တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား - ဆန်ရှီးပြည်နယ်နှင့် ကန်းစုပြည်နယ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-10-20 15:13:13


ဗီဒီယိုနှင့် ဓာတ်ပုံများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများအလိုက် ပိုင်းခြား၍ တင်ဆက်ထားသည်။ ဤအချိန်တစ်မိနစ်အတွင်းတွင် နေရာတစ်ခုချင်းစီ၏ တစ်မူထူးခြားသော ခရီးသွားယဉ်ကျေးမှုအရင်းအမြစ်များကို ပြသထားပြီး ကြည့်ရှုသူပရိသတ်တို့အတွက် တစ်မိနစ်စာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို တင်ဆက်ပေးသွားမည် ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုရန်အတွက် သတင်းကောင်းပါးပါရစေရှင်။



ဆန်ရှီးပြည်နယ် (Shaanxi)


ဆန်ရှီးပြည်နယ် (Shaanxi) သည် တရုတ်ယဉ်ကျေးမှု၏ အရေးပါသော အစပြုရာနေရာများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ရှေးဟောင်းပိုးလမ်းမကြီး စတင်ရာနေရာလည်း ဖြစ်သည်။ ဤဒေသတွင် မင်းဆက်ပေါင်း (၁၃)ဆက် အုပ်စိုးခဲ့ရာ ရှီးအန်းရှေးဟောင်းမြို့တော် (Xi'an) နှင့် တော်လှန်ရေးအထွတ်အမြတ်နေရာ ယန်အန်းမြို့ (Yan'an) တို့ ရှိသည်။ ကမ္ဘာ့အမွေအနှစ်များဖြစ်သော ချင်ရှီဟွမ်ဂူဗိမာန် (Mausoleum of the first Qin Emperor) နှင့် မြေရုပ်တုစစ်သည်တော်နှင့်မြင်းများ (Terracotta Warriors) တို့သည် တရုတ်ပြည်တွင်းသာမက ပြည်ပ၌လည်း နာမည်ကျော်ကြား လူသိများထင်ရှားပြီး တာ့ယန့်ထာဘုံကျောင်း (Giant Wild Goose Pagoda) သည် နှစ်ပေါင်းထောင်ချီကြာသည့်တိုင်အောင် ငွားငွားစွင့်စွင့် တည်ရှိနေပါသည်။ ထန်ခေတ်ပုံစံအတိုင်း တုပတည်ဆောက်ထားသည့် ပဒုမ္မာရွှေကြာကန်ဥယျာဉ် (Tang Paradise) သည် ထန်ခေတ်ကာလ၏ စည်ပင်ဝပြောသော အသွင်အပြင်တို့ကို ထင်ဟပ်ပြသနေပြီး ထန်ခေတ်ညမြို့တော်ကြီး (Datang Everbright City) သည်  ထန်ခေတ်ကာလ၏ စည်ပင်ဝပြောမှုအခြေအနေများကို ပြန်လည်အသက်ဝင်လှုပ်ရှားနေစေသည်။ ဆန်ရှီးပြည်နယ်တွင် လည်ပတ်သွားလာရင်း ယင်းဒေသ၏ ယဉ်ကျေးမှုနှင့် ကဗျာဆန်မှုများကို တွေ့မြင်ခံစားလိုက်ကြရအောင်။




ကန်းစုပြည်နယ် (Gansu)


ကန်းစုပြည်နယ် (Gansu) သည် တောတောင်ရေမြေ သာယာလှပပြီး ယဉ်ကျေးမှုများ စုဝေးတည်ရှိနေသည့် နေရာတစ်နေရာ ဖြစ်သည်။ ဤဒေသတွင် မြင့်မားမတ်စောက်သော ချီလျန်နှင်းတောင် (Qilian) တောင်ထွတ်၊ အဆုံးမရှိကျယ်ပြောသော ဂိုဘီသဲကန္တာရ (Gobi Desert) ၊ ခမ်းနားလှပသော Danxia ခေါ် ရောင်စုံသဘာဝမြေမျက်နှာသွင်ပြင်နှင့် သဲကန္တာရကို ဖြတ်ကျော်၍ တသီတတန်း တကွေ့တဝိုက် ခရီးဝေးနှင်လာကြသည့် ကုလားအုတ်တန်းတို့ကို တွေ့မြင်နိုင်သည်။ ၎င်းဒေသတွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော တွန်းဟွမ်မြို့ (Dunhuang) ရှိ မော့ကောင်းလိုဏ်ဂူ (Mogao Grottoes) ၊ ထျန်းဆွေမြို့ (Tianshui) ရှိ မိုက်ကျီးတောင် (Maiji) ၊ “ကမ္ဘာ့နံပါတ်တစ်ဂိတ်တံခါး”ဟု တင်စားခြင်းခံရသော ကျားယွီ့ကွမ်းဂိတ် (Jiayu Pass) ၊ သဘာဝထူးခြားသံစဉ်များဖြင့် ဆန်းကြယ်လှသည့် သဲကန္တာရတောင်ပို့ (Singing Sand Dunes) နှင့် လခြမ်းသဏ္ဌာန် ရွယ့်ရာကန်  (Yueya Lake) ၊ အဖိုးတန်ရှားပါးပြီး လက်ရာမြောက်လှသည့် ရန်ကွမ်းဂိတ် (Yang Pass) နှင့် ယွီ့မိန်ဂိတ် (Yumen Pass) တို့လည်း ရှိသည်။ ကန်းစုပြည်နယ်သို့ လာရောက်လည်ပတ်ရင်း ၎င်းဒေသ၏ သမိုင်းကြောင်းများကို ထိတွေ့လေ့လာပြီး ယဉ်ကျေးမှုများကို လေ့လာခံစားလိုက်ကြရအောင်။