“စိတ်ကူးသရုပ်ဖော် ခံစားတွေးခေါ် - တရုတ်နိုင်ငံ၏ အထင်ကရပန်းချီကားများကို ဒစ်ဂျစ်တယ်နည်းဖြင့် လှုပ်ရှားသက်ဝင်စွာ တင်ဆက်ပြသမှု” (အပိုင်း - ၂)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-03-29 17:00:16


WeChat Image_20220322093925.jpg


“စိတ်ကူးသရုပ်ဖော် ခံစားတွေး‌ခေါ် - တရုတ်နိုင်ငံ၏ အထင်ကရပန်းချီကားများကို ဒစ်ဂျစ်တယ်နည်းဖြင့် လှုပ်ရှားသက်ဝင်စွာ တင်ဆက်ပြသမှု” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုအတိုအစီအစဉ်တွင် တရုတ်နိုင်ငံ၏ အထင်ကရ ပန်းချီအနုပညာလက်ရာများကို ရွေးချယ်ထားပြီး တောတောင်ရေမြေ ရှုခင်းပန်းချီ၊ မိန်းမပျိုရုပ်ပုံပန်းချီ၊ သစ်တောဥယျာဉ်ပန်းချီ အစရှိသော မတူညီသည့် ပုံစံအမျိုးမျိုးဖြင့် “မင်းဆက်‌ငါးခုခေတ်”မှ မင်မင်းဆက်ခေတ် (အေဒီ ၉၀၇ ခုနှစ် - ၁၆၄၄ ခုနှစ်) အချိန်ကာလအပိုင်းအခြားရှိ အကြောင်းအရာများ ပါဝင်ပါသည်။



“မိတ်ဆက်ဗီဒီယို”


ဤဗီဒီယိုအတိုများတွင် လှုပ်ရှားသက်ဝင်စွာ တင်ဆက်မှုပုံစံဖြင့် ပန်းချီရေးဆွဲနည်းပညာများကို ရှင်းလင်းပြောဆိုထားပြီး ပန်းချီရေးဆွဲမှု ဇာတ်လမ်းအကြောင်းအရာကို ခံစားတင်ပြထားကာ “တာအိုပညာရပ်၏ သဘာဝတရား”နှင့် “မိုးသားနှင့်လူသား တစ်သားတည်းဖြစ်ခြင်း”၏ ဒဿနအတွေးအမြင်များကို ဖော်ပြထားသည်။ ယင်းသည် အရာဝတ္ထုကိစ္စရပ်များအပေါ် သက်ရောက်မှုရှိသော အသံကင်းမဲ့သည့် အနုသုခုမရသပညာ လေ့ကျင့်ပျိုးထောင်မှု တစ်ကြိမ်ဖြစ်ပြီး ပရိသတ်များအား ကြွယ်ဝများပြားသော၊ သုံးဖက်မြင်နှင့် ဘက်ပေါင်းစုံရှုထောင့်ဖြစ်သော၊ ဂန္ထဝင်အနုသုခုမအလှတရား စိတ်ကူးခံစားချက်များဖြင့် ပြည့်နှက်နေသော “အရှေ့တိုင်းဥယျာဉ်ကမ္ဘာ”တစ်ခုကို တင်ဆက်ပြသထားပါသည်။


“ချွယ့်တောင်နှင့်ဟွာတောင် ဆောင်းဦးမြင်ကွင်း ရောင်ခြယ်ပန်းချီ” ယွမ်မင်းဆက်ခေတ်

(အေဒီ ၁၂၇၁ ခုနှစ် - ၁၃၆၈ ခုနှစ်) ကျောက်မုန့်ဖူ (Zhao Mengfu)


“ချွယ့်တောင်နှင့်ဟွာတောင် ဆောင်းဦးမြင်ကွင်း ရောင်ခြယ်ပန်းချီ”သည် ယွမ်‌မင်းဆက်ခေတ် ပန်းချီဆရာ ကျောက်မုန့်ဖူ (Zhao Mengfu) ဖန်တီးရေးဆွဲထားခြင်းဖြစ်ပြီး ယခုအခါ ထိုင်ပေရှေးဟောင်းနန်းတော်ပြတိုက်တွင် သိမ်းဆည်းထားရှိသည်။



