“စိတ်ကူးသရုပ်ဖော် ခံစားတွေးခေါ် - တရုတ်နိုင်ငံ၏ အထင်ကရပန်းချီကားများကို ဒစ်ဂျစ်တယ်နည်းဖြင့် လှုပ်ရှားသက်ဝင်စွာ တင်ဆက်ပြသမှု” (အပိုင်း - ၄)
“စိတ်ကူးသရုပ်ဖော် ခံစားတွေးခေါ် - တရုတ်နိုင်ငံ၏ အထင်ကရပန်းချီကားများကို ဒစ်ဂျစ်တယ်နည်းဖြင့် လှုပ်ရှားသက်ဝင်စွာ တင်ဆက်ပြသမှု” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုအတိုအစီအစဉ်တွင် တရုတ်နိုင်ငံ၏ အထင်ကရ ပန်းချီအနုပညာလက်ရာများကို ရွေးချယ်ထားပြီး တောတောင်ရေမြေ ရှုခင်းပန်းချီ၊ မိန်းမပျိုရုပ်ပုံပန်းချီ၊ ဥယျာဉ်ပန်းချီ အစရှိသော မတူညီသည့် ပုံစံအမျိုးမျိုးဖြင့် “မင်းဆက်ငါးခုခေတ်”မှ မင်မင်းဆက်ခေတ် (အေဒီ ၉၀၇ ခုနှစ် - ၁၆၄၄ ခုနှစ်) အချိန်ကာလအပိုင်းအခြားရှိ အကြောင်းအရာများ ပါဝင်ပါသည်။
ဤဗီဒီယိုအတိုများတွင် လှုပ်ရှားသက်ဝင်စွာ တင်ဆက်မှုပုံစံဖြင့် ပန်းချီရေးဆွဲနည်းပညာများကို ရှင်းလင်းပြောဆိုထားပြီး ပန်းချီရေးဆွဲမှု ဇာတ်လမ်းအကြောင်းအရာကို ခံစားတင်ပြထားကာ “တာအိုပညာရပ်၏ သဘာဝတရား”နှင့် “မိုးသားနှင့်လူသား တစ်သားတည်းဖြစ်ခြင်း”၏ ဒဿနအတွေးအမြင်များကို ဖော်ပြထားသည်။ ယင်းသည် အရာဝတ္ထုကိစ္စရပ်များအပေါ် သက်ရောက်မှုရှိသော အသံကင်းမဲ့သည့် အနုသုခုမရသပညာ လေ့ကျင့်ပျိုးထောင်မှု တစ်ကြိမ်ဖြစ်ပြီး ပရိသတ်များအား ကြွယ်ဝများပြားသော၊ သုံးဖက်မြင်နှင့် ဘက်ပေါင်းစုံရှုထောင့်ဖြစ်သော၊ ဂန္ထဝင်အနုသုခုမအလှတရား စိတ်ကူးခံစားချက်များဖြင့် ပြည့်နှက်နေသော “အရှေ့တိုင်းဥယျာဉ်ကမ္ဘာ”တစ်ခုကို တင်ဆက်ပြသထားပါသည်။
“အဦးဆုံးဝေသည့် ဆီးနှင်းဖွေး၊ မြစ်ကမ်းတစ်ကြောရှိ သရုပ်မြင်ကွင်း” မင်းဆက်ငါးခုခေတ်
(အေဒီ ၉၀၇ ခုနှစ် - ၉၆၀ ခုနှစ်) ကျောက်ကန် (Zhao Gan)
“အဦးဆုံးဝေသည့် ဆီးနှင်းဖွေး၊ မြစ်ကမ်းတစ်ကြောရှိ သရုပ်မြင်ကွင်း”သည် “မင်းဆက်ငါးခုခေတ်”ကာလရှိ ပန်းချီဆရာ ကျောက်ကန် (Zhao Gan) ဖန်တီးရေးဆွဲထားသည့် ရိုးရာမင်နှင့်ရောင်စုံသုံး ပိုးထည်ပါးပန်းချီကားတစ်ချပ် ဖြစ်သည်။ ယင်းပန်းချီကားလိပ်သည် အလျား ၃၇၆.၅ စင်တီမီတာနှင့် အနံ ၂၅.၉ စင်တီမီတာ အရွယ်အစားရှိပြီး ယခုအခါ ထိုင်ပေရှေးဟောင်းနန်းတော်ပြတိုက်တွင် သိမ်းဆည်းထားရှိသည်။
