Visiting China Onine - "ပိုးလမ်းမ" ဓာတ်ပုံပြပွဲ (အပိုင်း ၅ - အတွင်းမွန်ဂိုလီးယား)
ဓာတ်ပုံများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားသည်။
“ပိုးလမ်းမ”သည် ဘီစီ ၂ ရာစုမှ အေဒီ ၁၆ ရာစုအတွင်း ရှေးခေတ်ကာလ၌ အာရှနှင့်ဥရောပ ကုန်းမြေဒေသများအကြား ပိုးထည်ဖြင့် အကြီးစားကုန်သွယ်မှုပြုသော၊ ခရီးဝေးကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ဆက်ဆံရေးများကို ဖော်ဆောင်လုပ်ကိုင်သော သယ်ယူပို့ဆောင်ရေး အသက်သွေးကြောမပင်ဖြစ်သည်။ အရှေ့တိုင်းနှင့် အနောက်တိုင်း လူမှုယဉ်ကျေးမှုနှင့် ယဉ်ကျေးမှုတို့၏ ပေါင်းစပ်မှု၊ ဖလှယ်ဆက်ဆံမှုနှင့် အပြန်အလှန် ဆက်သွယ်မှုဆိုင်ရာ လမ်းကြောင်းဖြစ်ပေသည်။ ၎င်းလမ်းမကြီးသည် တရုတ်နိုင်ငံ ရှီးအန်း (Xi’an) (ဟန်ခေတ်ကာလတွင် ချန်အန်း Chang’an ဟု ခေါ်တွင်သည်) မှ အစချီပြီး အာရှအလယ်ပိုင်းကို ဖြတ်သန်း၍ အနောက်ဘက်သို့ ဦးတည်ကာ မြေထဲပင်လယ်ဒေသအထိ၊ တောင်ဘက်သို့ ဆန့်တန်းကာ တောင်အာရှတိုက်ငယ်အထိ ရောက်ရှိပြီး ယူရေးရှားဒေသကို ကန့်လန့်ဖြတ်အနေအထားဖြင့် အရှေ့မှအနောက်သို့ ကီလိုမီတာ ၁၀၀၀၀ ခန့် အရှည်၊ တောင်မှမြောက်သို့ ကီလိုမီတာ ၃၀၀၀ ခန့် အကျယ်ရှိသည့် ဧရိယာနယ်ပယ်အတွင်းတွင် ဖြန့်ကြက်တည်ရှိသည်။ ယင်းသည် လူသားမျိုးနွယ် သမိုင်းကြောင်းတွင် အပြန်အလှန် ဖလှယ်ဆက်ဆံမှု အကြောင်းအရာ အကြွယ်ဝဆုံးနှင့် သယ်ယူပို့ဆောင်ရေး အများပြားဆုံး၊ အကျယ်ပြန့်ဆုံးဖြစ်သော တိုက်ဒေသအကြား ယဉ်ကျေးမှုလမ်းကြောင်းကြီးဖြစ်သည်။
ယခုအကြိမ် “ပိုးလမ်းမ” ဓာတ်ပုံပြပွဲသည် ပိုးလမ်းမယဉ်ကျေးမှုအား တိုးတက်ထွန်းကားစေရေး၊ ယဉ်ကျေးမှုသမိုင်းဝင်နေရာများအား ထင်ပေါ်စေရေးတို့ကို အဓိကအကြောင်းအရာအဖြစ်ထားကာ ရှုခင်းအလှ၊ လူမှုယဉ်ကျေးမှုအလှနှင့် ဗိသုကာအလှ စသည့် ခေါင်းစဉ်အကြောင်းအရာများကို ဝန်းရံတင်ဆက်ထားသည်။ သဲကန္တာရဒေသမှ မြက်ခင်းလွင်ပြင်များအထိ၊ လှည့်လည်သွားလာနေထိုင်ခြင်းမှ ဗုဒ္ဓဘာသာ အကြောင်းအရာများအထိ၊ စီးပွားရေးမှ ယဉ်ကျေးမှုအထိ၊ “ပိုးလမ်းမ” ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ပေါင်းစပ်ထည့်သွင်းကာ ယဉ်ကျေးမှုအမွေအနှစ် အလှတရား၊ ပိုးလမ်းမ အလှတရား၊ သဟဇာတရှိစွာ ပေါင်းစပ်နေမှု အလှတရားတို့ကို အပြည့်အဝ ထင်ဟပ်ဖော်ပြထားပြီး သင့်အား ရှေးဟောင်း“ပိုးလမ်းမ”၏ ယနေ့ခေတ်အချိန်တွင် အသက်ဝင်နေမှုများကို အမှန်တကယ် ခံစားရစေမည်ဖြစ်ပါသည်။