ခေတ်သစ်ကမ္ဘာ့အမွေအနှစ် ချွမ်ကျိုးမြို့ - စုန့်၊ ယွမ်ခေတ်တရုတ်နိုင်ငံ၏ ကမ္ဘာ့သမုဒ္ဒရာကုန်သွယ်ရေးစင်တာ
ဗီဒီယိုကို ချွမ်ကျိုးမြို့ စုန့်၊ ယွမ်ခေတ်တရုတ်နိုင်ငံ၏ ကမ္ဘာ့သမုဒ္ဒရာကုန်သွယ်ရေးစင်တာမှ ပံ့ပိုးကူညီထားပါသည်။
ဓာတ်ပုံများကို ဖူကျန့်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
ဇူလိုင်လ (၂၅)ရက်နေ့တွင် “ချွမ်ကျိုး(Quanzhou)မြို့ - စုန့်၊ ယွမ်ခေတ်တရုတ်နိုင်ငံ၏ ကမ္ဘာ့သမုဒ္ဒရာကုန်သွယ်ရေးစင်တာ”သည် (၄၄)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ အကဲဖြတ်မှုကို အဆင်ပြေပြေ ကျော်ဖြတ်ကာ “ကမ္ဘာ့အမွေအနှစ်စာရင်းမှတ်တမ်း”ထဲတွင် အောင်မြင်စွာ ထည့်သွင်းခြင်းခံခဲ့ရပြီး တရုတ်နိုင်ငံ၏ (၅၆)ခုမြောက် ကမ္ဘာ့အမွေအနှစ် ဖြစ်လာခဲ့ပါသည်။
ချွမ်ကျိုး(Quanzhou)မြို့သည် ဖူကျန့်(Fujian)ပြည်နယ်၏ အရှေ့တောင်ဘက် ကမ်းရိုးတန်းတွင် တည်ရှိပြီး သမိုင်းကြောင်းရှည်ကြာသော မြို့တစ်မြို့ ဖြစ်ပါသည်။ ချွမ်ကျိုး(Quanzhou)မြို့သည် နိုင်ငံတော်ကောင်စီမှ ပထမအသုတ်အနေဖြင့် ထုတ်ပြန်ကြေညာခဲ့သော တရုတ်တစ်နိုင်ငံလုံးရှိ သမိုင်းဝင်ယဉ်ကျေးမှုအထင်ကရမြို့ (၂၄)မြို့အနက်မှ တစ်မြို့ဖြစ်ကာ ရှေးဟောင်း “ပင်လယ်ရေကြောင်းပိုးလမ်းမ”၏ အစပြုရာနေရာလည်း ဖြစ်ပြီး “အရှေ့တိုင်း၏ အကြီးဆုံး ဆိပ်ကမ်း”ဟူ၍ နာမည်ဂုဏ်သတင်း ကျော်စောသည်။
ချွမ်ကျိုး(Quanzhou)မြို့သည် စုန့်၊ ယွမ်ခေတ်တရုတ်နိုင်ငံနှင့် ကမ္ဘာကြီးအကြား အပြန်အလှန် ပြောဆိုဆက်သွယ်သည့် ပြတင်းပေါက်တစ်ချပ်အနေဖြင့် ၁၀ ရာစုနှစ် မှ ၁၄ ရာစုနှစ်အတွင်း တဖြည်းဖြည်း ဖွံ့ဖြိုး၍ စည်ပင်သာယာဝပြောလာခဲ့ပြီး အရှေ့အာရှနှင့် အရှေ့တောင်အာရှ ကုန်သွယ်ရေးကွန်ယက်၏ ပင်လယ်ပြင်ဗဟိုချက် ဖြစ်လာခဲ့ကာ တရုတ်နိုင်ငံ၏ ပြီးပြည့်စုံသော ပင်လယ်သမုဒ္ဒရာ ရေကြောင်းကုန်သွယ်ရေးစနစ်၊ ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးအဆင့်အတန်းနှင့် များပြားစုံလင်စွာ စုစည်းတည်ရှိသော ယဉ်ကျေးမှုသဘောထားများကို ဖော်ထုတ်ပြသပေးခဲ့ပါသည်။