ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် Myanmar International Education Center (MIEC) တို့ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အစီအစဉ်ကို ထပ်မံကျင်းပခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-11-23 15:20:45


WeChat Image_20220729164529.jpg


နိုဝင်ဘာလ (၂၀)ရက်နေ့တွင် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်၏ နဝမမြောက်ပွဲစဉ်ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ စင်တာတာဝန်ခံ Ms. Xu Ling ၊ Myanmar International Education Center (MIEC) မှ ဒုတိယကျောင်းအုပ်ဆရာကြီး ဦးဌေးလွင်၊ ကျောင်းဌာနမှူး ဒေါ်ခင်စန်းရီနှင့်တကွ ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများနှင့် ကျောင်းသားမိဘအုပ်ထိန်းသူများ စုစုပေါင်း (၃၄)ဦး တက်ရောက်ခဲ့ကြပါသည်။


WeChat Image_20221123134212.jpg


ပွဲအစီအစဉ်များ မစတင်မီအချိန်တွင် စင်တာဘက်စုံသုံးခန်းမ၌ “ထန်ခေတ်နန်းတွင်း ညခင်းဧည့်ခံပွဲ”၊ “ဒဏ္ဍာရီလာငှက်စိမ်းပြာ၏ ခါနွေဦးကို တမ်းတကြိုဆိုခြင်း”၊ “မင်းနေပြည်တော်တစ်ဝိုက်က တေးကဗျာသီချင်းများပေါင်းစုချုပ် - လွမ်းရပြီလေ”၊ “လနတ်သမီး ချန်အော်”  ဟူသည့် တရုတ်ရိုးရာပွဲတော်ကြီး (၄)ခုဆိုင်ရာ အကဗီဒီယိုများကို ပြသထားပြီး ပြပွဲခန်းမ၌လည်း “ယူနန်ပြည်နယ် ဖူကုန့်ကောင်တီ (Fugong)” ၊ “တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နီမုကောင်တီ (Nyêmo)” ၊ “ကန်းစုပြည်နယ် ချင့်ရန်ဒေသ (Qingyang)” စသည့် သာယာလှပသော ကျေးလက်တောရွာနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ဗီဒီယိုအတို (၃)ခုကို ထုတ်လွှင့်ပြသထားပါသည်။ ဧည့်ပရိသတ်များအား ထိုဗီဒီယိုများမှတစ်ဆင့် တရုတ်အကအနုပညာများ၊ တရုတ်ရိုးရာပွဲတော်ရက် ယဉ်ကျေးမှုများ၊ တိုင်းရင်းသားဓလေ့များနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၏ အလှတရားတို့ကို ခံစားသိရှိစေခဲ့ပါသည်။


WeChat Image_20221123134215.jpg


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Ms. Xu Ling က “ ‘တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်’ အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ်ဟာဆိုရင် တရုတ်ယဉ်ကျေးမှုပြန့်ပွားရေးနဲ့ တရုတ်နိုင်ငံ ခရီးသွားလာမှု မြှင့်တင်ဆောင်ရွက်ရေးများ လုပ်ဆောင်ရန်၊ ဖလှယ်ဆက်ဆံခြင်းဖြင့် နားလည်မှု တိုးမြှင့်ရန်၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ခင်မင်မှု တိုးပွားစေရန်နဲ့ ယဉ်ကျေးမှုဖြင့် သံယောဇဉ် နက်ရှိုင်းစေရန်အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါတယ်။ ယခုလို ပထမအကြိမ် ‘တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်’ အစီအစဉ်ရဲ့ မှတ်တမ်းရုပ်ရှင်ကို Myanmar International Education Center (MIEC) က ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများနဲ့အတူ ထပ်မံကြည့်ရှုခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ယနေ့ပွဲအစီအစဉ်မှတစ်ဆင့် ရှေ့လျှောက်လည်း MIEC နဲ့အတူ ဆက်လက် လက်တွဲဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ပြီး တရုတ်-မြန်မာ ယဉ်ကျေးမှု အပြန်အလှန် ဖလှယ်ဆက်ဆံခြင်းများ လုပ်ဆောင်ရင်းမှတစ်ဆင့် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေးနဲ့ ခရီးသွားလာမှု ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူ အချင်းချင်း နှလုံးသားချင်း နီးစပ်စေရေးတို့အတွက် ကြိုးပမ်းစွမ်းဆောင်လိုပါတယ်။” ဟု ပြောကြားခဲ့ပါသည်။


