မေလ ၁၉ရက် "တရုတ်ခရီးသွားနေ့" - တရုတ်နိုင်ငံမှ ရိုးသားနွေးထွေးစွာဖြင့် ဖိတ်ခေါ်ခြင်း

မေလ ၁၉ ရက်နေ့သည် တရုတ်နိုင်ငံ၏ "ခရီးသွားနေ့" ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် အဘယ်ကြောင့် ထိုနေ့ကို ခရီးသွားနေ့အဖြစ် အထူးသတ်မှတ်ခဲ့သည်ကို သင်သိချင်ပါသလား။ ဤအကြောင်းအရာ၏နောက်ကွယ်တွင် လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ ကျော်က "ခရီးသွားစူးစမ်းလေ့လာသူ" တစ်ဦးနှင့် ဆက်စပ်နေခဲ့ပါသည်။ ထိုသူမှာ ရွှီရှားခေါ့ ဖြစ်ပါသည်။
ရွှီရှားခေါ့ (၁၅၈၇-၁၆၄၁) ၏ အမည်မှာ ဟုန်ကျူကျန်ကျီ ဖြစ်သည်။ ရှားခေါ့ ဟုလည်း အမည်တွင်ပြီး ကျန်းစူးပြည်နယ် ကျန်ယင်မြို့မှ ဖြစ်သည်။ ငယ်ရွယ်စဉ်ကတည်းက ပထဝီဝင်နှင့် ခရီးသွားမှတ်တမ်းများကို အလွန်နှစ်သက်ခဲ့သည်။ သူသည် အရာရှိစာမေးပွဲ ဝင်ရောက်ဖြေဆိုသည့်လမ်းကို မလျှောက်ဘဲ "ယောက်ျားကောင်း၊ ယောက်ျားမြတ်ဆိုသည်မှာ နံနက်ခင်းတွင် အပြာရောင်ပင်လယ်ပြင်ကိုကြည့်ရှုပြီး ညနေခင်းတွင် တောင်ညိုရောင်တောင်ကို မြင်သင့်သည်။" ဟူသော ရည်မှန်းချက်ကြီးကိုချမှတ်ကာ မိမိ၏ခြေထောက်နှစ်ဖက်ဖြင့် မြစ်ချောင်းတောင်တန်းများဆီသို့ သွားရောက်ခဲ့လေသည်။ အသက် ၂၂ နှစ်တွင် စတင်ထွက်ခွာခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော်အတွင်း ယနေ့ခေတ် တရုတ်နိုင်ငံ၏ ပြည်နယ်၊ စီရင်စုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေါင်း ၂၁ ခုသို့ လည်ပတ်ခြေချခဲ့သည်။ သူသည် ချောက်ကမ်းပါးများကို ဖြတ်ကျော်ခြင်း၊ ရေစီးသန်သောမြစ်များကို ဖြတ်သန်းခြင်း၊ လိုဏ်ဂူများတွင် ညအိပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အကြိမ်ကြိမ် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ ဟူနန်ပြည်နယ် ရှန်ကျန်းမြစ်တွင် ဓားပြများနှင့်တွေ့ကာ ခရီးဆောင်အိတ်များ အားလုံးဆုံးရှုံးခဲ့ရသည်။ ကွမ်ရှီးပြည်နယ်တွင် ချောက်ကမ်းပါးမှ ချော်ကျကာ အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည်။ သို့သော် သူသည် မည်သည့်အခါမျှ ရပ်တန့်ခြင်းမရှိခဲ့ပေ။
