တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား - ဆန်းရှီးပြည်နယ်
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများအလိုက် ပိုင်းခြား၍ တင်ဆက်ထားသည်။ ဤအချိန်တစ်မိနစ်အတွင်းတွင် နေရာတစ်ခုချင်းစီ၏ တစ်မူထူးခြားသော ခရီးသွားယဉ်ကျေးမှုအရင်းအမြစ်များကို ပြသထားပြီး ကြည့်ရှုသူပရိသတ်တို့အတွက် တစ်မိနစ်စာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို တင်ဆက်ပေးသွားမည် ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုရန်အတွက် သတင်းကောင်းပါးပါရစေရှင်။
ဆန်းရှီးပြည်နယ် (Shanxi)
ဆန်းရှီးပြည်နယ် (Shanxi) သည် မြစ်ဝါမြစ်ယဉ်ကျေးမှု အစပြုရာဒေသဖြစ်ပြီး တရုတ်လူမျိုးတို့၏ အရေးပါလှသော ဘူမိနက်သန်မြေ တစ်ခုလည်းဖြစ်သည်။ ဤဒေသတွင် စဉ်ဆက်မပြတ် တစ်ဟုန်ထိုးစီးဆင်းနေသော မြစ်ဝါမြစ်၊ ခိုင်မာတောင့်တင်းသော ရှေးဟောင်းမဟာတံတိုင်းကြီးနှင့် ငွားငွားစွင့်စွင့် ခံ့ညားထည်ဝါစွာ တည်ရှိနေသော ထိုက်ဟန်တောင် (Taihang) တို့ရှိသည်။
ကမ္ဘာ့အမွေအနှစ် ဝူထိုင်တောင် (Wutai) သည် တည်ငြိမ်ခံ့ညား ဆန်းကြယ်မြင့်မြတ်ပြီး ယွင်ကမ်းကျောက်လိုဏ်ဂူ (Yungang Grottoes) မှာ လက်ရာပြောင်မြောက်လှကာ ဖျင်ယောင်ရှေးဟောင်းမြို့နေရာ (Pingyao) တွင် ရှေးခေတ်ဆန်းရှီးကုန်သည်များ၏ ဓလေ့အငွေ့အသက်များကိုလည်း တွေ့မြင်နိုင်ပါသေးသည်။ ဝမ်မျိုးနွယ် အဆောက်အဦဝင်း (Wang Family Compound) နှင့် ချောင်မျိုးနွယ် အဆောင်အဦဝင်း (Qiao Family Compound) တို့သည် ရှေးခေတ်ဆန်းရှီးကုန်သည်များ၏ အံ့ဖွယ်ဒဏ္ဍာရီအကြောင်းအရာများကို သက်သေပြုနေပြီး ယင့်ကောင်တီ (Ying County) ရှိ သစ်သားဘုံကျောင်းသည် နှစ်ပေါင်းထောင်ချီကြာ မားမားမတ်မတ် တည်ရှိနေကာ ဖော်ကွမ်းဘုရားကျောင်း (Foguang Temple) သည် “တရုတ်ရှေးအဆောက်အဦ နံပါတ်တစ် နိုင်ငံ့ရတနာ” ဟူ၍ နာမည်ကျော်ကြားပါသည်။
ခမ်းနားလှပသော ဆန်းရှီးပြည်နယ်ရှိ မျက်စိတစ်ဆုံး ရှုခင်းများက သင့်မျက်စိရှေ့မှောက်တွင် စောင့်ကြိုလျက်ရှိပါသည်။