WeChat Image_20221123134218.jpg


MIEC မှ ဒုတိယကျောင်းအုပ်ဆရာကြီး ဦးဌေးလွင်က “MIEC ကို အခုလိုမျိုး သင်ယူလေ့လာစရာ အခွင့်ကောင်းတွေပေးတဲ့အတွက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကို အထူးကျေးဇူးတင်ရှိပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း တာဝန်ခံ Ms. Xu Ling ရဲ့ ဦးဆောင်မှုနဲ့အတူ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာက ကျွန်တော်တို့ကျောင်းမှာ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း တင်ဆက်ပြသမှုအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပြီး အစီအစဉ်က အရမ်းကို အောင်မြင်ခဲ့ပါတယ်။ မြန်မာ-တရုတ် ယဉ်ကျေးမှုဆက်ဆံရေးနဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအတွက် စင်တာရဲ့  ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်တော်တို့ ခံစားတွေ့မြင်ခဲ့ရပါတယ်။ နောင်များမှာလည်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုလုပ်ဆောင်သွားနိုင်ပြီး မြန်မာနိုင်ငံမှာ တရုတ်ယဉ်ကျေးမှု မိတ်ဆက်မျှဝေရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားနိုင်ဖို့ကိုလည်း မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။


WeChat Image_20221123134221.jpg


၎င်းနောက်တွင် စင်တာဘက်စုံသုံးခန်းမ၌ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အစီအစဉ်၏ “Foodwise:Quanzhou” မှတ်တမ်းရုပ်ရှင်ကို အတူတကွ ရှုစားခဲ့ကြပါသည်။ ၎င်းမှတ်တမ်းရုပ်ရှင်သည် လှပသော ပုံရိပ်ရိုက်ကူးချက်များဖြင့် ချွမ်ကျိုးမြို့ (Quanzhou) ၏ ကြွယ်ဝနက်ရှိုင်းသော သမိုင်းဝင်အမွေအနှစ်များ၊ ရှေးရိုးရာနှင့် ခေတ်မီဆန်းသစ်မှုတို့ ပေါင်းစည်းရောယှက်နေသော မြို့ပြရှုခင်းများနှင့် ထူးခြားစုံလင်သော စားဖွယ်ရာများကို တင်ဆက်ထားပါသည်။


WeChat Image_20221123134226.jpg


မှတ်တမ်းရုပ်ရှင် ကြည့်ရှုပြီးနောက် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ စင်တာတာဝန်ခံ Ms. Xu Ling မှ “၂၀၂၂ ခုနှစ် တရုတ်နိုင်ငံ စုန့်ချင်လင်ဖောင်ဒေးရှင်း (China Soong Ching Ling Foundation) ‘ယဉ်ကျေးမှုသံတမန်ငယ်’ အကဲဖြတ်ရွေးချယ်မှု” အစီအစဉ်တွင် တက်ကြွစွာ ပါဝင်အားဖြည့်ပေးခဲ့သော Myanmar International Education Center (MIEC) နှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသူကျောင်းသားများအား ကျေးဇူးတင်ရှိသည့်အနေဖြင့် ကျောင်းကိုယ်စားပြုနှင့် ပြိုင်ပွဲဝင် (၃)ဦးတို့အတွက် ကျေးဇူးတင်လွှာနှင့် တရုတ်ယဉ်ကျေးမှုဆိုင်ရာ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။


