တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား - ဟူပေပြည်နယ်နှင့် ဟယ်နန်ပြည်နယ်
ဗီဒီယိုနှင့် ဓာတ်ပုံများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများအလိုက် ပိုင်းခြား၍ တင်ဆက်ထားသည်။ ဤအချိန်တစ်မိနစ်အတွင်းတွင် နေရာတစ်ခုချင်းစီ၏ တစ်မူထူးခြားသော ခရီးသွားယဉ်ကျေးမှုအရင်းအမြစ်များကို ပြသထားပြီး ကြည့်ရှုသူပရိသတ်တို့အတွက် တစ်မိနစ်စာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို တင်ဆက်ပေးသွားမည် ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုရန်အတွက် သတင်းကောင်းပါးပါရစေရှင်။
ဟူပေပြည်နယ် (Hubei)
ဟူပေပြည်နယ် (Hubei) သည် တရုတ်နိုင်ငံရှိ ပြည်နယ်(၉)ခုကို ချိတ်ဆက်ဆက်သွယ်ပေးသည့် အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းသဖွယ်ဖြစ်ပြီး တောတောင်ရေမြေ သာယာလှပကာ လူရည်ချွန်များစွာ ပေါ်ထွန်းရာ နေရာတစ်ခုလည်း ဖြစ်ပေသည်။ ဤှဒေသရှိ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာများဖြစ်သော စိန်နုန်ကျ (Shennongjia) သဘာဝထိန်းသိမ်းရေးနယ်မြေသည် လျှို့ဝှက်ဆန်းကြယ်၍ ဆိတ်ငြိမ်အေးချမ်းလှပပြီး ဝူတန်တောင် (Wudang) မှ တာအိုဘာသာယဉ်ကျေးမှုသည် သမိုင်းကြောင်းရှည်ကြာလှပြီဖြစ်ကာ ထန်ယာထူစီး (Tangya Tusi) ရှေးဟောင်းအမွေအနှစ်နေရာသည် ထူကျားလူမျိုးဆိုင်ရာ (Tujia) ဒဏ္ဍာရီအကြောင်းအရာများ၏ အနှစ်သာရတို့ကို မီးမောင်းထိုးကာ ထင်ဟပ်ပေါ်လွင်နေစေသည်။ ဤနေရာ၌ ယန်စီမြစ် (Yangtze) သည် ကျင်းချူဒေသယဉ်ကျေးမှု (Jingchu Culture) ကို ဖြစ်ထွန်းပေါ်ပေါက်စေခဲ့ပြီး အိန်းစီးလျှိုမြောင်ကြီး (Enshi Grand Canyon) တွင် တောင်စဉ်တောင်ထွတ်များ အထပ်ထပ်အလွှာလွှာတည်ရှိ၍ ကြိုးကြာဝါမျှော်စင် (Yellow Crane Tower) က ကမ္ဘာကျော်လူသိများလှသည်။ ကျင်းကျိုးရှေးဟောင်းမြို့တော် (Jingzhou Ancient City) သည် ခမ်းနားထည်ဝါလှကာ ချိပိရှေးသမိုင်းဝင်တိုက်ပွဲနေရာ (Chibi) က သင့်အား သုံးပြည်ထောင်ခေတ် (Three Kingdoms Period) အချိန်ကာလကို ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားရစေမည်ဖြစ်သည်။ ဟူပေပြည်နယ်၏ အလှတရားများက လာရောက်လည်ပတ်သူများအား ကြည်နူးနှစ်သက်စေမည်မှာ ဧကန်အမှန်ပင်ဖြစ်သည်။
ဟယ်နန်ပြည်နယ် (Henan)
ဟယ်နန်ပြည်နယ် (Henan) သည် သမိုင်းကြောင်းရှည်ကြာပြီး ယဉ်ကျေးမှု လေးနက်ကြွယ်ဝသော ဒေသတစ်ခုဖြစ်သည်။ ဤနေရာတွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော လော့ရန်မြို့ (Luoyang) မှ လုံမိန်ကျောက်လိုဏ်ဂူ (Longmen Grottoes) ၊ အန်းယန်ရှေးဟောင်းမြို့တော် (Anyang) မှ ရင်းရွှီး (Yinxu) ရှေးဟောင်းနေရာ၊ တိန်းဖုန်းမြို့ (Dengfeng) မှ “မိုးနှင့်မြေ၏ အလယ်ဗဟို” သမိုင်းဝင်အဆောက်အဦအစုအဝေး၊ မဟာတူးမြောင်းကြီး၏ ဟယ်နန်အပိုင်းနှင့် ပိုးလမ်းမကြီး၏ ဟယ်နန်အပိုင်းတို့ရှိသည်။ မြစ်ဝါမြစ်သည် တရုတ်လူမျိုးတို့၏ ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှုတစ်ရပ်ကို ဖြစ်ထွန်းပေါ်ပေါက်စေခဲ့ပါသည်။ “ကွန်ဖူးပညာမှာ ပထမ၊ ရှောင်လင်ကျောင်းတော်က” ဟူ၍ ရှောင်လင်သိုင်း၏ လွှမ်းမိုးကြီးစိုးမှုသဘောနှင့် ချန်မျိုးနွယ် (Chen) ထိုက်ကျီသိုင်း၏ Yin နှင့် Yang (သဘာဝ၏ ဆန့်ကျင်ဘက်တရား) တို့ရှိ သဟဇာတဖြစ်မှုသဘောများသည် ဤဒေသတွင် အပြန်အလှန် သက်ရောက်ကာ တစ်ခုနှင့်တစ်ခု ထင်ဟပ်ပေါ်လွင်နေစေသည်။ ထို့အပြင် ရှေးခေတ်ယဉ်ကျေးမှုနှင့် မျက်မှောက်ခေတ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တို့၏ ကွဲပြားမှုများကိုလည်း ဤဒေသတွင် တွေ့မြင်နိုင်သည်။ ဟယ်နန်ပြည်နယ်တစ်ခွင် လည်ပတ်သွားလာပြီး တရုတ်နိုင်ငံအကြောင်းများကို လေ့လာကြည့်ကြရအောင်လားရှင့်။