တတိယအကြိမ်မြောက် “Chinese Bridge – Chinese Show” မူလတန်းအဆင့် တရုတ်စာစွမ်းရည်ပြိုင်ပွဲ (ရန်ကုန်) ဗိုလ်လုပွဲအား ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့
တတိယအကြိမ်မြောက် တစ်ကမ္ဘာလုံးဆိုင်ရာ “Chinese Bridge – Chinese Show” မူလတန်းဆင့် တရုတ်စာစွမ်းရည်ပြိုင်ပွဲ (ရန်ကုန်) ဗိုလ်လုပွဲကို ဇွန်လ (၁၈) ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ယင်းပြိုင်ပွဲကြီး ဖြစ်မြောက်စေရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကြီးမှူးပြီး BoWen School မှ စီစဉ်ကာ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် ရွှေဇာမဏီတရုတ်သတင်းစာတိုက်တို့မှ ပံ့ပိုး၍ ကျင်းပခဲ့ပါသည်။
ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Ms. Cao Jing မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံရှိ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် မီဒီယာလောကမှ ကိုယ်စားပြုပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့ရှိ တရုတ်ကျောင်းများမှ ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများနှင့် မိဘအုပ်ထိန်းသူများ စုစုပေါင်း အဦးရေ (၁၀၀) ကျော် တက်ရောက်ခဲ့ကြသည်။
ယခုတစ်ကြိမ် ကျင်းပသော “Chinese Bridge” ပြိုင်ပွဲ၏ ပြိုင်ပွဲခေါင်းစဉ်မှာ “ပျော်ရွှင်လေ့လာ တရုတ်စာ” ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် တရုတ်စာသင်ယူလိုသူ ပိုမိုများပြားလာစေရန်၊ တရုတ်-မြန်မာ ချစ်ကြည်ရေး စွမ်းဆောင်နိုင်သူများ များသထက်များအောင် မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ယင်းပြိုင်ပွဲကို ကျင်းပခြင်း ဖြစ်ပါသည်။ ယင်းပြိုင်ပွဲတွင် စကားပြောစွမ်းရည်၊ အနုပညာစွမ်းရည်၊ ဗဟုသုတ အမေးအဖြေ ဟူ၍ ကဏ္ဍ (၃) ပိုင်း ခွဲခြားထားပြီး ဆုများအနေဖြင့် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ ထူးချွန်ဆု၊ အကောင်းဆုံး အနုပညာစွမ်းရည်ဆု၊ အကောင်းဆုံး ဆန်းသစ်ဖန်တီးမှုဆု၊ အကောင်းဆုံး စကားပြောစွမ်းရည်ဆု၊ လူကြိုက်အများဆုံးဆုတို့နှင့်အတူ ထူးချွန်နည်းပြဆု၊ ထူးချွန်အဖွဲ့အစည်းဆုများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကလေး အယောက် (၂၀) ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး (၃) နာရီလုံးလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြအပြီးတွင် ပထမဆုကို BoWen School မှ ပြိုင်ပွဲဝင်ကျောင်းသူ Tan Xian'en က ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ကာ တစ်ကမ္ဘာလုံးဆိုင်ရာ ဗိုလ်လုပွဲကို ဆက်လက် တက်လှမ်းယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ပါသည်။
(文中部分内容来自中国驻缅甸大使馆、金凤凰中文报社)