“စိတ်ကူးသရုပ်ဖော် ခံစားတွေးခေါ် - တရုတ်နိုင်ငံ၏ အထင်ကရပန်းချီကားများကို ဒစ်ဂျစ်တယ်နည်းဖြင့် လှုပ်ရှားသက်ဝင်စွာ တင်ဆက်ပြသမှု” (အပိုင်း - ၃)
“စိတ်ကူးသရုပ်ဖော် ခံစားတွေးခေါ် - တရုတ်နိုင်ငံ၏ အထင်ကရပန်းချီကားများကို ဒစ်ဂျစ်တယ်နည်းဖြင့် လှုပ်ရှားသက်ဝင်စွာ တင်ဆက်ပြသမှု” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုအတိုအစီအစဉ်တွင် တရုတ်နိုင်ငံ၏ အထင်ကရ ပန်းချီအနုပညာလက်ရာများကို ရွေးချယ်ထားပြီး တောတောင်ရေမြေ ရှုခင်းပန်းချီ၊ အမျိုးသမီးရုပ်ပုံပန်းချီ၊ ဥယျာဉ်ပန်းချီ အစရှိသော မတူညီသည့် ပုံစံအမျိုးမျိုးဖြင့် “မင်းဆက်ငါးခုခေတ်”မှ မင်မင်းဆက်ခေတ် (အေဒီ ၉၀၇ ခုနှစ် - ၁၆၄၄ ခုနှစ်) အချိန်ကာလအပိုင်းအခြားရှိ အကြောင်းအရာများ ပါဝင်ပါသည်။
ဤဗီဒီယိုအတိုများတွင် လှုပ်ရှားသက်ဝင်စွာ တင်ဆက်မှုပုံစံဖြင့် ပန်းချီရေးဆွဲနည်းပညာများကို ရှင်းလင်းပြောဆိုထားပြီး ပန်းချီရေးဆွဲမှု ဇာတ်လမ်းအကြောင်းအရာကို ခံစားတင်ပြထားကာ “တာအိုပညာရပ်၏ သဘာဝတရား”နှင့် “မိုးသားနှင့်လူသား တစ်သားတည်းဖြစ်ခြင်း”၏ ဒဿနအတွေးအမြင်များကို ဖော်ပြထားသည်။ ယင်းသည် အရာဝတ္ထုကိစ္စရပ်များအပေါ် သက်ရောက်မှုရှိသော အသံကင်းမဲ့သည့် အနုသုခုမရသပညာ လေ့ကျင့်ပျိုးထောင်မှု တစ်ကြိမ်ဖြစ်ပြီး ပရိသတ်များအား ကြွယ်ဝများပြားသော၊ သုံးဖက်မြင်နှင့် ဘက်ပေါင်းစုံရှုထောင့်ဖြစ်သော၊ ဂန္ထဝင်အနုသုခုမအလှတရား စိတ်ကူးခံစားချက်များဖြင့် ပြည့်နှက်နေသော “အရှေ့တိုင်းဥယျာဉ်ကမ္ဘာ”တစ်ခုကို တင်ဆက်ပြသထားပါသည်။
“ဆောင်းဦးရာသီ ရှုခင်းပန်းချီ” တောင်ပိုင်းစုန့်မင်းဆက်ခေတ်
(အေဒီ ၁၁၂၇ ခုနှစ် - ၁၂၇၉ ခုနှစ်) ကျောက်ပေါ်ကျွီ (Zhao Boju)
“ဆောင်းဦးရာသီ ရှုခင်းပန်းချီ”ကို စုန့်မင်းဆက်ခေတ်၏ ဘုရင့်ဆွေတော်မျိုးတော်ဖြစ်သူ ကျောက်ပေါ်ကျွီ (Zhao Boju)မှ ဖန်တီးရေးဆွဲထားခြင်းဖြစ်ပြီး ယခုအခါ ပေကျင်းရှေးဟောင်းနန်းတော်ပြတိုက်တွင် သိမ်းဆည်းထားရှိသည်။
“ဆောင်းဦးရာသီ ရှုခင်းပန်းချီ”
