ကျန်းမာရေးအသိပညာပေးသင်တန်း - COVID-19 အဆုတ်ရောင်ရောဂါကာကွယ်ထိန်းချုပ်ရေး အွန်လိုင်းအထူးအစီအစဉ် (၇) COVID-19 အဆုတ်ရောင်ရောဂါနှင့်သက်ဆိုင်သော ထင်မြင်ချက်အလွဲနှင့်အမှန်တရားများ(၁)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-24 17:37:42

1615777893(1).jpg

   

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) မှ COVID-19 အဆုတ်ရောင် ဗိုင်းရပ်စ် ရောဂါပိုးနှင့် ပတ်သက်သော မဟုတ်မမှန်သည့် သတင်းအမှားများသည် ကျန်းမာရေး ဝန်ထမ်းများ၏ အလုပ်ကို ပိုမိုခက်ခဲစေရုံ သာမကပဲ ပြည်သူလူထုများ၏ စိုးရိမ်ပူပန် ကြောက်ရွံ့စိတ်ကိုလည်း ပို၍ မြင့်တက်စေနိုင်ပြီး လူမှုအဖွဲ့အစည်းကိုပါ ဖရိုဖရဲ ရှုပ်ထွေးသော အခြေအနေသို့ ရောက်ရှိသွားစေနိုင်ပါသည်။ ယခုတစ်လောတွင် ထွက်ပေါ်နေသည့် ထင်မြင်ချက် အလွဲများနှင့် ပတ်သက်၍ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ အနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) မှ ထုတ်ပြန်ထားသော ထင်မြင်ချက်အလွဲ အကြောင်းအရာများကို ချေပရှင်းလင်းထားသည့် အချက်အလက် အမှန်များကို ကြည့်ရှုသူ ပရိတ်သတ်များအတွက် ပြန်လည် ဝေမျှပေးသွားမည် ဖြစ်ပါသည်။ ပြည်သူများ အနေဖြင့်လည်း ဤထင်မြင်ချက် အလွဲအမှားများကို မယုံကြည်၊ မဖြန့်ဝေကြပဲ COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို အတူတကွ အားတက်သရော ကူညီထောက်ခံ အားပေးကြရန် မျှော်လင့်ပါသည်။


ဤအစီအစဉ်ကို အပတ်စဉ် တနင်္လာနေ့တိုင်းတွင် တင်ဆက်ပေးသွားမည်ဖြစ်ပြီး ယခုအပတ်သည် သတ္တမမြောက်အပတ် ဖြစ်ပါသည်။




ထင်မြင်ချက်အလွဲ(၁)။ ။ပဋိဇီဝဆေးဝါး သောက်သုံးခြင်းဖြင့် ဗိုင်းရပ်စ်ရောဂါပိုးကို ကာကွယ်တားဆီးနိုင်သည်။

အမှန်တရား။ ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) မှ ပဋိဇီဝဆေးဝါး သောက်သုံးခြင်းသည် ဗိုင်းရပ်စ်ရောဂါပိုးအပေါ် အကျိုးသက်ရောက်မှု မရှိပဲ ဘတ်တီးရီးယားများ အပေါ်သာ သက်ရောက်မှု ရှိသည်ဟု ရှင်းလင်းဖော်ပြထားပါသည်။ ထို့ကြောင့် ပဋိဇီဝဆေးဝါးများသည် COVID-19 ဗိုင်းရပ်စ် ရောဂါပိုးကို ကာကွယ်၊ ကုသနိုင်စွမ်း မရှိပါ။ သို့ပါ၍ ပဋိဇီဝဆေးဝါးများကို မဆင်မခြင် သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။


ထင်မြင်ချက်အလွဲ(၂)။ ။အရက်ပြန်ကို ခန္ဓာကိုယ်အနှံ့ ပက်ဖျန်းခြင်းဖြင့် COVID-19 အဆုတ်ရောင် ဗိုင်းရပ်စ် ရောဂါပိုးကို သေစေနိုင်သည်။

အမှန်တရား။ ။မသေစေနိုင်ပါ။ ခန္ဓာကိုယ်အနှံ့ အရက်ပြန် ပက်ဖျန်းခြင်းသည် ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်သွားပြီး ဖြစ်သော ဗိုင်းရပ်စ် ရောဂါပိုးများကို မသေစေနိုင်ပါ။ ထိုကဲ့သို့ ဓာတ်သဘာဝရှိ အရာများကို အလွန်အကျွံ ပက်ဖျန်း အသုံးပြုခြင်းသည် အဝတ်အစားများ (သို့မဟုတ်) မျက်လုံး၊ ခံတွင်းပါးစပ် စသော နေရာများရှိ အမြှေးပါးများကို ထိခိုက်စေနိုင်သည်။ 


ထင်မြင်ချက်အလွဲ(၃)။ ။ကြက်သွန်ဖြူ စားသုံးခြင်းဖြင့် COVID-19 ဗိုင်းရပ်စ် ရောဂါပိုးကို ကာကွယ်တားဆီးနိုင်သည်။

အမှန်တရား။။ကြက်သွန်ဖြူသည် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ တစ်မျိုးဖြစ်ပြီး ပိုးသတ်အာနိသင် တချို့တလေ ပါဝင်နိုင်ပါသည်။ သို့သော် ယခုလက်ရှိ ဖြစ်ပွားနေသော ရောဂါ အခြေအနေအရ ကြက်သွန်ဖြူ စားသုံးခြင်းဖြင့် COVID-19 ရောဂါ ဖြစ်ပွားခြင်းမှ ရှောင်ရှားနိုင်သည့် သက်သေသာဓကများ မရှိသေးပါ။


ထင်မြင်ချက်အလွဲ(၄)။ ။နှာခေါင်းကို Normal Saline ဖြင့် ပုံမှန်သတ်မှတ် ဆေးကြောခြင်းဖြင့် COVID-19 ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ် တားဆီးနိုင်သည်။

အမှန်တရား။ ။နှာခေါင်းကို Normal Saline ဖြင့် ပုံမှန်သတ်မှတ် ဆေးကြောခြင်းဖြင့် COVID-19 ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်တားဆီးနိုင်သည့် သက်သေ မရှိသေးပါ။ အချို့သော သာဓကများမှ နှာခေါင်းကို Normal Saline ဖြင့် ပုံမှန်သတ်မှတ် ဆေးကြောခြင်းဖြင့် သာမန်အအေးမိခြင်းကို မြန်ဆန်စွာ ပြန်လည်ကောင်းမွန် လာစေနိုင်ပါသည်ဟု ဖော်ပြထားပါသည်။ သို့ပေမဲ့လည်း ပုံမှန် နှာခေါင်း ဆေးကြောခြင်းဖြင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားခြင်းမှ မကာကွယ်နိုင်ပါ။