“ချွယ့်တောင်နှင့်ဟွာတောင် ဆောင်းဦးမြင်ကွင်း ရောင်ခြယ်ပန်းချီ”


“ချွယ့်တောင်နှင့်ဟွာတောင် ဆောင်းဦးမြင်ကွင်း ရောင်ခြယ်ပန်းချီ”တွင် ကျီနန်မြို့ (Jinan)ရှိ ဟွာပူကျုတောင် (Huabuzhu)နှင့် ချွယ့်တောင် (Que)တို့၏ ဆောင်းဦးရာသီ ရှုခင်းမြင်ကွင်းများကို သရုပ်ဖော်ရေးဆွဲထားသည်။ ကျယ်ပြောဝေးကွာဟန် ရေးဆွဲပုံဖော်နည်းကို အသုံးပြုထားသည်မှာ စိတ်ကူးပုံရိပ်ယောင်နှင့် လက်တွေ့ကမ္ဘာတို့အကြား အပြန်အလှန် ကူးပြောင်းဆက်နွှယ်နေစေပြီး ပန်းချီမြင်ကွင်းသည် ကြည်လင်အေးချမ်းလှကာ ငြိမ်သက်သာယာ၍ အေးအေးဆေးဆေးဖြစ်သော သဘာဝအငွေ့အသက် ခံစားချက်များကို တင်ဆက်ဖော်ပြနေပါသည်။ ပုံကားချပ်ထဲရှိ တောင်ထိပ်နှစ်ခု၏ အရောင်အသွေးသည် ပို၍တောက်ပပေါ်လွင်နေပြီး ကျွန်းငယ်များ၊ သစ်ပင်များ အစရှိသည့် အခြားသော မြင်ကွင်းများကို အရောင်အဖျော့အရင့် ကွဲပြားမှုရှိသည့် စိမ်းပြာရောင်ဖြင့် ပုံဖော်ရေးခြယ်ထားကာ အိမ်များ၊ ကျွဲနွားများနှင့် အချို့သစ်ရွက်များကိုမူ အနီရောင်၊ အဝါရောင်နှင့် အတောက်ရောင် အစရှိသည့် နွေးနွေးထွေးထွေးဖြစ်စေသော အရောင်တွဲများကို အသုံးပြုထားသည်။ ဤကဲ့သို့ အရောင် အငြိမ်အအေးနှင့် အနွေးအထွေးများကို ရောယှက်ခြယ်သထားသည်မှာ ဆောင်းဦးရာသီ၏ သဲလဲစင်ကြည်လင်မှုကို ပေါ်လွင်စေရုံသာမက လူ့စိတ်ခံစားချက်များ၏ ပျော်ရွှင်သာယာမှု၊ သဟဇာတဖြစ်မှုနှင့် တည်ငြိမ်အေးချမ်းမှုများကိုလည်း ထင်ဟပ်ပြသနေပါသည်။


“ထန်ခေတ်နန်းတွင်းရှိ မိန်းမပျိုများ ရုပ်ပုံပန်းချီ” ထန်မင်းဆက်ခေတ် 

(အေဒီ ၆၁၈ ခုနှစ် - ၉၀၇ ခုနှစ်) ကျန်းရွှမ်း (Zhang Xuan) ၊ ကျိုးဖန် (Zhou Fang)