“ဆောင်းဦးရာသီ ရှုခင်းပန်းချီ”သည် တရုတ်နိုင်ငံမြောက်ပိုင်းရှိ တောတောင်ရေမြေ ရှုခင်းမြင်ကွင်းများကို ပုံဖော်ရေးခြယ်ထားပြီး ယင်းပန်းချီကား၏ အထားအသို အခင်းအကျင်းမှာ သိပ်သည်းကျစ်လျစ်ကာ သရုပ်ဖော်ကောက်ကြောင်းမှာ အနုစိတ်သပ်ရပ်၍ အရောင်ခြယ်မှုန်း အသုံးပြုထားပုံမှာလည်း ရွှန်းစိုလှပသည်။ (Azurite) စိမ်းပြာရောင်နှင့် (Malachite) ဥဒေါင်းစိမ်းရောင်တို့ကို အဓိကထားပြီး ဟင်္သပြဒါးရောင်၊ မြေနီဆေးရောင်၊ အဖြူရောင် အစရှိသည့် အရောင်များကို တွဲဖက်အသုံးပြုထားသည်မှာ အရောင်အသွေးကို သက်ဝင်တောက်ပပြီး သဟဇာတဖြစ်စေပါသည်။ ပန်းချီကားလက်ရာတစ်ခုလုံးတွင် စာပေပညာရှင်၏ “ပညာသည်စိတ်ဓာတ်” အငွေ့အသက်ခံစားချက်များ ပြည့်နှက်နေပြီး ဖန်တီးရေးဆွဲသူ ပန်းချီဆရာ၏ ဇာတိမြေကို ဆုံးရှုံးရသည့် လွမ်းဆွတ်တမ်းတနေမှု ခံစားချက်များကို ဖော်ပြနေပါသည်။
“တုန်းကျွမ်း(Dongzhuang)ဥယျာဉ်အိမ်တော်” မင်မင်းဆက်ခေတ်
(အေဒီ ၁၃၆၈ ခုနှစ် - ၁၆၄၄ ခုနှစ်) စိန်ကျိုး (Shen Zhou)
“တုန်းကျွမ်း(Dongzhuang)ဥယျာဉ်အိမ်တော်”သည် ဝူဂိုဏ်းပန်းချီအမျိုးအစား (Wu School)၏ တည်ထောင်သူ၊ “မင်ခေတ် ပန်းချီပညာရှင်ကြီးလေးဦး” အနက်တွင် တစ်ဦးအပါအဝင်လည်းဖြစ်သည့် စိန်ကျိုး (Shen Zhou) ဖန်တီးရေးဆွဲထားသည့် တရုတ်ရိုးရာပန်းချီစာအုပ်ဖြစ်ပြီး ယခုအခါ နန်ကျင်းပြတိုက်တွင် သိမ်းဆည်းထားရှိသည်။
“တုန်းကျွမ်း(Dongzhuang)ဥယျာဉ်အိမ်တော်”(ပထမပိုင်း)
“တုန်းကျွမ်း(Dongzhuang)ဥယျာဉ်အိမ်တော်”ပန်းချီကားသည် စိန်ကျိုး (Shen Zhou)မှ ယင်း၏မိတ်ဆွေ ဝူခွမ်း (Wu Kuan)၏ ကိုယ်ပိုင်ဥယျာဉ်ခြံဝင်းဖြစ်သည့် တုန်းကျွမ်း(Dongzhuang)ဥယျာဉ်အိမ်တော်အတွက် ရေးဆွဲပေးထားခြင်းဖြစ်သည်။ ဖန်တီးရေးဆွဲသူ ပန်းချီဆရာသည် ရေကို အခရာထား၍ အနုစိတ်ရေးဆွဲချက်လက်ရာများမှာ သေသပ်ပြောင်မြောက်လွန်းလှပြီး အလွတ်တန်းဖန်တီးရေးဆွဲချက်လက်ရာများမှာ ပီပီပြင်ပြင်နှင့် အသက်ဝင်လှကာ ဥယျာဉ်ဝင်း၏ ပထဝီဝင်တည်နေရာနှင့် ဥယျာဉ်ဝင်း ထူးခြားချက်လက္ခဏာများကို တိကျပိုင်နိုင်စွာ ပုံဖော်ရေးဆွဲနိုင်ပေသည်။ ကြည်ကြည်လင်လင် ရေကြည်ရောင်ကို ထူထူထဲထဲ မင်နက်ရောင်၊ ဖျော့တော့တော့ နီမောင်းမောင်းရောင်တို့နှင့် တွဲဖက်ရောစပ်ထားသည်မှာ အလွန်ပြောင်မြောက်သော အရောင်အသွေး သရုပ်ဖော်ရလဒ်ကို ရရှိစေပါသည်။
“တုန်းကျွမ်း(Dongzhuang)ဥယျာဉ်အိမ်တော်”(ဒုတိယပိုင်း)