သူ၏ခရီးစဉ်များသည် အဆင့်အတန်း၊ ဂုဏ်ကျေးဇူးနှင့် စည်းစိမ်ဥစ္စာများအတွက် မဟုတ်ဘဲ ကုန်းမြေနှင့် တောင်တန်းများအပေါ်ထားရှိသည့် စိတ်ရင်းမေတ္တာမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ သူသည် မိမိတစ်သက်တာ၏ မြင်တွေ့ကြားသိခဲ့ရသည့် အတွေးအခေါ်များကို စုစည်းကာ "ရွှီရှားခေါ့ ခရီးသွားမှတ်တမ်း"ကို စာလုံးရေ ၆၀၀,၀၀၀ ကျော်ဖြင့် ရေးသားခဲ့သည်။ ၎င်းစာအုပ်သည် တရုတ်ပထဝီဝင်ပညာ၏ အခြေခံအုတ်မြစ်ကျမ်းတစ်စောင်သာမက စာပေသမိုင်းတွင် ပျောက်ပျက်မသွားမည့် ဂန္ထဝင်တစ်ခုလည်းဖြစ်သည်။ တရုတ်နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် "ရွှီရှားခေါ့ ခရီးသွားမှတ်တမ်း" ၏ နိဒါန်းစာမျက်နှာ ရေးသားခဲ့သော မေလ ၁၉ ရက်နေ့ကို "တရုတ်ခရီးသွားနေ့" အဖြစ် သတ်မှတ်ခဲ့သည်။ ယင်းသို့သတ်မှတ်ခြင်းမှာ ဒေသအမျိုးမျိုးသို့ လှည့်လည်သွားလာကာ မြစ်ချောင်းတောင်တန်းများကို စူးစမ်းရှာဖွေခဲ့သည့် ရှေးယခင်ခေတ်က တမူထူးခြားသူ ရွှီရှားခေါ့အား အမှတ်ရဂုဏ်ပြုစေရန်၊ နေရာအနှံ့ ခြေချလှမ်းကာ အသိဉာဏ်ဖြင့် လက်တွေ့ကျင့်သုံးပြီး အမှန်တရားကို ရှာဖွေသည့် သူ၏စိတ်ဓာတ်ကို အမွေဆက်ခံစေရန်၊ ပြည်သူများအား အိမ်ပြင်ထွက်ကာ တောင်တန်းပင်လယ်များဆီသို့ ခရီးထွက်ရန်၊ တရုတ်နိုင်ငံ၏ ကျယ်ပြောလှပသော ကောင်းကင်မြေကြီးနှင့် လှပသော တောင်တန်းမြစ်ချောင်းများကို ကိုယ်တိုင်ကိုယ်ကျ ခံစားသိရှိရန်တို့ကို တိုက်တွန်းအားပေးရန်အတွက် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံသို့ အလည်အပတ် လာရောက်ရန်၊ တရုတ်နိုင်ငံ၏ ရှုခင်းများကို အပြည့်အဝ ခံစားကြည့်ရှုရန်၊ သာယာလှပသော မြင်ကွင်းများကို အတူတကွ ကြည့်ရှုခံစားရန်၊ ခရီးထွက်ရင်း ရှုခင်းများကို ထိတွေ့ခံစားရန်၊ ခရီးလမ်းတွင် လူမှုအဖွဲ့အစည်း ယဉ်ကျေးမှုကို နားလည်သဘောပေါက်ရန်၊ ကဗျာဆန်သော နေရာများသို့ အတူတကွ သွားရောက်လည်ပတ်ရန်အတွက် ပြည်တွင်းပြည်ပမှ ဧည့်သည်တော်များအား ရင်းနှီးစွာ ဖိတ်ခေါ်ပါသည်။
ယနေ့ခေတ် တရုတ်နိုင်ငံသည် ကြီးမားကျယ်ပြန့်ပြီး ထည်ဝါလှပလျက်ရှိသော်လည်း ရွှီရှားခေါ့ ခေတ်ထက် ပိုမိုပွင့်လင်းပြီး အဆင်ပြေ ချောမွေ့လာပါသည်။




