တရုတ်ခရီးသွားသင်တန်း - မြစ်ဝါမြစ်အထက်ဘက် ဆန်ကာတက်၊ ဆောင်းဦးရာသီအလှတရား တို့ခံစား (စတုတ္ထပိုင်း)
ဆောင်းဦးရာသီ၏ ရှုမျှော်ခင်းအငွေ့အသက်များ တဖြည်းဖြည်း အသက်ဝင်လာသည်နှင့်အမျှ မြစ်ဝါမြစ်၏ သူမတူထူးခြားသော သွင်ပြင်သဏ္ဌာန်များသည်လည်း ဖြည်းဖြည်းချင်း ပေါ်ထွက်လာလေသည်။ မြစ်ဝါမြစ်အထက်ပိုင်းတစ်လျှောက်ရှိ ချင်းဟိုင်ပြည်နယ် (Qinghai) ၊ စီချွမ်ပြည်နယ် (Sichuan) ၊ ကန်းစုပြည်နယ် (Gansu) ၊ နီရှာ့ပြည်နယ် (Ningxia) နှင့် အတွင်းမွန်ဂိုးလီးယားဒေသတို့ကို လေ့လာကြည့်ပါက တရုတ်လူမျိုးတို့၏ မိခင်မြစ် မြစ်ဝါမြစ်သည် ယင်းဒေသများ၏ ထည်ဝါခမ်းနားမှုနှင့် အသွင်စုံလင်မှုတို့အား ဖော်ထုတ်ပြသနေသည်ကို တွေ့မြင်ရပေလိမ့်မည်။ သဘာဝတရားကြီး၏ အဆုံးမရှိသော ဖန်တီးမှုတို့က မိတ်ဆွေတို့အား ယခုတစ်ခေါက် ဆောင်းဦးရာသီခရီးစဉ်ကို နှစ်သက်စေမည် ဖြစ်ပါသည်။
ဤလမ်းကြောင်းတစ်လျှောက်တွင် ချစ်စဖွယ် ပန်ဒါဝက်ဝံများ၊ နတ်ဘုံအလား သာယာလှပနေသော ကမ္ဘာ့သဘာဝအမွေအနှစ် ကျိုကျိုက်ကိုး သဘာဝရှုမျှော်ခင်း (Jiuzhaigou) ၊ ထင်ရှားကျော်ကြားသော မြစ်ဝါမြစ် “S” သဏ္ဌာန် မြေမျက်နှာသွင်ပြင် ပထမအကွေ့၊ ခံ့ထည်လှပသော မြစ်ဝါမြစ် လျှိုမြောင်သုံးသွယ် (Three Gorges) နှင့် ကုန်းပြင်မြင့်ဒေသမှ ငှက်ကြည့်ရာနေရာ ချင်းဟိုင်ကန် (Qinghai) စသည့် စိတ်ဝင်စားဖွယ်ရာများစွာ ရှိပါသည်။ ဆောင်းဦးလေပြည် တဖြူးဖြူး တိုက်ခတ်နေပြီး အတွင်းမွန်ဂိုးလီးယား မြက်ခင်းလွင်ပြင်ထက် သိုးကျောင်းတေးသံသာများ ပျံ့လွင့်နေသည်မှာ စွဲမက်ဖွယ်ကောင်းလှသည်။ မြစ်ဝါမြစ်အထက်ပိုင်းမှ ဆောင်းဦးရာသီဒဏ္ဍာရီများကို တစ်နေရာချင်း အတူတကွ လိုက်လံရှာဖွေကြရအောင်လားရှင်။
ယနေ့တွင် စတုတ္ထပိုင်းအနေဖြင့် “နီရှာ့ပြည်နယ် - ရှားဖောထို သဘာဝထိန်းသိမ်းရေးနယ်မြေ (Shapotou) မှ ဟဲ့လန်တောင်ဝိုင်ခြံ (Helan) ဆီသို့” ကို တင်ဆက်သွားပါမည်။
နီရှာ့ပြည်နယ်သို့ ရောက်လျှင် ရှားဖောထို သဘာဝထိန်းသိမ်းရေးနယ်မြေသို့ မဖြစ်မနေ သွားရောက်ပြီး တရုတ်နိုင်ငံ၏ အရှည်လျားဆုံးနှင့် အမတ်စောက်ဆုံး သဲလျှောစီးကဏ္ဍရပ်များအနက်မှ တစ်ခုဖြစ်သည့် သဲလျှောစီးကစားနည်းကို ကစားကြည့်ခြင်းဖြင့် ရင်ခုန်စိတ်လှုပ်ရှားမှုများကို ဖန်တီးနိုင်မည် ဖြစ်သည်။
ထို့အပြင် မြစ်ဝါမြစ်တွင် ဆိတ်သားရေဖောင်စီးခြင်းဖြင့်လည်း ဒေသအတွေ့အကြုံစစ်စစ်ကို ခံစားနိုင်မည် ဖြစ်သည်။ ဆိတ်သားရေဖောင်သည် မြစ်ဝါမြစ်တွင် အသုံးပြုသည့် ရှေးအကျဆုံးသော လမ်းပန်းဆက်သွယ်ရေးသုံး အထောက်အကူပြုပစ္စည်း ဖြစ်သည်။ ထိုကဲ့သို့သော သားရေဖောင်မျိုးသည် အရေအတွက် ဆယ်ချီသည့် တောင်ဆိတ်သားရေများကို တွဲ၍ ချည်နှောင်ပြုလုပ်ထားခြင်း ဖြစ်သည်။ ဖောင်စီးနေစဉ်တွင် လှေသမားများသည် နိမ့်ချည်မြင့်ချည် ရေလှိုင်းများနှင့်အတူ အနောက်မြောက်ပိုင်းဒေသ၏ ကျေးလက်ရိုးရာတေးသီချင်းများကို သီဆိုလေ့ရှိကြသည်။
ဆောင်းဦးရာသီ၏ စပျစ်သီးများမှည့်ချိန်သည် ဟဲ့လန်တောင် ဒေသတွင်းဝိုင်ခြံများမှ ထုတ်လုပ်သည့် ဝိုင်ကောင်းတို့ကို မြည်းစမ်းကြည့်ရန် အကောင်းဆုံးသော ရာသီချိန် ဖြစ်သည်။ ဝိုင်ခြံများကို လှည့်လည်ကြည့်ရှုပြီး ဝိုင်ကောင်းများ မြည်းစမ်းကြည့်ရင်း ဝိုင်ချက်နည်းပညာများ လေ့လာရင်းတို့ဖြင့် ကြည်နူးပျော်ရွှင်ဖွယ်ကောင်းသော ဆောင်းဦးရာသီနှောင်းပိုင်း၏ နေ့လယ်ခင်းကို ဖြတ်သန်းနိုင်ပါသည်။