“ထန်ခေတ်နန်းတွင်းရှိ မိန်းမပျိုများ ရုပ်ပုံပန်းချီ”တွင် ထန်မင်းဆက်ခေတ်ရှိ ဇာတ်ကောင်ပန်းချီ (၅)ပုံ ပါဝင်ပြီး ကျန်းရွှမ်း (Zhang Xuan)၏ “ကော်ကော်ကတော် (Lady Guoguo)၏ နွေဦးအလည်အပတ်ခရီး” (ယခုအခါ လျောင်နင်ပြည်နယ်ပြတိုက်တွင် သိမ်းဆည်းထားရှိသည်)၊ “အကြိတ်အထောင်း၊ အချုပ်အလုပ်” (ယခုအခါ အမေရိကန်နိုင်ငံ ဘော်စတွန်ပြတိုက်တွင် သိမ်းဆည်းထားရှိသည်)၊ ကျိုးဖန် (Zhou Fang)၏ “ပန်းအလှတန်ဆာခေါင်းဆောင်းနှင့် မိန်းမပျို” (ယခုအခါ လျောင်နင်ပြည်နယ်ပြတိုက်တွင် သိမ်းဆည်းထားရှိသည်)၊ “ယပ်တောင်ခတ်ယမ်းနေသည့် မိန်းမပျို” (ယခုအခါ ပေကျင်းရှေးဟောင်းနန်းတော်ပြတိုက်တွင် သိမ်းဆည်းထားရှိသည်) နှင့် ထန်ခေတ်နှောင်းပိုင်းရှိ “နန်းတွင်းတေးဂီတသဘင်” (ယခုအခါ ထိုင်ပေ‌ရှေးဟောင်းနန်းတော်ပြတိုက်တွင် သိမ်းဆည်းထားရှိသည်) အသီးသီးတို့ ဖြစ်ပါသည်။ 



“ထန်ခေတ်နန်းတွင်းရှိ မိန်းမပျိုများ ရုပ်ပုံပန်းချီ” (ပထမပိုင်း)


“ထန်ခေတ်နန်းတွင်းရှိ မိန်းမပျိုများ ရုပ်ပုံပန်းချီ”တွင် ထန်မင်းဆက်ခေတ်ရှိ မျိုးရိုးမြင့်မြတ်‌သူ အမျိုးသမီးများ၏ ဘဝနေထိုင်မှုအခြေအနေများကို အဓိကအားဖြင့် ပုံဖော်ပြထားသည်။ ရုပ်ပုံလွှာထဲရှိ သရုပ်‌ဖော်လိုင်းများသည် အနုစိတ်သေသပ်၍ အားမာန်ပြည့်ဝပြီး အရောင်အသွေး စီရင်ခြယ်မှုန်းထားသည်မှာ လှပထည်ဝါကာ အများအားဖြင့် အနီရောင်ကို အသုံးပြုထားသည်။ ဇာတ်ကောင်ရုပ်သွင်အနေအထားသည် ဖြိုးမောက်ပြီး အမူအရာများသည် အာရုံစူးစိုက်မှုဟန်အပြည့် သဘာဝကျကျနှင့် အ‌သေးစိတ် အကြောင်းအ‌ရာများအပေါ် ပုံဖော်ရေးဆွဲထားသည်မှာ သက်ဝင်လှုပ်ရှားလှပေသည်။ ဖန်တီးရေးဆွဲသူသည် ထန်မင်းဆက်ခေတ် မိန်းမပျိုများ၏ ဂုဏ်ရှိန်ထည်ဝါ တင့်တယ်လှပမှု၊ ကျက်သရေအဖြာဖြာ ပြည့်စုံကာ ကြော့မော့သိမ်မွေ့မှု အလှတရားများကို ကွက်ကွက်ကွင်းကွင်း ပြက်ပြက်ထင်ထင် ဖော်ပြထားကာ လူမှု‌ဘဝဇာတ်ကြောင်း အ‌ငွေ့အသက်များ ပြည့်ဝနေသည့် ထန်မင်းဆက်ခေတ်၏ ပုံပန်းချီကားမြင်ကွင်းများကို တစ်ဖန်ပြန်လည် မြင်ယောင်လာစေသည်။



“ထန်ခေတ်နန်းတွင်းရှိ မိန်းမပျိုများ ရုပ်ပုံပန်းချီ” (ဒုတိယပိုင်း)