“စိတ်ကူးသရုပ်ဖော် ခံစားတွေးခေါ် - တရုတ်နိုင်ငံ၏ အထင်ကရပန်းချီကားများကို ဒစ်ဂျစ်တယ်နည်းဖြင့် လှုပ်ရှားသက်ဝင်စွာ တင်ဆက်ပြသမှု” (အပိုင်း - ၁)

“စိတ်ကူးသရုပ်ဖော် ခံစားတွေးခေါ် - တရုတ်နိုင်ငံ၏ အထင်ကရပန်းချီကားများကို ဒစ်ဂျစ်တယ်နည်းဖြင့် လှုပ်ရှားသက်ဝင်စွာ တင်ဆက်ပြသမှု” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုအတိုအစီအစဉ်တွင် တရုတ်နိုင်ငံ၏ အထင်ကရ ပန်းချီအနုပညာလက်ရာများကို ရွေးချယ်ထားပြီး တောတောင်ရေမြေ ရှုခင်းပန်းချီ၊ အမျိုးသမီးရုပ်ပုံပန်းချီ၊ သစ်တောဉယျာဉ်ပန်းချီ အစရှိသော မတူညီသည့် ပုံစံအမျိုးမျိုးဖြင့် “မင်းဆက်ငါးခုခေတ်”မှ မင်မင်းဆက်ခေတ် (အေဒီ ၉၀၇ ခုနှစ် - ၁၆၄၄ ခုနှစ်) အချိန်ကာလအပိုင်းအခြားရှိ အကြောင်းအရာများ ပါဝင်ပါသည်။
“မိတ်ဆက်ဗီဒီယို”
ဤဗီဒီယိုအတိုများတွင် လှုပ်ရှားသက်ဝင်စွာ တင်ဆက်မှုပုံစံဖြင့် ပန်းချီရေးဆွဲနည်းပညာများကို ရှင်းလင်းပြောဆိုထားပြီး ပန်းချီရေးဆွဲမှု ဇာတ်လမ်းအကြောင်းအရာကို ခံစားတင်ပြထားကာ “တာအိုပညာရပ်၏ သဘာဝတရား”နှင့် “မိုးသားနှင့်လူသား တစ်သားတည်းဖြစ်ခြင်း”၏ ဒဿနအတွေးအမြင်များကို ဖော်ပြထားသည်။ ယင်းသည် အရာဝတ္ထုကိစ္စရပ်များအပေါ် သက်ရောက်မှုရှိသော အသံကင်းမဲ့သည့် အနုသုခုမရသပညာ လေ့ကျင့်ပျိုးထောင်မှု တစ်ကြိမ်ဖြစ်ပြီး ပရိသတ်များအား ကြွယ်ဝများပြားသော၊ သုံးဖက်မြင်နှင့် ဘက်ပေါင်းစုံရှုထောင့်ဖြစ်သော၊ ဂန္ထဝင်အနုသုခုမအလှတရား စိတ်ကူးခံစားချက်များဖြင့် ပြည့်နှက်နေသော “အရှေ့တိုင်းဥယျာဉ်ကမ္ဘာ”တစ်ခုကို တင်ဆက်ပြသထားပါသည်။
“မိုင်ပေါင်းထောင်ချီ တောတောင်ရေစဉ်ပန်းချီ” မြောက်ပိုင်းစုန့်ခေတ်
(အေဒီ ၉၆၀ ခုနှစ် - ၁၂၇၉ ခုနှစ်) ဝမ်ရှီးမုန့် (Wang Ximeng)
“မိုင်ပေါင်းထောင်ချီ တောတောင်ရေစဉ်ပန်းချီ”သည် မြောက်ပိုင်းစုန့်ခေတ်တွင် အသက်(၁၈)နှစ်အရွယ်ရှိ လူငယ်ပန်းချီပညာရှင် ဝမ်ရှီးမုန့် (Wang Ximeng)က နှစ်ဝက်ခန့် အချိန်ပေးကုန်ဆုံးကာ ရေးဆွဲပြီးစီးခဲ့သည့် စိမ်းပြာရောင်ပန်းချီကားလိပ်ရှည် လက်ရာကြီးတစ်ခုဖြစ်ပြီး စုန့်မင်းဆက်ခေတ် စိမ်းပြာရောင် တောတောင်ရေမြေ ရှုခင်းပန်းချီကားများအနက်တွင် အနုပညာအောင်မြင်မှုများ ထူးခြားပေါ်လွင်မှုရှိသည့် ကိုယ်စားပြုလက်ရာတစ်ခုဖြစ်သည်။ ယင်းပန်းချီကားလိပ်သည် အလျား ၁၁၉၁.၅ စင်တီမီတာနှင့် အနံ ၅၁.၅ စင်တီမီတာ အရွယ်အစားရှိပြီး ယခုအခါ ပေကျင်းနန်းတော်ပြတိုက်တွင် သိမ်းဆည်းထားရှိသည်။
