DAY2 :တရုတ်နိုင်ငံသို့ရောက်လျှင် ဘယ်လိုငွေပေးချေမလဲ။ စိတ်မပူပါနဲ့။ ဤလမ်းညွှန်ချက်ကိုသာ သိမ်းဆည်းထားလိုက်ပါ။
၂၀၂၆ ခုနှစ် မေလ ၁၉ ရက်နေ့သည် (၁၆) ကြိမ်မြောက် "တရုတ်ခရီးသွားနေ့" ဖြစ်ပါသည်။ ဤရက်ပိုင်းများတွင် တရုတ်နိုင်ငံသို့ ခရီသွားလည်ပတ်ရာတွင် ကြုံတွေ့ရမည့် "လက်တွေ့ကျသော" ကိစ္စရပ်များဖြစ်သည့် ငွေပေးချေခြင်း၊ သယ်ယူပို့ဆောင်ရေး၊ စားကောင်းသောက်ဖွယ်များ စသည့် အကြောင်းအရာများကို သင့်အား ပြောပြလိုပါတယ်။ ယနေ့တွင် လက်တွေ့အကျဆုံး မေးခွန်းတစ်ခုဖြစ်သည့် "တရုတ်နိုင်ငံသို့ရောက်လျှင် ဘယ်လိုငွေပေးချေမလဲ။" ဆိုသော အကြောင်းအရာကို ဦးစွာ ပြောပြပေးသွားပါမယ်။
သင်သည် ပေကျင်းမြို့၏ ညဈေးတစ်ခုတွင် မွှေးကြိုင်လှသော အသားကင်ဗန်း တစ်ဗန်းကို မြင်လိုက်ရသည်။ ဈေးရောင်းသူက "စကင်ဖတ်မလား ဒါမှမဟုတ် ငွေသားနဲ့ ပေးမလား" ဟု ပြုံး၍ မေးနေသည်ကို သင်စိတ်ကူးကြည့်လိုက်ပါ။ သင်သည် ပိုက်ဆံအိတ်ကို ထုတ်ပြီး ရှာဖွေလိုက်သောအခါ တရုတ်ယွမ်ငွေ မပါလာခဲ့လျှင်လည်း ထိတ်လန့်မသွားပါနှင့်။ ဤလမ်းညွှန်ချက်သည် သင့်အတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်ပါတယ်။
၁။ တရုတ်နိုင်ငံမှာ လူတွေ ဘယ်လိုငွေပေးချေနေကြသလဲ။
တရုတ်နိုင်ငံမှာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ အခြေအနေတစ်ခုရှိပါတယ်။ လူအများအပြားဟာ ပိုက်ဆံအိတ်မပါဘဲ အိမ်ပြင်သို့ ထွက်ကြပါတယ်။ နို့လက်ဖက်ရည်တစ်ခွက်ဝယ်ရင် စကင်ဖတ်တယ်။ မြေအောက်ရထားစီးရင် စကင်ဖတ်တယ်။ လမ်းဘေးမှာ ကန်စွန်းဥကင် တစ်လုံးဝယ်ရင်လည်း စကင်ဖတ်လိုက်ကြတာပဲ။
တရုတ်နိုင်ငံသည် "စကင်ဖတ်သည့်ခေတ်" သို့ရောက်ရှိနေပါပြီ။ စာရင်းများအရ တရုတ်နိုင်ငံ၏ မိုဘိုင်းငွေပေးချေမှု အသုံးပြုနှုန်းမှာ ၈၅ ရာခိုင်နှုန်း ကျော်ရှိပြီး ကမ္ဘာပေါ်တွင် မိုဘိုင်းငွေပေးချေမှု အဖွံ့ဖြိုးဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ပါသည်။
ဒါကြောင့် သင်သည် တရုတ်နိုင်ငံတွင် ဒေသခံများကဲ့သို့ သွားလာလိုပါက "စကင်ဖတ်ခြင်း" ကို ပထမဆုံး သင်ယူရပါမယ်။

၂။ နိုင်ငံခြားခရီးသွားများလည်း Alipay နှင့် WeChat ကို အသုံးပြုနိုင်ပါသည်။
ယခင်က Alipay နှင့် WeChat Pay သည် တရုတ်နိုင်ငံသားများသာ အသုံးပြုနိုင်ပါတယ်။ သို့သော် မကြာသေးမီနှစ်များအတွင်းတွင် မူဝါဒများ ဖြေလျှော့ပေးလာပါပြီ။ ယခုအခါ နိုင်ငံခြားခရီးသွားများလည်း Alipay နှင့် WeChat Pay ကို အသုံးပြုလာနိုင်ပါပြီ။ အသုံးပြုနည်းမှာ အလွန်ရိုးရှင်းပါတယ်။

