တရုတ်ခရီးသွားသင်တန်း - မြစ်ဝါမြစ်အထက်ဘက် ဆန်ကာတက်၊ ဆောင်းဦးရာသီအလှတရား တို့ခံစား (ပထမပိုင်း)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-09-30 15:07:35


WeChat Image_20220930110249.jpg


ဆောင်းဦးရာသီ၏ ရှုမျှော်ခင်းအငွေ့အသက်များ တဖြည်းဖြည်း အသက်ဝင်လာသည်နှင့်အမျှ မြစ်ဝါမြစ်၏ သူမတူထူးခြားသော သွင်ပြင်သဏ္ဌာန်များသည်လည်း ဖြည်းဖြည်းချင်း ပေါ်ထွက်လာလေသည်။ မြစ်ဝါမြစ်အထက်ပိုင်းတစ်လျှောက်ရှိ ချင်းဟိုင်ပြည်နယ် (Qinghai) ၊ စီချွမ်ပြည်နယ် (Sichuan) ၊ ကန်းစုပြည်နယ် (Gansu) ၊ နီရှာ့ပြည်နယ် (Ningxia) နှင့် အတွင်းမွန်ဂိုးလီးယားဒေသတို့ကို လေ့လာကြည့်ပါက တရုတ်လူမျိုးတို့၏ မိခင်မြစ် မြစ်ဝါမြစ်သည် ယင်းဒေသများ၏ ထည်ဝါခမ်းနားမှုနှင့် အသွင်စုံလင်မှုတို့အား ဖော်ထုတ်ပြသနေသည်ကို တွေ့မြင်ရပေလိမ့်မည်။ သဘာဝတရားကြီး၏ အဆုံးမရှိသော ဖန်တီးမှုတို့က မိတ်ဆွေတို့အား ယခုတစ်ခေါက် ဆောင်းဦးရာသီခရီးစဉ်ကို နှစ်သက်စေမည် ဖြစ်ပါသည်။ 


WeChat Image_20220930110309.jpg


ဤလမ်းကြောင်းတစ်လျှောက်တွင် ချစ်စဖွယ် ပန်ဒါဝက်ဝံများ၊ နတ်ဘုံအလား သာယာလှပနေသော ကမ္ဘာ့သဘာဝအမွေအနှစ် ကျိုကျိုက်ကိုး သဘာဝရှုမျှော်ခင်း (Jiuzhaigou) ၊ ထင်ရှားကျော်ကြားသော မြစ်ဝါမြစ် “S” သဏ္ဌာန် မြေမျက်နှာသွင်ပြင် ပထမအကွေ့၊ ခံ့ထည်လှပသော မြစ်ဝါမြစ် လျှိုမြောင်သုံးသွယ် (Three Gorges) နှင့် ကုန်းပြင်မြင့်ဒေသမှ ငှက်ကြည့်ရာနေရာ ချင်းဟိုင်ကန် (Qinghai) စသည့် စိတ်ဝင်စားဖွယ်ရာများစွာ ရှိပါသည်။ ဆောင်းဦးလေပြည် တဖြူးဖြူး တိုက်ခတ်နေပြီး အတွင်းမွန်ဂိုးလီးယား မြက်ခင်းလွင်ပြင်ထက် သိုးကျောင်းတေးသံသာများ ပျံ့လွင့်နေသည်မှာ စွဲမက်ဖွယ်ကောင်းလှသည်။ မြစ်ဝါမြစ်အထက်ပိုင်းမှ ဆောင်းဦးရာသီဒဏ္ဍာရီများကို တစ်နေရာချင်း အတူတကွ လိုက်လံရှာဖွေကြရအောင်လားရှင်။


WeChat Image_20220930110316.jpg


ယနေ့တွင် ပထမပိုင်းအနေဖြင့် “ချင်းဟိုင် - စက်ဘီးလေးဖြင့် လည်ပတ်ရှုစား၊ ချင်းဟိုင်ကန်၏ ကဗျာဆန်ဆန်အလှတရား” ကို  တင်ဆက်သွားပါမည်။


ဗီဒီယို - “သာယာလှပ ချင်းဟိုင်ဒေသ”


ချင်းဟိုင်ကန်သည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်းတွင်းပိုင်းရေကန် ဖြစ်သည်။ ဆောင်းဦးရာသီတွင် ယင်းကန်၏ ပုံစံမှာ တောင်များနှင့် မြက်ခင်းလွင်ပြင်များအကြား၌ ထည့်မြှုပ်စီခြယ်ထားသော ဧရာမ ကျောက်စိမ်းပန်းကန်ပြားကြီးတစ်ချပ်သဖွယ် ဖြစ်နေပါသည်။ ဆောင်းဦးရာသီ၏ ပထမလသည် ချင်းဟိုင်ကန်၏ အလှဆုံး ရာသီချိန်ခါများအနက်မှ တစ်ချိန်ပင် ဖြစ်သည်။ မြက်ခင်းလွင်ပြင်သည် အစိမ်းရောင် ကော်ဇောထူကြီးတစ်ထပ်ကို ခင်းကျင်းထားသကဲ့သို့ ဖြစ်နေပြီး ကန်ပတ်လမ်းမှ တောင်ပေါ်စားကျက်မြေနှင့် ဝေဆာဖူးပွင့်နေသော ရောင်စုံအရိုင်းပန်းများအပြင် ထိုအလှအပများအကြား လျှပ်တစ်ပြက် ပေါ်ထွက်လာတတ်သော ကျွဲ၊ နွား၊ သိုး၊ ဆိတ်များဖြင့် နေရာတိုင်းသည် ကဗျာဆန်ဆန် ပန်းချီကားသဖွယ် လှပနေပါတော့သည်။


WeChat Image_20220930110321.jpg


ချင်းဟိုင်ကန်၏ ကန်ပတ်လမ်းအရှည်မှာ (၃၆၀)ကီလိုမီတာခန့် ရှိသည်။ ယင်းကန်ကို လည်ပတ်လေ့လာရန် အကောင်းဆုံးသော နည်းလမ်းမှာ စက်ဘီးစီးလည်ပတ်ခြင်း ဖြစ်သည်။ အေးချမ်းဆိတ်ငြိမ်ပြီး ကဗျာဆန်စွာ လှပသော ချင်းဟိုင်ကန်နံဘေးတွင် စက်ဘီးစီးနင်းရင်း ကြည်ပြာရောင် ကန်ရေပြင်နှင့် ကောင်းကင်ပြင် ရှုခင်းတို့က စိတ်နှလုံးကို ညှို့ယူဆွဲဆောင်ပေလိမ့်မည်။