WeChat Image_20221123134230.jpg


ထို့နောက် စင်တာဝန်ထမ်း၏ မိတ်ဆက်ရှင်းပြမှုနှင့်အတူ ဧည့်ပရိသတ်များက စင်တာစာကြည့်တိုက်ကို လေ့လာခဲ့ကြပြီး စာကြည့်တိုက်အသင်းဝင်ကတ်များ ပြုလုပ်ခဲ့ကြပါသည်။ ကျောင်းသားများသည် အကြောင်းအရာ အမျိုးမျိုးသော စာအုပ်စာပေများကို စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြပြီး ကွန်ပျူတာဖြင့်လည်း ဗီဒီယိုအချက်အလက်များ ကြည့်ရှုလေ့လာခဲ့ကြပါသည်။


WeChat Image_20221123134235.jpg


နောက်ဆုံးအစီအစဉ်အနေဖြင့် ဧည့်ပရိသတ်များသည် “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များက သာယာကောင်းမွန်သော ဘဝကို ဖြစ်ထွန်းစေခြင်း - ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဓာတ်ပုံပြပွဲ”အား လေ့လာကြည့်ရှုခဲ့ပါသည်။ ဧည့်ပရိသတ်များသည် ထိုပြပွဲမှတစ်ဆင့် တရုတ်နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ဆောင်ချက် အောင်မြင်မှုရလဒ်များနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ ဆွဲဆောင်မှုများကို လေ့လာသိရှိခဲ့ကြပါသည်။


WeChat Image_20221123134237.jpg


“ယဉ်ကျေးမှုသံတမန်ငယ်” အကဲဖြတ်ရွေးချယ်မှုအစီအစဉ်၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် MIEC ကျောင်းသူ Thuy Shun Lei Tun (杨珮瑄)က “ ‘ယဉ်ကျေးမှုသံတမန်ငယ်’ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး မိသားစုဝင်နဲ့ ဆွေမျိုး၊ သူငယ်ချင်းများက အရမ်းအားပေးကြပြီး တက်တက်ကြွကြွနဲ့ Vote ပေးကြပါတယ်။ ဒီကနေ့ပြသတဲ့ “Foodwise:Quanzhou” မှတ်တမ်းရုပ်ရှင်ကနေတစ်ဆင့် တရုတ်နိုင်ငံနဲ့ ချွမ်ကျိုးမြို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို လေ့လာသိရှိခဲ့ရုံမက အရင်က မမြင်ဖူး၊ မစားဖူးတဲ့ တရုတ်အစားအစာတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီနေ့က စင်တာကို ပထမဆုံး လာရောက်ဖူးတာဖြစ်ပြီး နောက်ပိုင်းမှာလည်း စင်တာရဲ့ ပွဲအစီအစဉ်တွေမှာ ပါဝင်ချင်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။


WeChat Image_20221123134240.jpg


“ယဉ်ကျေးမှုသံတမန်ငယ်” အကဲဖြတ်ရွေးချယ်မှုအစီအစဉ်၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် MIEC ကျောင်းသား Phone Pyae Aung Maw(白莫杰)က “ ‘ယဉ်ကျေးမှုသံတမန်ငယ်’ က ကျွန်တော် ပထမဆုံးပြိုင်ဖူးတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ အခုလို ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲအတွေ့အကြုံတွေ ရရှိခဲ့တဲ့အတွက်လည်း ဝမ်းသာပါတယ်။ ဒီကနေ့ရဲ့ မှတ်တမ်းရုပ်ရှင်ကနေတစ်ဆင့် ချွမ်ကျိုးမြို့နဲ့ ချွမ်ကျိုးအစားအသောက်ယဉ်ကျေးမှုတွေကို ပိုမို လေ့လာသိရှိခဲ့ပြီး အရင်က မမြင်ဖူးတဲ့ အစားအစာမျိုးစုံကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ အခုလိုမျိုး စင်တာရဲ့ ပွဲအစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းကို ပျော်ရွှင်ရပါတယ်။” ဟု ပြောကြားခဲ့ပါသည်။


WeChat Image_20220715151451.jpg