ကျန်းမာရေးအသိပညာပေးသင်တန်း - COVID-19 အဆုတ်ရောင်ရောဂါကာကွယ်ထိန်းချုပ်ရေး အွန်လိုင်းအထူးအစီအစဉ် (၈) COVID-19 အဆုတ်ရောင်ရောဂါနှင့်သက်ဆိုင်သော ထင်မြင်ချက်အလွဲနှင့်အမှန်တရားများ(၂)

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) မှ COVID-19 အဆုတ်ရောင် ဗိုင်းရပ်စ် ရောဂါပိုးနှင့် ပတ်သက်သော မဟုတ်မမှန်သည့် သတင်းအမှားများသည် ကျန်းမာရေး ဝန်ထမ်းများ၏ အလုပ်ကို ပိုမိုခက်ခဲစေရုံသာမကပဲ ပြည်သူလူထုများ၏ စိုးရိမ်ပူပန် ကြောက်ရွံ့စိတ်ကိုလည်း ပို၍ မြင့်တက်စေနိုင်ပြီး လူမှုအဖွဲ့အစည်းကိုပါ ဖရိုဖရဲ ရှုပ်ထွေးသော အခြေအနေသို့ ရောက်ရှိသွားစေနိုင်ပါသည်။ ယခုတစ်လောတွင် ထွက်ပေါ်နေသည့် ထင်မြင်ချက် အလွဲများနှင့် ပတ်သက်၍ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ အနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) မှ ထုတ်ပြန်ထားသော ထင်မြင်ချက်အလွဲ အကြောင်းအရာများကို ချေပရှင်းလင်းထားသည့် အချက်အလက် အမှန်များကို ကြည့်ရှုသူ ပရိတ်သတ်များအတွက် ပြန်လည် ဝေမျှပေးသွားမည် ဖြစ်ပါသည်။ ပြည်သူများ အနေဖြင့်လည်း ဤထင်မြင်ချက် အလွဲအမှားများကို မယုံကြည်၊ မဖြန့်ဝေကြပဲ COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို အတူတကွ အားတက်သရော ကူညီထောက်ခံ အားပေးကြရန် မျှော်လင့်ပါသည်။
ဤအစီအစဉ်ကို အပတ်စဉ် တနင်္လာနေ့တိုင်းတွင် တင်ဆက်ပေးသွားမည်ဖြစ်ပြီး ယခုအပတ်သည် အဋ္ဌမမြောက်အပတ် ဖြစ်ပါသည်။
ထင်မြင်ချက်အလွဲ(၁)။။နေရောင်ခြည်နှင့် ထိတွေ့ခြင်း သို့မဟုတ် 25 °C အထက်ရှိ အပူချိန်သည် COVID-19 ရောဂါ ကူးစက် ဖြစ်ပွားခြင်းမှ ကာကွယ် တားဆီးနိုင်သည်။
အမှန်တရား။။မည်မျှပင် နေရောင်ခြည် လုံလုံလောက်လောက်ရရှိခြင်း သို့မဟုတ် ရာသီဥတု ပူပြင်းစေကာမူ COVID-19 ရောဂါ ကူးစက်ခံရနိုင်ပါသည်။ ရာသီဥတု ပူပြင်းသော နိုင်ငံများတွင်လည်း ရောဂါ ကူးစက်ခံရနေရမှု သတင်းအချက်အလက်များ ရှိနေပါသည်။
ထင်မြင်ချက်အလွဲ(၂)။ ။အရက်သောက်သုံးခြင်းဖြင့် COVID-19 ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သည်။
အမှန်တရား။ ။အရက်သောက်သုံးခြင်းဖြင့် COVID-19 ရောဂါ ဖြစ်ပွားခြင်းမှ မကာကွယ်ပေးနိုင်ပါ။ မကြာခဏ သို့မဟုတ် အလွန်အကျွံ အရက်သောက်သုံးခြင်း သာလျှင် ကျန်းမာရေး ပြသနာများကို ပိုမို ထိခိုက်ဆိုးဝါး စေနိုင်ပါသည်။