“အဦးဆုံးဝေသည့် ဆီးနှင်းဖွေး၊ မြစ်ကမ်းတစ်ကြောရှိ သရုပ်မြင်ကွင်း”
“အဦးဆုံးဝေသည့် ဆီးနှင်းဖွေး၊ မြစ်ကမ်းတစ်ကြောရှိ သရုပ်မြင်ကွင်း” ပန်းချီကားလိပ်တစ်ချပ်လုံးသည် ယန်ဇီမြစ်ကြောတစ်လျှောက်ရှိ တံငါရွာများတွင် အစောပိုင်းအဦးဆုံး ဆီးနှင်းကျသောအချိန်၌ အများသူငှာတို့ အလုပ်လုပ်ကိုင်နေကြသည့် အခြေအနေမြင်ကွင်းများကို ပုံဖော်ရေးဆွဲထားသည်။ အနီးကပ်မြင်ကွင်း၊ ကိုယ်တစ်ပိုင်းမြင်ကွင်း သရုပ်ဖော်မှုပုံစံများဖြင့် ပုံဖော်ရေးဆွဲထားခြင်းသည် ယနေ့ခေတ် ဓာတ်ပုံပညာရှိ အနီးကပ်အထူးမြင်ကွင်းရိုက်ချက်ပညာနှင့် တူညီသည်။ ဤပညာမျိုးကို အသုံးပြုခြင်းသည် ရှုခင်းပန်းချီကားထဲရှိ ဇာတ်ကောင်များကို ပုံကြီးချဲ့ပေါ်လွင်စေပြီး များပြားလှစွာသော ဇာတ်ကောင်များကို မျက်စိရှေ့ရှိ အနီးကပ်မြင်ကွင်းထဲတွင် စုစည်းထင်ဟပ်နေစေကာ ရှုခင်းပန်းချီကားအမျိုးအစားတွင် မွမ်းမံခြယ်သမှုအဖြစ် အသုံးပြုလေ့ရှိသော ဇာတ်ကောင်များကို ယင်းပန်းချီကားမြင်ကွင်းထဲရှိ အဓိကဇာတ်ကောင်များအနက်မှ တစ်ခုအဖြစ် ဖြစ်လာစေသည်။
“နွေဦးသစ်စ ရှုခင်းပန်းချီ” မြောက်ပိုင်းစုန့်မင်းဆက်ခေတ်
(အေဒီ ၉၆၀ ခုနှစ် - ၁၂၇၉ ခုနှစ်) ကောရှီး (Guo Xi)
“နွေဦးသစ်စ ရှုခင်းပန်းချီ”ကို မြောက်ပိုင်းစုန့်မင်းဆက်ခေတ် နန်းတွင်းပန်းချီတော် ကောရှီး (Guo Xi) ဖန်တီးရေးဆွဲထားခြင်းဖြစ်သည်။ ယင်းပန်းချီကားလိပ်သည် အလျား ၁၀၈.၁ စင်တီမီတာနှင့် အနံ ၁၅၈.၃ စင်တီမီတာ အရွယ်အစားရှိပြီး ယခုအခါ ထိုင်ပေရှေးဟောင်းနန်းတော်ပြတိုက်တွင် သိမ်းဆည်းထားရှိသည်။
“နွေဦးသစ်စ ရှုခင်းပန်းချီ”
