တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား - ချင်းဟိုင်ပြည်နယ်နှင့် ဆန်းတုန်းပြည်နယ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-10-27 12:46:32


ဗီဒီယိုနှင့် ဓာတ်ပုံများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများအလိုက် ပိုင်းခြား၍ တင်ဆက်ထားသည်။ ဤအချိန်တစ်မိနစ်အတွင်းတွင် နေရာတစ်ခုချင်းစီ၏ တစ်မူထူးခြားသော ခရီးသွားယဉ်ကျေးမှုအရင်းအမြစ်များကို ပြသထားပြီး ကြည့်ရှုသူပရိသတ်တို့အတွက် တစ်မိနစ်စာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို တင်ဆက်ပေးသွားမည် ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုရန်အတွက် သတင်းကောင်းပါးပါရစေရှင်။



ချင်းဟိုင်ပြည်နယ် (Qinghai)


ချင်းဟိုင်ပြည်နယ် (Qinghai) သည် ကုန်းမြင့်ဒေသ ဂေဟစနစ်ရှိပြီး ခရီးသွားသုခဘုံတစ်ခုပင် ဖြစ်သည်။ ထန်‌ပေါရှေးဟောင်းလမ်း (Tang-Bo Ancient Road) က လည်ပတ်လေ့လာသူများအား ဟိုးအရင်အချိန်ကာလများကို ပြန်လည်ရောက်ရှိနေသည့်အလား ခံစားရစေပြီး ကမ္ဘာ့အမွေအနှစ် ခယ်ခယ်ရှီးလီဒေသ (Hoh Xil) သည် ‌တောရိုင်းတိရစ္ဆာန်များ ကျက်စားပျော်မွေ့ရာနေရာ ဖြစ်သည်။ ယင်းဒေသရှိ ချင်းဟိုင်ရေကန် (Qinghai Lake) သည် အဆုံးမရှိ ကျယ်ပြောလှပြီး “ကောင်းကင်ကြေးမုံ” ဟု တင်စားခြင်းခံရသော ချာခါကုန်းတွင်းရေငံကန် (Chaka Salt Lake) ၏ အလှတရားသည် နှစ်သက်စွဲလမ်းဖွယ် ကောင်းလှပါသည်။ ထို့အပြင် ငွားငွားစွင့်စွင့်ရှိနေသော ခွန်းလွန်တောင် (Kunlun) ၊ ကောင်းကင်ဘုံပမာ သာယာလှပသော ချီလျန်ကောင်တီ (Qilian) ၊ မိုင်ရာချီကျယ်ဝန်းသော မိန်ယွမ် (Menyuan) ဆီထွက်မုန်ညင်းစိမ်းပန်းပင်လယ်တို့လည်း ရှိသည်။ သာယာလှပသော ချင်းဟိုင်ပြည်နယ်တွင် တောတောင်ရေမြေသဘာဝတရားကို ထိတွေ့ခံစားရင်း စိတ်ကူးအတွေးကမ္ဘာနယ်လေးတစ်ခုကို တွေ့မြင်ခံစားနိုင်မည် ဖြစ်ပါသည်။




ဆန်းတုန်းပြည်နယ် (Shandong) 


ဆန်းတုန်းပြည်နယ် (Shandong) သည် တောတောင်ရေမြေ သာယာလှပပြီး ယဉ်ကျေးမှုများ စုဝေးတည်ရှိရာ နေရာတစ်နေရာဖြစ်သည်။ ထိုက်ဆန်းတောင် (Taishan) သည် ဤဒေသမှ အစချီ၍ မြစ်ဝါမြစ်သည် ဤနေရာတွင် ပင်လယ်ထဲသို့ စီးဝင်ကာ ကွန်ဖြူးရှပ် (Confucius) ကို ဤပြည်နယ်တွင် မွေးဖွားခဲ့သည်။ ကမ္ဘာ့အမွေအနှစ်များဖြစ်သော ထိုက်ဆန်းတောင်သည် “တရုတ်နိုင်ငံ၏ အထင်ကရတောင်ကြီး (၅)တောင်အနက် ထိပ်တန်းအကျဆုံးတောင်” ဟု တင်စားသတ်မှတ်ခြင်းခံရပြီး ချွီးဖုမြို့ (Qufu) ရှိ ကွန်ဖြူးရှပ်အထိမ်းအမှတ်နေရာ (၃)ခုဖြစ်သည့် ကွန်ဖြူးရှပ်ကျောင်းတော်၊ ကွန်ဖြူးရှပ်ဂူဗိမာန်နှင့် ကွန်ဖြူုးရှပ်အိမ်တော်အဆောက်အဦတို့သည် ကွန်ဖြူးရှပ်ဝါဒယဉ်ကျေးမှုကို ဆက်လက် လက်ဆင့်ကမ်းထိန်းသိမ်းပေးလျက်ရှိကာ ရှေးခေတ်ချီနိုင်ငံ (Qi) မဟာတံတိုင်းနှင့် မဟာတူးမြောင်းကြီး၏ ဆန်းတုန်းအပိုင်းတို့သည် ရှေးသမိုင်းကြောင်းများကို ပြန်လည်ဖော်ပြနေပေသည်။ ဤဒေသတွင် စိမ့်စမ်းမြို့တော် ကျီနန်မြို့ (Jinan) ၊ လေတံခွန်မြို့တော် ဝေဖန်းမြို့ (Weifang) ၊ ရှေးချီနိုင်ငံ၏ ကျီးပေါ် (Zibo) ရှေးဟောင်းမြို့တော် အစရှိသည့် နေရာများအပြင် ရှည်ရှည်လျားလျား ကွေးကွေးကောက်ကောက်နှင့် နတ်ဘုံအလား ဆန်းကြယ်လှပသည့် ပင်လယ်ကမ်းရိုးတန်းများလည်းရှိသည်။ ဧည့်ဝတ်ပျူငှာသော ဆန်းတုန်းပြည်နယ်မှ သင့်အား ကြိုဆိုလျက်ရှိပါသည်။