တရုတ်ခရီးသွားသင်တန်း - မြစ်ဝါမြစ်အထက်ဘက် ဆန်ကာတက်၊ ဆောင်းဦးရာသီအလှတရား တို့ခံစား (ဒုတိယပိုင်း)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-10-14 16:17:49


WeChat Image_20220930110249.jpg


ဆောင်းဦးရာသီ၏ ရှုမျှော်ခင်းအငွေ့အသက်များ တဖြည်းဖြည်း အသက်ဝင်လာသည်နှင့်အမျှ မြစ်ဝါမြစ်၏ သူမတူထူးခြားသော သွင်ပြင်သဏ္ဌာန်များသည်လည်း ဖြည်းဖြည်းချင်း ပေါ်ထွက်လာလေသည်။ မြစ်ဝါမြစ်အထက်ပိုင်းတစ်လျှောက်ရှိ ချင်းဟိုင်ပြည်နယ် (Qinghai) ၊ စီချွမ်ပြည်နယ် (Sichuan) ၊ ကန်းစုပြည်နယ် (Gansu) ၊ နီရှာ့ပြည်နယ် (Ningxia) နှင့် အတွင်းမွန်ဂိုးလီးယားဒေသတို့ကို လေ့လာကြည့်ပါက တရုတ်လူမျိုးတို့၏ မိခင်မြစ် မြစ်ဝါမြစ်သည် ယင်းဒေသများ၏ ထည်ဝါခမ်းနားမှုနှင့် အသွင်စုံလင်မှုတို့အား ဖော်ထုတ်ပြသနေသည်ကို တွေ့မြင်ရပေလိမ့်မည်။ သဘာဝတရားကြီး၏ အဆုံးမရှိသော ဖန်တီးမှုတို့က မိတ်ဆွေတို့အား ယခုတစ်ခေါက် ဆောင်းဦးရာသီခရီးစဉ်ကို နှစ်သက်စေမည် ဖြစ်ပါသည်။


WeChat Image_20220930110309.jpg


ဤလမ်းကြောင်းတစ်လျှောက်တွင် ချစ်စဖွယ် ပန်ဒါဝက်ဝံများ၊ နတ်ဘုံအလား သာယာလှပနေသော ကမ္ဘာ့သဘာဝအမွေအနှစ် ကျိုကျိုက်ကိုး သဘာဝရှုမျှော်ခင်း (Jiuzhaigou) ၊ ထင်ရှားကျော်ကြားသော မြစ်ဝါမြစ် “S” သဏ္ဌာန် မြေမျက်နှာသွင်ပြင် ပထမအကွေ့၊ ခံ့ထည်လှပသော မြစ်ဝါမြစ် လျှိုမြောင်သုံးသွယ် (Three Gorges) နှင့် ကုန်းပြင်မြင့်ဒေသမှ ငှက်ကြည့်ရာနေရာ ချင်းဟိုင်ကန် (Qinghai) စသည့် စိတ်ဝင်စားဖွယ်ရာများစွာ ရှိပါသည်။ ဆောင်းဦးလေပြည် တဖြူးဖြူး တိုက်ခတ်နေပြီး အတွင်းမွန်ဂိုးလီးယား မြက်ခင်းလွင်ပြင်ထက် သိုးကျောင်းတေးသံသာများ ပျံ့လွင့်နေသည်မှာ စွဲမက်ဖွယ်ကောင်းလှသည်။ မြစ်ဝါမြစ်အထက်ပိုင်းမှ ဆောင်းဦးရာသီဒဏ္ဍာရီများကို တစ်နေရာချင်း အတူတကွ လိုက်လံရှာဖွေကြရအောင်လားရှင်။


WeChat Image_20220930110316.jpg


ယနေ့တွင် ဒုတိယပိုင်းအနေဖြင့် “စီချွမ်ပြည်နယ် - ပန်ဒါဝက်ဝံများမှ ကျိုကျိုက်ကိုး သဘာဝရှုမျှော်ခင်းဆီသို့” ကို  တင်ဆက်သွားပါမည်။


“စီချွမ်ပြည်နယ် - ပန်ဒါဝက်ဝံများမှ ကျိုကျိုက်ကိုး သဘာဝရှုမျှော်ခင်းဆီသို့”


ဆောင်းဦးရာသီအချိန်တွင် ပန်ဒါဝက်ဝံထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသည် အေးချမ်းသာယာနေပေသည်။ တောင်တန်းနှင့် မြစ်ချိုင့်ဝှမ်းများအကြားတွင် ပန်ဒါဝက်ဝံသားဖွားခန်း၊ ပန်ဒါဝက်ဝံမွေးမြူရေးဇုန်၊ ပန်ဒါဝက်ဝံဆေးရုံနှင့် ခမ်းနားသော ပန်ဒါဝက်ဝံအပန်းဖြေရာမြေတို့ကို  တပြန့်တကျဲ စီစဉ်နေရာချထားပါသည်။



ကျိုကျိုက်ကိုး သဘာဝရှုမျှော်ခင်းသည် “ကမ္ဘာ့သဘာဝအမွေအနှစ်” နှင့် “ကမ္ဘာ့ဇီဝအဝန်းနယ်မြေ” ဟူသော ဂုဏ်ပုဒ်နှစ်ခုကို ပိုင်ဆိုင်ထားသည့် တရုတ်နိုင်ငံ၏ တစ်ခုတည်းသောနေရာ ဖြစ်သည်။ ဤဒေသရှိ ရေကန်များသည် တောင်စဉ်တောင်တန်းများကြားတွင် တစ်ခုနှင့်တစ်ခု သွယ်ဆက်နေပြီး ရေတံခွန်မှ ရေများသည်လည်း မြင့်ရာမှ နိမ့်ရာသို့ အရှိန်အဟုန်ဖြင့် စီးကျလျက်ရှိသည်။  “ရေမြေရှုခင်းသခင်” ဟု တင်စားခံရသော ဤနေရာသည် ခမ်းနားလှပသော ဆောင်းဦးရာသီ အငွေ့အသက်များနှင့် ပေါင်းစပ်ယှက်နွယ်ကာ အပြန်အလှန် အမှီပြုကြရင်း ရှုမြင်သူတိုင်း၏ စိတ်နှလုံးကို ညှို့ယူဆွဲဆောင်နေပါတော့သည်။



စီချွမ်ပြည်နယ်မှ မြစ်ဝါမြစ်၏ ပထမအကွေ့သည် အာဗာ တိဗက်တိုင်းရင်းသားနှင့် ချန်းတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု (Ngawa Tibetan and Qiang Autonomous Prefecture) ရှိ လော့အယ်ကိုက်ကောင်တီ (Ruo'ergai) တွင် တည်ရှိသည်။ ရှုခင်းကြည့်မျှော်စင်ပေါ်မှ ကြည့်လျှင် မြက်ခင်းလွင်ပြင်များကြားမှဖြတ်၍ ကွေ့ကောက်စွာ စီးဆင်းလာသော မြစ်ဝါမြစ်၏ သဏ္ဌာန်ကို မြင်တွေ့နိုင်ပါသည်။ အဝေးခပ်လှမ်းလှမ်းမှ တောင်များအကြားတွင် နှင်းမှုန်လေးများ ပြန့်ကျဲစွာ ကျဆင်းနေပြီး ကောင်းကင်ပြာနှင့် တိမ်လွှာဖြူတို့၏ ပံ့ပိုးမှုဖြင့် ဤနေရာသည် လူ့ပြည်မှ နတ်ဘုံအလား သာယာလှပလွန်းနေပေသည်။