ထင်မြင်ချက်အလွဲ(၃)။။ ၁၀ စက္ကန့် သို့မဟုတ် ထို့ထက် ပိုကြာအောင် အသက်အောင့်ထားနိုင်ပြီး ချောင်းမဆိုး၊ မအီမသာ မခံစားရလျှင် COVID-19 ရောဂါ သို့မဟုတ် အခြား အဆုတ်ရောဂါများ ကူးစက်ခံရခြင်း မရှိဟု သတ်မှတ်ယူဆ နိုင်ပါသည်။
အမှန်တရား။ ။ဓာတ်ခွဲခန်း၌ ဆေးစစ်ခြင်းသည် COVID-19 ရောဂါ ကူးစက်ခံရခြင်း ရှိမရှိ အတည်ပြုရန် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါသည်။ အသက်ရှူခြင်း စမ်းသပ်မှုသည် COVID-19 ရောဂါ ကူးစက်ခံရခြင်း ရှိမရှိကို မဆုံးဖြတ်ပေးနိုင်ပဲ ပို၍ပင် အန္တရာယ် ရှိနိုင်ပါသည်။
ထင်မြင်ချက်အလွဲ(၄)။ ။ COVID-19 အဆုတ်ရောင်ရောဂါ ကူးစက်ခံရလျှင် အမြစ်ပြတ် မကုသနိုင်ကာ ဤဗိုင်းရပ်စ် ရောဂါပိုးသည် တစ်သက်လုံး ပူးတွဲကပ်ပါနေမည် ဖြစ်သည်။
အမှန်တရား။။COVID-19 အဆုတ်ရောင် ရောဂါကူးစက်ခံရသည့် လူနာအများစုသည် ပြန်လည် ကောင်းမွန်နိုင်ပြီး ခန္ဓာကိုယ်အတွင်း ဤရောဂါပိုး မကျန်ရစ်နိုင်ပါ။ အကယ်၍ ရောဂါ ကူးစက်ခံရလျှင် ရောဂါလက္ခဏာ ဆေးစစ်တမ်းအရ ကုသရပါမည်။ အကယ်၍ ချောင်းဆိုးခြင်း၊ ကိုယ်ပူခြင်းနှင့် အသက်ရှူရခက်ခြင်း လက္ခဏာများ ဖြစ်ပွားပါက အမြန်ဆုံး ဆေးကုသမှု ခံယူသင့်ပါသည်။ ထိုကဲ့သို့“အနာနှင့်ဆေး ကိုက်အောင်ပေး”၍ မှန်ကန်စွာ ကုသမည် ဆိုပါက ရောဂါကူးစက်ခံရသူ လူနာအများစုသည် ပြန်လည်သက်သာ ပျောက်ကင်းနိုင်ပါသည်။
ဤကာလအတောအတွင်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ အွန်လိုင်း ပရိတ်သတ်အပေါင်းတို့အတွက် COVID-19 အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်မှုနှင့် သက်ဆိုင်သော အသိပညာ ဗဟုသုတများကို မျှဝေခဲ့ပြီးဖြစ်ရာ ဖတ်ရှုသူများ အားလုံးအတွက် အကျိုးကျေးဇူးနှင့် အကူအညီ အထောက်အပံ့ အနည်းအများ ဖြစ်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ ယခုတစ်ပတ်တွင်မူ “ကျန်းမာရေးအသိပညာပေးသင်တန်း” အစီအစဉ်၏ နောက်ဆုံးအပိုင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ကြည့်ရှုသူ ပရိတ်သတ်တိုင်း၏ စိတ်ပါဝင်စားမှုနှင့် အားပေးထောက်ပံ့မှုတို့အား အထူးပင် ကျေးဇူးတင်ရှိပါသည်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း၍ ဘေးအန္တရာယ် ကင်းရှင်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
