တရုတ်ခရီးသွားသင်တန်း - မြစ်ဝါမြစ်အထက်ဘက် ဆန်ကာတက်၊ ဆောင်းဦးရာသီအလှတရား တို့ခံစား (ပဉ္စမပိုင်း)
ဆောင်းဦးရာသီ၏ ရှုမျှော်ခင်းအငွေ့အသက်များ တဖြည်းဖြည်း အသက်ဝင်လာသည်နှင့်အမျှ မြစ်ဝါမြစ်၏ သူမတူထူးခြားသော သွင်ပြင်သဏ္ဌာန်များသည်လည်း ဖြည်းဖြည်းချင်း ပေါ်ထွက်လာလေသည်။ မြစ်ဝါမြစ်အထက်ပိုင်းတစ်လျှောက်ရှိ ချင်းဟိုင်ပြည်နယ် (Qinghai) ၊ စီချွမ်ပြည်နယ် (Sichuan) ၊ ကန်းစုပြည်နယ် (Gansu) ၊ နီရှာ့ပြည်နယ် (Ningxia) နှင့် အတွင်းမွန်ဂိုးလီးယားဒေသတို့ကို လေ့လာကြည့်ပါက တရုတ်လူမျိုးတို့၏ မိခင်မြစ် မြစ်ဝါမြစ်သည် ယင်းဒေသများ၏ ထည်ဝါခမ်းနားမှုနှင့် အသွင်စုံလင်မှုတို့အား ဖော်ထုတ်ပြသနေသည်ကို တွေ့မြင်ရပေလိမ့်မည်။ သဘာဝတရားကြီး၏ အဆုံးမရှိသော ဖန်တီးမှုတို့က မိတ်ဆွေတို့အား ယခုတစ်ခေါက် ဆောင်းဦးရာသီခရီးစဉ်ကို နှစ်သက်စေမည် ဖြစ်ပါသည်။
ဤလမ်းကြောင်းတစ်လျှောက်တွင် ချစ်စဖွယ် ပန်ဒါဝက်ဝံများ၊ နတ်ဘုံအလား သာယာလှပနေသော ကမ္ဘာ့သဘာဝအမွေအနှစ် ကျိုကျိုက်ကိုး သဘာဝရှုမျှော်ခင်း (Jiuzhaigou) ၊ ထင်ရှားကျော်ကြားသော မြစ်ဝါမြစ် “S” သဏ္ဌာန် မြေမျက်နှာသွင်ပြင် ပထမအကွေ့၊ ခံ့ထည်လှပသော မြစ်ဝါမြစ် လျှိုမြောင်သုံးသွယ် (Three Gorges) နှင့် ကုန်းပြင်မြင့်ဒေသမှ ငှက်ကြည့်ရာနေရာ ချင်းဟိုင်ကန် (Qinghai) စသည့် စိတ်ဝင်စားဖွယ်ရာများစွာ ရှိပါသည်။ ဆောင်းဦးလေပြည် တဖြူးဖြူး တိုက်ခတ်နေပြီး အတွင်းမွန်ဂိုးလီးယား မြက်ခင်းလွင်ပြင်ထက် သိုးကျောင်းတေးသံသာများ ပျံ့လွင့်နေသည်မှာ စွဲမက်ဖွယ်ကောင်းလှသည်။ မြစ်ဝါမြစ်အထက်ပိုင်းမှ ဆောင်းဦးရာသီဒဏ္ဍာရီများကို တစ်နေရာချင်း အတူတကွ လိုက်လံရှာဖွေကြရအောင်လားရှင်။
ယနေ့တွင် ပဉ္စမပိုင်းအနေဖြင့် “အတွင်းမွန်ဂိုးလီးယားဒေသ - သဘာဝမြက်ခင်းလွင်ပြင်မှ ပေါ်ပလာသစ်တော (Populus euphratica) ဆီသို့” ကို တင်ဆက်သွားပါမည်။
အတွင်းမွန်ဂိုးလီးယားဒေသတွင် ဟက်တာ သန်း (၈၀)ကျော် ကျယ်ဝန်းသော မြက်ခင်းလွင်ပြင် ရှိသည်။ ယင်းဒေသရှိ ဟူးလွန်ပေ့အယ် (Hulun Buir) ၊ ရှီးလင်ကောလဲ့ (Xilingol League) နှင့် ခဲအယ်ချင့် (Horqin) အစရှိသည့် မြက်ခင်းလွင်ပြင်များသည် ဆောင်းဦးရာသီ၌ အဆုံးမရှိသော ဆွဲဆောင်မှုအလှတရားများကို လှစ်ဟပြသနေပါတော့သည်။ ကိုယ်တိုင် ကားမောင်း၍ တောလမ်းခရီး ပျော်ရွှင်ဖွယ်ရာ အတွေ့အကြုံများကို တွေ့ကြုံခံစားခြင်း (သို့မဟုတ်) မြက်ခင်းလွင်ပြင်လယ်တွင် မြင်းစီးခြင်း (သို့မဟုတ်) သိုးကျောင်းသားအိမ်များသို့ သွားရောက်လည်ပတ်ကာ နွေးထွေးပျူငှာမှု အငွေ့အသက်များကို တွေ့မြင်ခံစားခြင်းများ ပြုလုပ်နိုင်ပါသည်။
ခရီးသွား အမြောက်အမြား ဆောင်းဦးရာသီအချိန်တွင် အယ်ကျိနာ့ (Ejin) သို့ သွားရောက်လည်ပတ်ကြသည်မှာ တရုတ်ဧက “မူ (亩 mu)” ၄သိန်း ၅သောင်း (亩 mu = တရုတ်မြေအတိုင်းအတာယူနစ်၊ ၆၆၆.၆၆၇ စတုရန်းမီတာဝန်းကျင်နှင့် ညီမျှသည်) ကျယ်ဝန်းသည့် “သက်ရှိရုပ်ကြွင်း” ဟု တင်စားခေါ်ဝေါ်သော ပေါ်ပလာသစ်တောများ ပေါက်ရောက်တည်ရှိခြင်းကြောင့် ဖြစ်သည်။ ကြည်လင်သော ကောင်းကင်ပြာနှင့် တိမ်လွှာဖြူများအောက်တွင် သဲကန္တာရများ၊ ဂိုဘီသဲကန္တာရများ၊ မြက်ခင်းလွင်ပြင်များ၊ အင်းအိုင်ရေကန်များနှင့် ပေါ်ပလာသစ်တောများဖြင့် တစ်ပြင်လုံး ရွှေဝါရောင်သန်းနေသည့် မြင်ကွင်းမှာ အလွန်ပင် ထည်ဝါခမ်းနားလှပေသည်။