တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား - ချုံချင့်မြို့နှင့် ကွေ့ကျိုးပြည်နယ်
ဗီဒီယိုများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများအလိုက် ပိုင်းခြား၍ တင်ဆက်ထားသည်။ ဤအချိန်တစ်မိနစ်အတွင်းတွင် နေရာတစ်ခုချင်းစီ၏ တစ်မူထူးခြားသော ခရီးသွားယဉ်ကျေးမှုအရင်းအမြစ်များကို ပြသထားပြီး ကြည့်ရှုသူပရိသတ်တို့အတွက် တစ်မိနစ်စာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို တင်ဆက်ပေးသွားမည် ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုရန်အတွက် သတင်းကောင်းပါးပါရစေရှင်။
ချုံချင့်မြို့ (Chongqing)
ချုံချင့်မြို့ (Chongqing) သည် သဘာဝတောတောင်ရေမြေများ ပတ်လည်ဝိုင်းရံနေပြီး မြစ်ချောင်းအသွယ်သွယ် လျှိုမြောင်အထပ်ထပ် ရစ်ပတ်လွှမ်းခြုံလျက်ရှိသော မြို့တစ်မြို့ဖြစ်သည်။ ဤနေရာရှိ ခမ်းနားထည်ဝါသော လျှိုမြောင်သုံးသွယ် (Three Gorges) ရှုခင်းနေရာသည် ကမ္ဘာကျော်ဖြစ်ပြီး အထူးထင်ရှားကာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော တာ့ကျူကျောက်ပန်းပုလက်ရာ (Dazu Rock Carvings) သည်လည်း ပြိုင်စံရှားပင်ဖြစ်သည်။ ကမ္ဘာ့သဘာဝအမွေနှစ်များဖြစ်သော ဝူလုံထုံးကျောက်တောင်စုမြေနေရာ (Wulong Karst) နှင့် ကျင်းဖော်တောင် (Jinfo) တို့မှာ ခံ့ညားထည်ဝါလှကာ ဝူးဆန်းကောင်တီ (Wushan) ရှိ လျှိုမြောင်ငယ်သုံးသွယ် (Small Three Gorges) ရှုခင်းသာနေရာသည် “နိုင်ငံ့အကောင်းဆုံး အပျော်ဖောင်စီး ဆော့ကစားရာနေရာ” ဟူ၍ နာမည်ဂုဏ်သတင်းကျော်စောသည်။ ချုံချင့်မြို့၏ ညမြင်ကွင်းသည် ခမ်းနားလှပြီး မာလာဟော့ပေါ့က လျှာလည်ခံတွင်းတွေ့စေမည်ဖြစ်ကာ လာရောက်လည်ပတ်သူများကို ထိုမြို့မှ မပြန်ချင်လောက်အောင်ကိုပင် ဆွဲဆောင်နေပါသည်။
ကွေ့ကျိုးပြည်နယ် (Guizhou)
ကွေ့ကျိုးပြည်နယ် (Guizhou) ပြည်နယ်သည် တောတောင်များကြောင့် နာမည်ကျော်ကြားပြီး တောတောင်များကြောင့်ပင် သာယာလှပသည်။ ကမ္ဘာ့အမွေအနှစ်နေရာများဖြစ်သော ဖန့်ကျင့်တောင် (Fanjing) သည် ငွားငွားစွင့်စွင့် မိုးပေါ်ထောင်မတ်နေပြီး လိပေါကောင်တီ (Libo) ရှိ ထုံးကျောက်တောင်များသည် ကြီးကျယ်ခမ်းနားလှကာ ချိဆွေမြို့ (Chishui) ရှိ Danxia (ခေါ်) ရောင်စုံသဘာဝမြေမျက်နှာသွင်ပြင်ရှုခင်းနေရာသည် ခမ်းနားလှပ၍ ဟိုင်လုံထွင် (Hailongtun) ရှေးဟောင်းနေရာသည် လျှို့ဝှက်ဆန်းကြယ်ပြီး မတ်စောက်သည်။ ဤနေရာတွင် အာရှတိုက်၏ အကြီးဆုံးရေတံခွန်ဖြစ်သော ဟွမ်ကောစုရေတံခွန် (Huangguoshu) ၊ ကျယ်ပြောလှသော ဝမ့်ဖုန်းသစ်တော (Wanfeng) ၊ ရှေးဆန်၍ ငြိမ်သက်အေးချမ်းသော မြောင်လူမျိုး (Miao) နှင့် တုန့်လူမျိုး (Dong) တို့၏ ဌာနေနှင့် အသွင်စုံလင်ခမ်းနားသော လူနည်းစုတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုများကို တွေ့မြင်ခံစားနိုင်ပြီး သာယာလှပသော တောတောင်ရေမြေ ရှုမျှော်ခင်းများဖြင့် ပြည့်နှက်နေကာ မြင်မြင်ရသမျှက ရင်သပ်ရှုမောဖွယ်ရာများပင် ဖြစ်နေပါတော့သည်။