နိုင်ငံခြားသားက လိုက်လံပြသသည့် သင်မသိသေးသော တရုတ်နိုင်ငံ ယူနန် - လိကျန်း(Lijiang)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-09-14 17:35:54


ဗီဒီယိုနှင့်ဓာတ်ပုံတို့ကို  ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။



တရုတ်နိုင်ငံတွင် မည်သည့်နေရာကမှ ယူနန်ပြည်နယ်ကဲ့သို့ အသွင်သဏ္ဌာန် စုံစုံလင်လင်ရှိသည့် တစ်ချိန်တည်းတွင်ပင် ကိုယ်ပိုင်ပင်ကိုဟန်များကို ထိန်းသိမ်းထားရှိနိုင်လိမ့်မည် မဟုတ်ပေ။ ဤဗီဒီယိုသည် များစွာသော စိတ်ဝင်စားဖွယ်ပုံပြင်များမှတစ်ဆင့် ယူနန်ပြည်နယ်၏ အမျိုးမျိုးကွဲပြားသော ဆွဲဆောင်မှုများကို စူးစမ်းလေ့လာ ဝေမျှခံစားစေမည် ဖြစ်ပါသည်။



လိကျန်း(Lijiang) သည် “လိကျန်းရှေးဟောင်းမြို့” ၊ “မြစ်သုံးစင်းအပြိုင်စီးဆင်းရာ” ၊  “တုန်းပါး(Dongba) ရှေးစာပေ” စသည်များကြောင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ “ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်မာတိကာ”၊ “ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း” နှင့် “ကမ္ဘာ့အမှတ်တရစာရင်းမှတ်တမ်း” တို့တွင် စာရင်းဝင်ခဲ့ရာမှ “အမွေအနှစ်သုံးခု” စုစည်းရာမြေ ဖြစ်လာခဲ့ပါသည်။ 



ယနေ့ထိတိုင် နှစ်ပေါင်း (၈၀၀)ကျော် သမိုင်းရှိသည့် လိကျန်း(Lijiang)ရှေးဟောင်းမြို့သည် “ကုန်းပြင်မြင့်ရေမြေဌာနေ” ဟူသော ဂုဏ်ပုဒ်ရှိပြီး “စိမ်းလဲ့လဲ့ရေပြင်က ရှေးဟောင်းမြို့အား ပတ်ဝိုင်းထားခြင်း” မှာ လိကျန်း(Lijiang) ၏ အဓိက ထူးခြားချက်တစ်ချက် ဖြစ်သည်။ လိကျန်း(Lijiang)ရှေးဟောင်းမြို့သည် ရှေးဆန်၍ သဘာဝကျသည်။ မြို့တည်ဆောက်မှုမှာ တပြန့်တကျဲနှင့် ညီညာမှု မရှိသော်လည်း ကြည့်ကောင်းသည်။ တောင်ပေါ်မြို့၏ မြေအသွင်သဏ္ဌာန်အပြင် ရေဒေသ၏ အငွေ့အသက်လည်း ကြွယ်ဝစွာ ရှိပြီး ရှေးယခင်ကတည်းကပင် တရုတ်နိုင်ငံတောင်ပိုင်း၏ “ပိုးလမ်းမကြီး” နှင့် “လက်ဖက်ရည်-မြင်းလမ်းမကြီး” တို့၏ ကြားခံကူးပြောင်းဂိတ် ဖြစ်သည်။



“မြစ်သုံးစင်းအပြိုင်စီးဆင်းရာ” ဟူသည်မှာ ချင်းဟိုင်(Qinghai) - တိဗက် ကုန်းပြင်မြင့်မှ အတူတူ မြစ်ဖျားခံလာသည့် နု(Nu)မြစ်၊ လန်ချန်း(Lancang)မြစ်၊ ကျင်းဆား(Jinsha)မြစ် စသည့် မြစ်သုံးစင်းတို့သည် ယူနန် ဟန်တွမ့်တောင်တန်း (The Hengduan Mountains) ၏ မြင့်မားမတ်စောက်သည့် ဒေါင်လိုက်ဖြတ်ချိုင့်ဝှမ်းတွင် မြောက်မှတောင်သို့ ခန့်မှန်းခြေ ကီလိုမီတာ (၁၇၀)ကျော် အပြိုင်ယှဉ်တွဲစီးဆင်းခြင်းကြောင့် ဤကဲ့သို့ အမည်တွင်ခြင်း ဖြစ်သည်။ 



နာ့ရှီးတုန်းပါး(Nakhi Dongba) ရှေးစာပေသည် တုန်းပါး(Dongba)ဘာသာဝင် ဘုန်းတော်ကြီးက ဘာသာရေးပွဲများ၌ သီဆို (သို့မဟုတ်) ရွတ်ဖတ်သည့် အကြောင်းအရာများကို မှတ်တမ်းတင် ရေးမှတ်ထားပြီး အရာခပ်သိမ်းတို့ စတင်ရာ ယုံတမ်းဒဏ္ဍာရီများ၊ နာ့ရှီး(Nakhi)လူမှုအဖွဲ့အစည်း၏ ကုန်ထုတ်လုပ်ခြင်းဆိုင်ရာ ဘဝနေထိုင်မှုပုံစံများ၊ လူသားနှင့် သဘာဝတရားတို့ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်သည့် ယုံကြည်ချက်သဘောထားများ ပါဝင်ပါသည်။