မြောက်ဘက်တွင် ဟာဘင်းမြို့၏ ရေခဲဆီးနှင်းကမ္ဘာ၊ တောင်ဘက်တွင် ဆစ်ဆောင်ပန်းနားဒေသ၏ အပူပိုင်းမိုးသစ်တော၊ အနောက်ဘက်တွင် ခက်(ရှ်)ဂါမြို့၏ ထူးခြားသော ဒေသအသွင်အပြင်၊ အရှေ့ဘက်တွင် ရှန်ဟိုင်းမြို့၏ The Bund ညနေခင်းရှုခင်းတို့ ရှိသည်။ ပို၍အရေးကြီးသည်မှာ ရှုခင်းအများအပြားသည် မြန်မာနိုင်ငံနှင့် နက်ရှိုင်းသော ယဉ်ကျေးမှု ဆက်စပ်မှုများရှိသည်။ ယူနန်ပြည်နယ်ရှိ တိုင်လူမျိုးဥယျာဉ်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ဇစ်မြစ်ချင်း တူညီသည်။ လော့ရန်မြို့ရှိ ပိုင်မာကျောင်းတော်တွင် မြန်မာအစိုးရမှ လှူဒါန်းခဲ့သော ဘုရားစေတီရှိသည်။ ပေကျင်းမြို့ရှိ Badachuတွင် မိုင်ထောင်ချီဝေးကွာသောအရပ်မှ မြန်မာဗုဒ္ဓဘာသာဝင်များ လာရောက်ဖူးမြော်ကြသော ဗုဒ္ဓစွယ်တော်ကို ဌာပနာထားသည်။ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုသည် သမိုင်းတွင်သာ ရေးမှတ်ထားခြင်းမဟုတ်ဘဲ ခရီးလမ်းများပေါ်တွင်လည်း ခင်းကျင်းထားလေသည်။
သင်သည် ရွှီရှားခေါ့ကဲ့သို့ တောတောင်အနှံ့ ခရီးလမ်းတွင် ပင်ပန်းစွာ လှည့်လည်သွားလာစရာမလိုဘဲ သူမြင်တွေ့ခဲ့ရသည်ထက် ပိုမိုကျယ်ပြန့်သော တရုတ်နိုင်ငံကို မြင်တွေ့နိုင်ပါသည်။

ခရီးသွားလာရေး ပိုမိုမြန်ဆန်လာခြင်း
တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထားလမ်းစုစုပေါင်းအရှည်မှာ ကီလိုမီတာ ၄၀,၀၀၀ ကျော်ရှိပြီး ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ ၄ နာရီခန့်သာ ကြာမြင့်ပါသည်။
ငွေပေးချေမှု ပိုမိုအဆင်ပြေလာခြင်း
Alipay နှင့် WeChat တို့တွင် နိုင်ငံခြားဘဏ်ကတ်များဖြင့် ချိတ်ဆက်နိုင်ပြီး ငွေသားလဲလှယ်ရန်မလိုဘဲ အလွယ်တကူ သုံးစွဲနိုင်ပါသည်။
ဗီဇာစနစ် ပိုမိုလွယ်ကူအဆင်ပြေလာခြင်း
တရုတ်နိုင်ငံရှိ အဓိကမြို့ကြီးအများအပြားတွင် အကူးအပြောင်း ဗီဇာကင်းလွတ်မူဝါဒကို ကျင့်သုံးထားပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသော ခရီးသွားများသည် ကြိုတင်ဗီဇာမလိုအပ်ဘဲ ရက်အနည်းငယ်ကြာ လွတ်လပ်စွာ သွားလာနိုင်ပါသည်။
"တရုတ်ခရီးသွားနေ့" သည် နေ့ရက်တစ်ရက်မျှသာ မဟုတ်ဘဲ ရိုးသားနွေးထွေးစွာဖြင့် ဖိတ်ခေါ်ခြင်းတစ်ခုလည်း ဖြစ်ပါသည်။
တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ကြည့်ရှုရန် သင့်အား ကြိုဆိုပါသည်။
ဤနေရာတွင် သင်၏ စိတ်နှလုံးနှင့် ထပ်တူကျမည့် လှပသောရှုခင်းများ ရှိနေသကဲ့သို့ သင်ကိုယ်တိုင် လာရောက်ခံစား ကြုံတွေ့နိုင်မည့် အံ့ဖွယ်အရာများကလည်း သင့်အား စောင့်ကြိုနေပါသည်။
