စိမ်းလန်းစိုပြည် လှပရေမြေ - မွန်ဂိုလီးယားဒေသ၏ ဥတုလေးပါးနှင့် ထိတွေ့ခြင်း
ဗီဒီယိုနှင့် ဓာတ်ပုံများကို အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားခြင်းဖြစ်သည်။
အတွင်းမွန်ဂိုလီယားဒေသသည် တရုတ်နိုင်ငံ မြောက်ဘက်ပိုင်းတည့်တည့်တွင် တည်ရှိနေပြီး မွန်ဂိုလီယားတိုင်းရင်းသားများ အဓိကနေထိုင်ကြသော လူနည်းစုတိုင်းရင်းသားလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်။ ဤဒေသတွင် မြေနေရာ ကျယ်ပြန့်ပြီး ယဉ်ကျေးမှုများ နက်ရှိုင်းကာ ထွက်ကုန်ပစ္စည်းများ ကြွယ်ဝ၍ ရှုခင်းများ သာယာကြည်နူးဖွယ်ကောင်းလှပြီး သင့်အနေဖြင့် ရှည်လျားကြာညောင်းလှသော သမိုင်းကြောင်းနှင့် ထွန်းလင်းတောက်ပသော ယဉ်ကျေးမှုများကို ခံစားသိရှိပါလိမ့်မည်။
ဤဒေသတွင် မြက်ခင်းလွင်ပြင်ကြီးက မိုးကောင်းကင်နှင့် ထိစပ်နေသည့်အလား ကျယ်ပြန့်လှပြီး သစ်တောအုပ်ကြီး၊ တိမ်ပင်လယ်ကြီးများကလည်း အဆုံးအစမဲ့သည့်အသွင်နှင့် ကြီးမားကျယ်ပြောကာ ငြိမ်းချမ်းသာယာဖွယ် ကောင်းလှပေသည်။ တောင်တန်းကြီးများသည် ဒေါင်လိုက်၊ အလျားလိုက်နှင့် ယှက်ခတ်နေပြီး မြစ်စင်းကြီးများက ကွေးကောက်ကျယ်ပြော၍ သဲကန္တာရကြီးများကလည်း အနားသတ်မရှိ ကြီးမားကျယ်ပြန့်လှကာ အသင့်အား ထူးခြားသော စိတ်ခံစားမှုနှင့် ဤဒေသအား ချစ်ခင်သွားစေမည့် အကြောင်းရင်းပေါင်းများစွာကို ပေးစွမ်းပါလိမ့်မည်။
နွေဦးရာသီတွင် ရှင့်အန်း(Xing’an)တောင်ရှိ အဇေလီယာပန်းများက တောင်အနှံ့ ရဲရဲနီ ပွင့်လန်းဝေဆာနေပြီး နွေချိန်ခါတွင် ရှီးလင်ပေါ်လေ့ (Xilin Gol) မြက်ခင်းလွင်ပြင်တွင် ပန်းမျိုးစုံတို့က သူ့ထက်ငါအပြိုင် ပွင့်ဖူးလှပ၍နေပေသည်။ ဆောင်းဦးရာသီတွင် လျှို့ဝှက်ဆန်းကြယ် အားလားစန့် (Alxa) သဲကန္တရမှ ကုလားအုတ်ဆည်းလည်းသံများ တမြိုင်မြိုင်နှင့် ဆောင်းအေးချိန်ခါတွင် ဟူးလွန်ပိတ်အဲ (Hulun Buir) မြို့ဒေသ၌ နှင်းစိုင်နှင်းခဲနေရာများအဖြစ် အေးခဲဖြစ်ပေါ်နေပေသည်။
ကျယ်ဝန်းခြင်း၊ အနားသတ်မရှိ ကျယ်ပြောခြင်း၊ များပြားကျယ်ပြန့်ခြင်း၊ မြေဆီကောင်းမွန်ခြင်း၊ ကဗျာဆန်ခြင်းတို့နှင့် ပြည့်စုံနေကာ ဥတုလေးပါး တစ်နှစ်ပတ်လုံး၏ အချိန်အခါများသည် ခရီးသွားနိဗ္ဗာန်ဘုံပင်ဖြစ်သည်။ ဤသည်မှာ ကျယ်ပြောလှပ ပြည့်စုံကြွယ်ဝလှသည့် အတွင်းမွန်ဂိုလီးယားဒေသပင်ဖြစ်သည်။
မွန်ဂိုလီးယားလူမျိုးများတွင် “တောင်နှစ်တောင်ခြား ဝေးကွာလဲ၊ မြူဆိုင်းတိမ်လွှာအကြား နီးစပ်မှာ။ မိုင်ထောင်ချီအောင် တို့နှစ်ဦးသား ဝေးလံနေလဲ၊ ချစ်ခြင်းတရားကြောင့် တစ်နေ့တော့ တွေ့ဆုံခွင့်ရပါလိမ့်မယ်”ဟူသော ရှေးရိုးစကားတစ်ခွန်း ရှိပါသည်။ မိတ်ဆွေများအားလုံး အရောက်လှမ်းလာခဲ့ကြပါ။ ခမ်းနားလှပသော အတွင်းမွန်ဂိုလီးယာဒေသကြီးက သင့်အား စောင့်ကြိုနေပါ၏။