တရုတ်အမျိုးသားနေ့ အထူးအစီအစဉ် ကဗျာစာသားများထဲမှ တရုတ်နိုင်ငံ - စီချွမ်ပြည်နယ် မေဆန်းမြို့တွင် စူးတုန်းဖောအကြောင်း လေ့လာခြင်း
ယနေ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း (၇၃)နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်သည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “ကဗျာစာသားများထဲမှ တရုတ်နိုင်ငံ” အထူးအစီအစဉ်ကို တင်ဆက်ရင်း တရုတ်အမျိုးသားနေ့အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုကြောင်းနှင့် တိုင်းပြည်အေးချမ်းသာယာပါစေကြောင်း ဆန္ဒမွန်ပြုအပ်ပါသည်။
ရှေးယခင်က မေကျိုး (Meizhou) ဟုခေါ်သော မေဆန်းမြို့ (Meishan) သည် မြောက်စုန့်ခေတ် စာပေအကျော်အမော် စူးတုန်းဖော (Su Dongpo) ၏ ဇာတိမြေ ဖြစ်သည်။ စူးတုန်းဖောကို “စွယ်စုံရ အနုပညာပါရမီရှင်” ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ စူးတုန်းဖော၏ ဖခင် စူးရွှင် (Su Xun) နှင့် ညီငယ် စူးကျယ် (Su Zhe) တို့သည်လည်း ထင်ရှားကျော်ကြားသော စာပေပညာရှင်များ ဖြစ်ကြသည်။ စူးမျိုးနွယ်ဝင် သားအဖတို့သည် မေဆန်းမြို့တွင် နက်ရှိုင်းသော “စူးမျိုးနွယ်ဝင်သုံးဖော် ယဉ်ကျေးမှု” ကို မွေးထုတ်ပေးခဲ့ပြီး မေဆန်းမြို့ကို တစ်မူထူးခြားသော ယဉ်ကျေးမှုများဖြင့် ပေါ်လွင်စေခဲ့ပါသည်။
ဗီဒီယို - ကဗျာစာသားများထဲမှ တရုတ်နိုင်ငံ - စီချွမ်ပြည်နယ် မေဆန်းမြို့တွင် စူးတုန်းဖောအကြောင်း လေ့လာခြင်း
မေဆန်းမြို့သည် ထွက်ကုန်ပစ္စည်း ပေါများကြွယ်ဝပြီး အစားအသောက်ကောင်းများဖြင့် နာမည်ကြီးသည့် မြို့တစ်မြို့ ဖြစ်သည်။ စူးတုန်းဖောနှင့် ပတ်သက်သည့် အစားအသောက်များမှာ မရေတွက်နိုင်လောက်အောင်ပင် များပြားလှပြီး တုန်းဖောဝက်လက်ဟင်း၊ တုန်းဖောဘဲကင်၊ တုန်းဖောချဉ်ဖတ်၊ တုန်းဖောမုန့်…… အစရှိသဖြင့် များစွာရှိပြီး အရသာမှာ မည်မျှစားစား ရိုးအီသွားသည်ဟူ၍ မရှိပေ။
“ဆွေသဟာအပေါင်း ကျန်းမာစေကြောင်း တောင်းဆုပြုလို့ရယ်၊ လရောင်ရိပ်အား ရပ်ဝေးမြေမှ အတူရှုစားကြမယ်” ဟု အဓိပ္ပာယ်ရသည့် စူးတုန်းဖော၏ ကဗျာစာသားအရ သူသည် သံယောဇဉ်ကြီးပြီး တက်ကြွပွင့်လင်းသူတစ်ဦးဖြစ်ကြောင်း သိရှိနိုင်ပေသည်။ “မိမိမွေးရပ်ဌာနေသည်သာ စိတ်နှလုံးအေးချမ်းရာမြေဖြစ်သည်” ဟူသော အနက်ရှိသည့် ကဗျာစာသား ရေးဖွဲ့ခဲ့သော စူးတုန်းဖောကို အမှတ်ရသောအားဖြင့် ၎င်း၏ ဇာတိမြေဖြစ်သော စီချွမ်ပြည်နယ် မေဆန်းမြို့သို့ လာရောက်လည်ပတ် လေ့လာရန် ဖိတ်ခေါ်ကြိုဆိုအပ်ပါသည်။