“နွေဦးသစ်စ ရှုခင်းပန်းချီ”တွင် နွေဦးအစောပိုင်းအချိန်ကာလ၌ မြောက်ပိုင်းတောင်တန်းများရှိ ရှုခင်းမြင်ကွင်းများကို ပုံဖော်ရေးဆွဲထားသည်။ မြင်ကွင်းကျယ်ရှုခင်းပုံစံ သရုပ်ဖော်မှုကို အသုံးပြု၍ မြင့်မားဝေးကွာဟန်၊ နက်ရှိုင်းဝေးကွာဟန်၊ ကျယ်ပြောဝေးကွာဟန် ရေးဆွဲပုံဖော်နည်းများကို ပန်းချီကားတစ်ချပ်တည်းတွင် ထည့်သွင်းပေါင်းစပ် ရေးဆွဲပုံဖော်ထားသည်မှာ ယင်းပန်းချီကားမြင်ကွင်းတစ်ခုလုံးကို ခပ်နက်နက် ခပ်ဝေးဝေး အမြင်အာရုံခံစားမှုမျိုးကို ဖြစ်ပေါ်စေသည်။ တောင်တန်းများအား အနုစိတ် ပုံဖော်ရေးခြယ်ခြင်းများမှတစ်ဆင့် ဆောင်းကုန်လေ၍ နွေဦးရာသီ ရောက်ရှိလာမှု၊ ကမ္ဘာမြေကြီး ပြန်လည်ရှင်သန်နိုးထလာမှုနှင့် အရာခပ်သိမ်းတို့ အလဲအလှယ်အကူးအပြောင်းများ ဖြစ်ပေါ်နေသည့် ရာသီအပြောင်းအလဲများကို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား ထင်ဟပ်ဖော်ပြနေပေသည်။
“မင်္ဂလာကြိုးကြာ” မြောက်ပိုင်းစုန့်မင်းဆက်ခေတ် (အေဒီ ၉၆၀ ခုနှစ် - ၁၂၇၉ ခုနှစ်)
ကျောက်ကျီ (Zhao Ji)
“မင်္ဂလာကြိုးကြာ” ပန်းချီသည် မြောက်ပိုင်းစုန့်မင်းဆက်ခေတ်ဘုရင် စုန့်ဟွေးကျုံး (Huizong) ခေါ် ကျောက်ကျီ (Zhao Ji) မှ ဖန်တီးရေးဆွဲထားခြင်းဖြစ်ကာ ယင်းပန်းချီကားသည် အလျား ၁၃၈.၂ စင်တီမီတာနှင့် အနံ ၅၁ စင်တီမီတာ အရွယ်အစားရှိပြီး ယခုအခါ လျောင်နင်ပြည်နယ်ပြတိုက်တွင် သိမ်းဆည်းထားရှိသည်။
“မင်္ဂလာကြိုးကြာ”
“မင်္ဂလာကြိုးကြာ” ပန်းချီတွင် နန်းတော်ဝေဟင်ထက်၌ ကြိုးကြာများ ရစ်ဝဲပျံသန်းနေသည့် ခမ်းနားထည်ဝါမှုမြင်ကွင်းကို ပုံဖော်ရေးဆွဲထားသည်။ သရုပ်ဖော်မှုပုံစံမှာ ရိုးရာပုံစံမှ ကွဲထွက်ပြောင်းလဲထားပြီး အမိုးတံစက်မြိတ်မျဉ်းသည် မိုးကောင်းကင်ယံအပြည့် ပျံဝဲနေသည့် ငှက်ကြိုးကြာများကို ထင်ဟပ်ပေါ်လွင်နေစေကာ ဇာတ်လမ်းဇာတ်ကွက် အကြောင်းအရာများကိုလည်း ပေးစွမ်းနိုင်၍ သဘာဝသရုပ်လွန်ဝါဒ (Surrealism) ၏ သရုပ်ဖော်မှုပညာမျိုးပင် ဖြစ်သည်။ ကြိုးကြာငှက်များ၏ ကိုယ်ဟန်အနေအထား အမျိုးမျိုး အစုံအလင် ပြောင်းလဲနေပြီး တစ်ခုချင်းစီတိုင်းတွင်လည်း ယင်း၏ ကိုယ်ပိုင်ထူးခြားချက် ဝိသေသလက္ခဏာများ ပြည့်ဝနေပေသည်။