၁။ ဖုန်းထဲတွင် Alipay (သို့) WeChat အက်ပ်(App) ကို ဒေါင်းလုဒ်လုပ်ပါ။
၂။ နိုင်ငံကူးလက်မှတ်အချက်အလက်ကို သုံး၍ အကောင့်ဖွင့်ပါ။
၃။ သင်၏ Visa၊ Mastercard စသည့် နိုင်ငံတကာကတ်များဖြင့် ချိတ်ဆက်ပါ။
၄။ ကိုယ်ရေးအထောက်အထားအချက်အလက်များ အတည်ပြုပြီးနောက် စတင် အသုံးပြုနိုင်ပါပြီ။


ဈေးဝယ်စင်တာကြီးများမှသည် လမ်းဘေးဈေးဆိုင်များအထိ၊ ဟိုတယ်များမှသည် တက္ကစီများအထိ၊ ခရီးသွားနေရာဝင်ကြေးလက်မှတ်မှသည် အစားအသောက်မှာယူခြင်းအထိ "Alipay" သို့မဟုတ် "WeChat Pay" ၏ QRကုဒ်ကို မြင်ရုံနှင့် စကင်ဖတ်၍ ပေးချေနိုင်ပါတယ်။
အကြံပြုချက်- အချို့သော အတည်ပြုခြင်းအဆင့်များတွင် အမည်ရင်းဖြင့် အတည်ပြုရန် လိုအပ်နိုင်ပါသည်။ နိုင်ငံကူးလက်မှတ်အချက်အလက်ဓာတ်ပုံကို ကြိုတင်ပြင်ဆင်ထားပါက ပိုမိုအဆင်ပြေပါလိမ့်မည်။
၃။ ဖုန်းမရှိဘူးလား။ ငွေသားလည်း အသုံးဝင်ပါတယ်။
ငါ့မှာ စမတ်ဖုန်းမရှိဘူး။ ဒါမှမဟုတ် ဘဏ်ကတ်များဖြင့် မချိတ်ဆက်ချင်ဘူး ဟု တစ်စုံတစ်ယောက်က ပြောကောင်းပြောနိုင်ပါတယ်။ ကိစ္စမရှိပါဘူး။ တရုတ်နိုင်ငံတွင် ငွေသားသည် တရားဝင်ငွေပေးချေမှုနည်းလမ်းတစ်ခုအဖြစ် အသုံးပြုနေဆဲပါ။ တရုတ်ယွမ်ငွေဖြစ်သော ငွေစက္ကူနှင့် အကြွေစေ့ဒင်္ဂါးများကို မည်သည့်ဈေးဆိုင်၊ စားသောက်ဆိုင်၊ ခရီးသွားနေရာတွင်မဆို အသုံးပြုနိုင်ပါတယ်။
အချို့သော လမ်းဘေးဈေးဆိုင်များတွင် ပြန်အမ်းရန် အကြွေများ မရှိနိုင်သည်ကို သတိပြုပါ။ ဒါကြောင့် တန်ဖိုးငယ်သော ငွေအကြွေစက္ကူများ (၁၀ ယွမ်၊ ၂၀ ယွမ်၊ ၅၀ ယွမ်) တို့ကို ကြိုတင်ပြင်ဆင်ထားပါက ပိုမိုအဆင်ပြေပါလိမ့်မယ်။

ငွေလဲလှယ်ရန် အကြံပြုချက်
မြန်မာနိုင်ငံအတွင်း၌ပင် တရုတ်ယွမ်ငွေကို ကြိုတင်လဲလှယ်ထားရန် အကြံပြုအပ်ပါတယ်။ သင်သည် ဒေသခံဘဏ်များ သို့မဟုတ် တရားဝင် ငွေလဲလှယ်ရေးဌာနများ (Money Exchange) တွင် လဲလှယ်နိုင်ပါတယ်။ သို့မဟုတ် အမေရိကန်ဒေါ်လာကို ကိုင်ဆောင်ကာ တရုတ်နိုင်ငံရောက်မှ တရုတ်ငွေအဖြစ် ပြန်လဲလှယ်နိုင်ပါတယ်။ တရုတ်နိုင်ငံ လေဆိပ်များရှိ နိုင်ငံခြားငွေလဲလှယ်ရေးဌာနများသည် အများအားဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုစသည့် အဓိကငွေကြေးများကိုသာ လက်ခံပြီး မြန်မာကျပ်ငွေကို တိုက်ရိုက်မလဲလှယ်နိုင်ပါ။ ထို့ကြောင့် ကြိုတင်ပြင်ဆင်ထားခြင်းက ပိုမိုစိတ်ချရပါတယ်။