“မိုင်ပေါင်းထောင်ချီ တောတောင်ရေစဉ်ပန်းချီ” (ပထမပိုင်း)
“မိုင်ပေါင်းထောင်ချီ တောတောင်ရေစဉ်ပန်းချီ”ရှိ “စိမ်းပြာရောင် တောင်တန်းရေစဉ်”များကို တွင်းထွက်သတ္တု (Azurite) အပြာရောင်ခြယ်ဆေးနှင့် (Malachite) ဥဒေါင်းစိမ်းရောင်ခြယ်ဆေးတို့ဖြင့် ဆေးရောင်တင် ခြယ်မှုန်းထားသည်မှာ တောင်စဉ်တောင်တန်း ကျောက်တုံးများကို လေးလံထူထပ်စေပြီး မြင်ကွင်းအလှသည် အလွန်ခမ်းနားထည်ဝါ၍ အရောင်အသွေးသည်လည်း လင်းလက်တောက်ပလှပေသည်။ ပန်းချီကားသည် ရွေ့လျားကွဲပြားသော ရှုထောင့်အမြင်ပုံစံကို အသုံးပြုထားခြင်းဖြင့် “ရှုခင်းမြင်ကွင်းများ ပြောင်းလဲရွေ့လျားခြင်း”၏ အနုပညာခံစားမှုရလဒ်ကို တင်ဆက်ပြသထားပြီး လူသားနှင့် သဘာဝတရားတို့အကြား သဟဇာတရှိစွာ တူယှဉ်တွဲနေထိုင်ရေး သဘောတရားကို သက်ဝင်လှုပ်ရှားစွာ ဖော်ပြထားသည်။
“မိုင်ပေါင်းထောင်ချီ တောတောင်ရေစဉ်ပန်းချီ” (ဒုတိယပိုင်း)
“သုခစံမြန်း ဘုံဗိမာန်နန်းပန်းချီ” မင်မင်းဆက်ခေတ်
(အေဒီ ၁၃၆၈ ခုနှစ် - ၁၆၄၄ ခုနှစ်) ချုံယင်း(Qiu Ying)
“သုခစံမြန်း ဘုံဗိမာန်နန်းပန်းချီ”သည် “မင်မင်းဆက်ခေတ် နာမည်ကျော်ပန်းချီပညာရှင် လေးဦးအနက်မှ တစ်ဦးအပါအဝင်” ဖြစ်သော ချုံယင်း (Qiu Ying)၏ ကိုယ်စားပြုအနုပညာလက်ရာဖြစ်သည်။ ယင်းပန်းချီကားလိပ်သည် အလျား ၆၆.၇ စင်တီမီတာနှင့် အနံ ၁၇၅ စင်တီမီတာ အရွယ်အစားရှိပြီး ယခုအခါ ထျန်းကျင်းပြတိုက် (Tianjin)တွင် သိမ်းဆည်းထားရှိသည်။
“သုခစံမြန်း ဘုံဗိမာန်နန်းပန်းချီ”
“သုခစံမြန်း ဘုံဗိမာန်နန်းပန်းချီ”သည် ဒေါင်လိုက်နှင့် ခပ်မြင့်မြင့်ခပ်ဝေးဝေး ရေးဆွဲနည်းဖြင့် အလွှာသုံးလွှာ အဆင့်ဆင့်ပိုင်းခြားကာ လောကီရေးရာများနှင့် ကင်းကွာ၍ စိတ်ကူးယဉ်ဆန်ဆန် ဆိတ်ငြိမ်အေးချမ်းသော နေရာကောင်းတစ်ခုအဖြစ် တင်ဆက်ပြသထားသည်။ ပန်းချီပညာရှင်သည် သဘာဝတောတောင်ရေမြေနှင့် သက်ဝင်လှုပ်ရှားနေသော ဇာတ်ကောင်များအပေါ် ကျွမ်းကျင်လိမ္မာစွာ ပုံဖော်ရေးဆွဲထားခြင်းဖြင့် ပန်းချီကားထဲရှိ ဇာတ်ကောင်နှင့် ရှုခင်းများကို အပြန်အလှန် ထင်ဟပ်ပေါ်လွင်နေစေကာ ထိုစဉ်အချိန်က စာပေအနုပညာရှင်များ စိတ်နှလုံးသားထဲရှိ ဆိတ်ဆိတ်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေထိုင်လိုသော ပျော်ရွှင်မှုကို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား ဖော်ပြနေပါသည်။

















