ကို အမှတ်တကယ် ချစ်မြတ်နိုးပြီး မိမိကိုယ်တိုင်က စတင်လုပ်ဆောင်ကာ ဇွဲ့လုံ့လဝီရိယထားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တရုတ်ရိုးရာ ဝူရှူးပညာရပ်ကို မိတ်ဆက်ဖြန့်ဝေရန်၊ မြန်မာ-တရုတ်ယဉ်ကျေးမှုဖလှယ်ရေးကို တိုးမြှင့်ရန်နဲ့ မြန်မာ-တရုတ် ပေါက်ဖော်ချစ်ကြည်ရေး မြှင့်တင်ရန်အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။


06.jpg


သင်တန်းသားကိုယ်စားပြု မောင်မင်းသွင်ခန့် (龚照懿) မှ တရုတ်ရိုးရာ ကိုယ်ခံပညာရပ် သင်ကြားမှုအပေါ် သူ၏ ခံစားချက်များကို ဝေမျှပေးခဲ့သည်။ “အခုလို တရုတ်ရိုးရာ ကိုယ်ခံပညာသင်တန်းကို တက်ရောက်နိုင်ရန် အခွင့်အရေးပေးခဲ့ပြီး သင်တန်းသားကိုယ်စားပြုအနေနဲ့ ပြောကြားခွင့်ပေးခဲ့တဲ့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာအား အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်က တရုတ်ရိုးရာ ကိုယ်ခံပညာရပ်ကို စိတ်ဝင်စားဝါသနာပါသူ တစ်ဦးပါ။ အထူးသဖြင့် ထိုက်ကျီသိုင်းနဲ့ ဝန်ချွန်းသိုင်းပညာရပ်များကို သင်ကြားခဲ့ဖူးပါတယ်။ ကျွန်တော့်မှာ တရုတ်ရိုးရာ ကိုယ်ခံပညာရပ်ကို စနစ်တကျ သင်ယူလိုတဲ့ အိပ်မက်တစ်ခု အမြဲရှိပါတယ်။ ဒီကနေ့မှာတော့ ကျွန်တော့်ရဲ့ မျှော်လင့်ချက်အိပ်မက် အမှန်တကယ် ဖြစ်လာပါပြီ။ လာမယ့် သင်တန်းကာလ (၃)လ နီးပါးအတွင်း သင်တန်းနည်းပြဆရာရဲ့ သင်ကြားပြသပေးမှုအတိုင်း ကြိုးစားသင်ယူပြီး အတူတူသင်ယူမယ့် သင်တန်းဖော်များနဲ့လည်း အချင်းချင်းဖေးမကူညီကာ သင်တန်းပို့ချမှုများကို စနစ်တကျ လေ့လာသင်ယူ၍ အဆက်မပြတ် တိုးတက်အောင် ကြိုးစားရင်း တရုတ်ရိုးရာ ကိုယ်ခံပညာ လေ့ကျင့်ခြင်းကနေ ရရှိမယ့် ကျန်းမာခြင်းနဲ့ ပျော်ရွှင်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ရယူခံစားသွားမှာပါ။” ဟု ပြောကြားခဲ့ပါသည်။


07.jpg


သင်တန်းနည်းပြဆရာ ဦးငြိမ်းချမ်းကိုကိုနှင့် ဦးသူရစိုးတို့မှလည်း ထိုက်ကျီသိုင်းနှင့် ဝူရှူး(ထောက်လု) သိုင်းကွက်များကို အလှည့်ကျ သရုပ်ဖော်ပြသပြီး ပြောင်မြောက်လှသည့် တရုတ်ရိုးရာ သိုင်းပညာစွမ်းရည်များကို တင်ဆက်ပြသပေးခဲ့သည်။ FSG (Myanmar) Security Services Co.Ltd, မှ ဒုတိယ Managing Director Mr. He Lei မှ နံချပ်ကူနှင့် သိုင်းကွက်အလှများကို ပြသပေးခဲ့ပြီး ပွဲလာပရိတ်သတ်များမှ ကြိုက်နှစ်သက်အားပေးခဲ့ကြသည်။



ဖွင့်ပွဲအခမ်းအနားတွင် နာမည်ကျော်ရုပ်ရှင်မင်းသား Jackie Chan မှ အဓိက ပါဝင်သရုပ်ဆောင်ထားသည့် မြန်မာနောက်ခံစကားပြော “Kung Fu Yoga” ကွန်ဖူးအက်ရှင်ဟာသ ရုပ်ရှင်ဇာတ်ကားကို ပြသပေးခဲ့သည်။ သင်တန်းသားများသည် သရုပ်ဆောင်များ၏ ပီပြင်ပြောင်မြောက်လှသော သိုင်းကွက်ပြသမှုများကို ကြည့်ရှုရင်း တရုတ်ကိုယ်ခံပညာသိုင်း၏ အလှရသများကို တွေ့မြင်ခံစားခဲ့ကြသည်။



ထို့နောက် ဧည့်ပရိသတ်များမှ “ယုန်နှစ်မင်္ဂလာ - တရုတ်(၁၂)ရာသီခွင်ယဉ်ကျေးမှုပြပွဲ” ကို ကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့အပြင် စင်တာစာကြည့်တိုက်ကိုလည်း ဝင်ရောက်လေ့လာခဲ့ကြပြီး တရုတ်ယဉ်ကျေးမှုဆိုင်ရာ စာအုပ်စာပေများကို လွတ်လပ်စွာ ဖတ်ရှုလေ့လာခဲ့ကြ၍ စာကြည့်တိုက်အသင်းဝင်ကတ်များ ပြုလုပ်ခဲ့ကြပါသည်။


13.jpg


ဖွင့်ပွဲအခမ်းအနားပြီးဆုံးချိန်တွင် စင်တာမှ ဧည့်ပရိသတ်များအတွက် လွတ်လပ်စွာ ကြည့်ရှုလေ့လာခြင်းနှင့် တရုတ်ရိုးရာမုန့်များ မြည်းစမ်းသုံးဆောင်ခြင်း အစရှိသည့် အစီအစဉ်များကိုလည်း အထူးတလည် စီစဉ်ပြုလုပ်ပေးခဲ့သည်။ ပွဲလာဧည့်ပရိသတ်များသည် ဖက်ထုပ်၊ ကော်ပြန့်၊ မုန့်လုံးရေပေါ် အစရှိသည့် တရုတ်ရိုးရာ မုန့်ပဲသရေစာများကို မြည်းစမ်းသုံးဆောင်ခြင်းမှတစ်ဆင့် တရုတ်အစားအသောက်ယဉ်ကျေးမှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ကြပါသည်။



ဆင်ဟွာသတင်းဌာန၊ China Media Group ၊ People’s Daily ၊ Guangming Daily ၊ မင်္ဂလာမဂ္ဂဇင်း၊ MRTV ၊ ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း၊ ရွှေဇာမဏီသတင်းစာတိုက် စသဖြင့် သတင်းမီဒီယာဌာနများမှ သတင်းထောက် (၁၀) ဦးကျော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပွဲအကြောင်းအရာများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။