၄။ အကြွေးဝယ်ကတ် (Credit Card) သုံးလို့ရပါသလား။
အဆင့်မြင့်ဟိုတယ်အချို့၊ ဈေးဝယ်စင်တာကြီးများ၊ နိုင်ငံတကာစားသောက်ဆိုင်ခွဲများတွင် Visa နှင့် Mastercard ကတ်ကိုသုံး၍ ပေးချေနိုင်ပါတယ်။ သို့သော် သာမန်ဆိုင်ငယ်များ၊ လမ်းဘေးဈေးဆိုင်များ၊ တက္ကစီများသည် အခြေခံအားဖြင့် စကင်ဖတ်ခြင်း သို့မဟုတ် ငွေသားကိုသာ လက်ခံပါတယ်။ ဒါကြောင့် သင်က အကြွေးဝယ်ကတ် (Credit Card) တစ်ခုတည်းသာ ယူဆောင်သွားပါက "သုံးလို့မရဘူး" ဆိုသည့် အခြေအနေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ အကြွေးဝယ်ကတ် (Credit Card) + ငွေသား + စကင်ဖတ်ခြင်း - ထိုသုံးမျိုးလုံးကို သုံးပါက လုံခြုံစိတ်ချရဆုံးဖြစ်တာကြောင့် အကုန်ပေါင်းသုံးရန် အကြုံအပ်ပါတယ်။
၅။ မြန်မာမိတ်ဆွေတစ်ဦး၏ ဖြစ်ရပ်မှန်ဇာတ်လမ်း
မနှစ်က မြန်မာမိတ်ဆွေတစ်ဦးသည် ပထမဆုံး ကူမင်းမြို့သို့ ခရီးသွားခဲ့ပါသည်။ သူသည် လမ်းဘေးတွင် မွှေးကြိုင်လှသော ယူနန်ဆန်မုန့်လိပ်ကို ကင်ရောင်းနေသည့် ဈေးဆိုင်ကို မြင်လိုက်ရပြီး အလွန်စားကြည့်ချင်သွားသည်။ သို့သော် သူ့မှာ ငွေသား မပါပါ၊ စကင်ဖတ်၍ ရမရကိုလည်း မသေချာပေ။ ဆိုင်ရှင်အဒေါ်က "ဒါကို စကင်ဖတ်လိုက်ရုံပါပဲ" ဟု ပြုံးလျက် ပြောသည်။
သူသည် ဖုန်းကိုထုတ်ကာ Alipay ကိုဖွင့်ပြီး QR ကုဒ်ကို စကင်ဖတ်ကာ ၁၂ ယွမ် ထည့်သွင်းလိုက်ရာ ငွေပေးချေမှု အောင်မြင်သွားလေသည်။ "အဲ့ဒီအချိန်မှာ ငါက ဒီမြို့နဲ့ ရုတ်တရက် အရမ်းရင်းနှီးသွားသလို ခံစားလိုက်ရတယ်။" ဟု သူကပြောလေသည်။

နောက်ဆုံး အကြံပြုချက်များ
ခရီးမထွက်မီ ဖုန်းထဲတွင် Alipay သို့မဟုတ် WeChat ကို ထည့်သွင်းပြီး ဘဏ်ကတ်ကို ကြိုတင်ချိတ်ဆက်ထားပါက တရုတ်နိုင်ငံရောက်သည်နှင့် ချက်ချင်းသုံးနိုင်ပါသည်။
ငွေသားအနည်းငယ် (တရုတ်ယွမ်ငွေ ၅၀၀ မှ ၁၀၀၀ ခန့်) ကို အရေးပေါ်လိုအပ်မှုအတွက် ကြိုတင်ပြင်ဆင်ထားပါ။
ပမာဏနည်းသော အသုံးပြုမှုများအတွက် QRကုဒ်ကို စကင်ဖတ် ငွေပေးချေခြင်းဖြင့်သော်လည်းကောင်း၊ ပမာဏများသော အသုံးပြုမှုများအတွက် အကြွေးဝယ်ကတ် (Credit Card) ကို အသုံးပြု၍သော်လည်းကောင်း ငွေပေးချေပါ။၊ ငွေသားကို အရံအဖြစ် ထားရှိပါ။
"မသုံးတတ်" မှာကို သင်စိုးရိမ်မနေပါနဲ့။ တရုတ်နိုင်ငံ၏ နေရာအတော်များများရှိ လူများသည် အလွန်စေတနာထားတတ်ကြပြီး သင်တို့ကို သင်ပေးရန် ဆန္ဒရှိနေကြပါတယ်။
“တရုတ်ခရီးသွားနေ့” သည် နေ့ရက်တစ်ရက်မျှသာ မဟုတ်ဘဲ ဖိတ်ခေါ်ခြင်းတစ်ခုလည်း ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် "ဘယ်လို ငွေဘယ်လိုပေးချေမလဲ" ဆိုသည့်အကြောင်းအရာမှ စတင်ကာ သင်၏ ခရီးစဉ်အတွင်းကြုံတွေ့ရမယ့် စိုးရိမ်မှုများကို ဖယ်ရှားပေးချင်ပါတယ်။
"တရုတ်နိုင်ငံသို့ရောက်လျှင် ဘယ်လိုသွားလာရမလဲ" အကြောင်းအရာကို နောက်အပိုင်းမှာ ကျွန်ုပ်တို့ ပြောပြပေးသွားမှာမို့ ဆက်လက်စောင့်မျှော်ပေးကြပါနော်။
