တရုတ်ခရီးသွားသင်တန်း - မြစ်ဝါမြစ်အထက်ဘက် ဆန်ကာတက်၊ ဆောင်းဦးရာသီအလှတရား တို့ခံစား (တတိယပိုင်း)
ဆောင်းဦးရာသီ၏ ရှုမျှော်ခင်းအငွေ့အသက်များ တဖြည်းဖြည်း အသက်ဝင်လာသည်နှင့်အမျှ မြစ်ဝါမြစ်၏ သူမတူထူးခြားသော သွင်ပြင်သဏ္ဌာန်များသည်လည်း ဖြည်းဖြည်းချင်း ပေါ်ထွက်လာလေသည်။ မြစ်ဝါမြစ်အထက်ပိုင်းတစ်လျှောက်ရှိ ချင်းဟိုင်ပြည်နယ် (Qinghai) ၊ စီချွမ်ပြည်နယ် (Sichuan) ၊ ကန်းစုပြည်နယ် (Gansu) ၊ နီရှာ့ပြည်နယ် (Ningxia) နှင့် အတွင်းမွန်ဂိုးလီးယားဒေသတို့ကို လေ့လာကြည့်ပါက တရုတ်လူမျိုးတို့၏ မိခင်မြစ် မြစ်ဝါမြစ်သည် ယင်းဒေသများ၏ ထည်ဝါခမ်းနားမှုနှင့် အသွင်စုံလင်မှုတို့အား ဖော်ထုတ်ပြသနေသည်ကို တွေ့မြင်ရပေလိမ့်မည်။ သဘာဝတရားကြီး၏ အဆုံးမရှိသော ဖန်တီးမှုတို့က မိတ်ဆွေတို့အား ယခုတစ်ခေါက် ဆောင်းဦးရာသီခရီးစဉ်ကို နှစ်သက်စေမည် ဖြစ်ပါသည်။
ဤလမ်းကြောင်းတစ်လျှောက်တွင် ချစ်စဖွယ် ပန်ဒါဝက်ဝံများ၊ နတ်ဘုံအလား သာယာလှပနေသော ကမ္ဘာ့သဘာဝအမွေအနှစ် ကျိုကျိုက်ကိုး သဘာဝရှုမျှော်ခင်း (Jiuzhaigou) ၊ ထင်ရှားကျော်ကြားသော မြစ်ဝါမြစ် “S” သဏ္ဌာန် မြေမျက်နှာသွင်ပြင် ပထမအကွေ့၊ ခံ့ထည်လှပသော မြစ်ဝါမြစ် လျှိုမြောင်သုံးသွယ် (Three Gorges) နှင့် ကုန်းပြင်မြင့်ဒေသမှ ငှက်ကြည့်ရာနေရာ ချင်းဟိုင်ကန် (Qinghai) စသည့် စိတ်ဝင်စားဖွယ်ရာများစွာ ရှိပါသည်။ ဆောင်းဦးလေပြည် တဖြူးဖြူး တိုက်ခတ်နေပြီး အတွင်းမွန်ဂိုးလီးယား မြက်ခင်းလွင်ပြင်ထက် သိုးကျောင်းတေးသံသာများ ပျံ့လွင့်နေသည်မှာ စွဲမက်ဖွယ်ကောင်းလှသည်။ မြစ်ဝါမြစ်အထက်ပိုင်းမှ ဆောင်းဦးရာသီဒဏ္ဍာရီများကို တစ်နေရာချင်း အတူတကွ လိုက်လံရှာဖွေကြရအောင်လားရှင်။
ယနေ့တွင် တတိယပိုင်းအနေဖြင့် “ကန်းစုပြည်နယ် - မြစ်ဝါမြစ် လျှိုမြောင်သုံးသွယ်မှ လန်ကျိုးမြို့ (Lanzhou) ဆီသို့” ကို တင်ဆက်သွားပါမည်။
ကန်းစုပြည်နယ် (Gansu) ယုံကျင့်ကောင်တီ (Yongjing) အတွင်းရှိ ပင်လင်လျှိုမြောင် (Bingling) ၊ လျိုကျားလျှိုမြောင် (Liujia) နှင့် ရန်ကောလျှိုမြောင် (Yanguo) ဟူသည့် လျှိုမြောင်သုံးသွယ်ရှုမျှော်ခင်းမှာ ရင်သက်ရှုမောဖွယ်ကောင်းလှပြီး သဘာဝကျောက်ထွင်းရုပ်တုပြတိုက်ထဲသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားမိစေမည်ပင် ဖြစ်သည်။
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် ပင်လင်ဘုရားကျောင်းကျောက်လိုဏ်ဂူကို အေဒီ ၄၂၀ ခုနှစ် တွင် စတင်တည်ဆောက်ခဲ့ပါသည်။ (၆၀)မီတာမြင့်သော ကျောက်ဆောင်ပေါ်တွင် အထပ်ထပ်ဆင့်၍ ထွင်းဖောက်ထားသော ကျောက်ကလိုင်ပေါက် အရေအတွက်မှာ လက်ရှိတွင် (၁၈၃) ခု ကျန်ရှိနေပါသည်။ ၎င်းလိုဏ်ဂူသည် ရှေးခေတ်ကျောက်လိုဏ်ဂူ အနုပညာ၏ ဂန္ထဝင်မြောက်လက်ရာပင် ဖြစ်သည်။
အထပ်ပေါင်း (၄၀)ကျော်ရှိသော လျိုကျားလျှိုမြောင်ရေကာတာကြီးသည် မဖြစ်မနေ သွားရောက်လည်ပတ်သင့်သည့်နေရာပင် ဖြစ်သည်။ ထိုက်ကျီကျွန်း (Taiji) သို့ လှေဖြင့် သွားရောက်လည်ပတ်သည့်အခါ အသီးလှိုင်လှိုင်ထွန်းသည့် တရုတ်ဆီးသီးနီတောနှင့် ဆောင်းဦးလေပြည် တိုးဝှေ့တိုက်ခတ်နေသော ကျူပင်တောရှုခင်းများကို ရှုစားနိုင်မည် ဖြစ်ပါသည်။
လန်ကျိုးမြို့၏ မြစ်ဝါမြစ်ရှုမျှော်ခင်းလမ်းကြောင်းတစ်ကြောသည် (၄၇.၅)ကီလိုမီတာ ရှည်လျားပြီး ပိုင်ထာစန်းဥယျာဉ် (Baitashan Park) ၊ ရေဒလက်ပြပွဲဥယျာဉ် (Waterwheel Expo Garden) ၊ ရင်ထန်းရေတိမ်ဒေသ (Yintan Wetland Park) နှင့် ရှီးဟူရေကန်ငယ် (Little West Lake) အစရှိသည့် ရှုမျှော်ခင်းနေရာများသို့ လှေဖြင့် သွားရောက်လည်ပတ်နိုင်ပါသည်။
ဆောင်းဦးရာသီမနက်ခင်းကို လန်ကျိုးအမဲသားလက်လုပ်ဂျုံခေါက်ဆွဲ တစ်ပန်းကန်ဖြင့် တည်ခင်းလိုက်ပါက ဟင်းရည်၏ အရသာလတ်ဆတ်မှုနှင့် ခေါက်ဆွဲ၏ ဝါး၍ကောင်းသော ခံစားမှုတို့သည် စားသုံးသူများအား လျှာလည်ခံတွင်းတွေ့စေမည်ပင် ဖြစ်ပါသည်။