ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်”- စားဖွယ်ရာထဲမှ လူမှုဘဝ၊ မှတ်တမ်းရုပ်ရှင်ထဲမှ တရုတ်နိုင်ငံ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-07-31 20:10:21


WeChat Image_20220729164529.jpg


ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” ကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် China Media Group (CMG) တို့မှ အတူတကွ  ကြီးမှူးကျင်းပပြီး တရုတ်နိုင်ငံ၏ ပြောင်မြောက်လှသော မှတ်တမ်းရုပ်ရှင်များနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် မှတ်တမ်းရုပ်ရှင်များကို ပြည်ပမှ ပရိသတ်များအား တင်ဆက်ပြသရင်း အပြန်အလှန် နားလည်မှု တိုးပွားစေရန်၊ ပြည်သူများ အချင်းချင်း နှလုံးသားချင်း ပိုမိုနီးစပ်စေရန်နှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုနက်ရှိုင်းစေရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်ကို သြဂုတ်လ (၄) ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌  စတင်ကျင်းပသွားမည်ဖြစ်သည်။ ဩဂုတ်လမှ စက်တင်ဘာလအတွင်းတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် ရန်ကုန်မြို့ရှိ ကျောင်းများနှင့် လုပ်ငန်းများ အစရှိသည့် အဖွဲ့အစည်းများအား မှတ်တမ်းရုပ်ရှင် တင်ဆက်ပြသမှုအစီအစဉ်တွင် ပါဝင်ကြည့်ရှုခံစားရန် ဖိတ်ကြားသွားမည် ဖြစ်ပါသည်။


ယခုတစ်ခေါက်အစီအစဉ်တွင် အကြောင်းကဏ္ဍ မျိုးစုံသော ပြောင်မြောက်လှသည့် လူ့ယဉ်ကျေးမှုဆိုင်ရာ မှတ်တမ်းရုပ်ရှင်များနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် မှတ်တမ်းရုပ်ရှင်များကို ပြသရင်းမှတစ်ဆင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းအရာများကို ပရိသတ်များအား တင်ဆက်ပေးသွားမည်ဖြစ်သည်။ ထို့အပြင် ပရိသတ်များအနေဖြင့် ပြပွဲ၊ ဆွေးနွေးပွဲနှင့် ယဉ်ကျေးမှုအပြန်အလှန်လှုပ်ရှားမှုများ အစရှိသည့် ကဏ္ဍများတွင်လည်း ပါဝင်လေ့လာနိုင်မည်ဖြစ်ပြီး တရုတ်ယဉ်ကျေးမှုများကို ကိုယ်တိုင်သိမြင်ခံစားရင်း တရုတ်ယဉ်ကျေးမှု၏ အလှတရားများကို အတူတကွ တွေ့မြင်ရှုစားကြရမည် ဖြစ်ပါသည်။


ယခုတစ်ပတ်တွင် ခရီးသွားလာရေးကဏ္ဍမှ မှတ်တမ်းရုပ်ရှင်နှစ်ကားကို မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် “တရုတ်အငွေ့အသက်” များကို အပြည့်အဝ ခံစားသိရှိစေပြီး တရုတ်နိုင်ငံ၏ ရေမြေတောတောင် ရှုခင်းအလှများကို မြင်တွေ့ရှုစားရင်း ဂုဏ်ရောင်ထွန်းပြောင်သော စွဲမက်ဖွယ် ယဉ်ကျေးမှုများကို လေ့လာသိရှိစေမည် ဖြစ်ပါသည်။


Foodwise:Quanzhou


ပင်လယ်ရေကြောင်းပိုးလမ်းမကြီး၏ အစပြုရာ ချွမ်ကျိုးမြို့(Quanzhou)တွင် နက်ရှိုင်းသော သမိုင်းဝင်ယဉ်ကျေးမှုများ၊ စုံလင်သော လူ့ယဉ်ကျေးမှုနှင့် အနုပညာများ၊ များပြားလှသော အထင်ကရ ရှေးဟောင်းသမိုင်းဝင်နေရာများနှင့် အရသာရှိသော အစားအစာများစွာ ရှိပါသည်။ လူသိများထင်ရှားသော ချွမ်ကျိုးကောက်ညှင်းထုပ်၊ ကမာကော်ကြော်၊ အမဲစွပ်ပြုတ်၊ ကျောက်ကျော၊ မြူစွမ်ပြုတ်၊ ကော်ပြန့်စိမ်း၊ ငါးသင်ဝါနှပ်နှင့် ဂျင်းဘဲသားနှပ်အငန်ချက် စသဖြင့် အစားအစာများ အမျိုးစုံလင်လှသည်။ ဤမှတ်တမ်းရုပ်ရှင်မှတစ်ဆင့် စားဖွယ်ရာများ၊ လူ့ယဉ်ကျေးမှုများ၊ သမိုင်းကြောင်းများနှင့် ရိုးရာဓလေ့များကို အတူတကွ လေ့လာရှုစားရင်း ချွမ်ကျိုးခရီးစဉ်ကို စူးစမ်းလေ့လာကြရအောင်။


WeChat Image_20220729164534.jpg


China Untapped:Changsha


ချန်ဆားမြို့(Changsha)သည် တရုတ်နိုင်ငံ၏ အလယ်ပိုင်းတွင် တည်ရှိပြီး အလယ်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်လာမှုအတွက် အရေးပါသော ထောက်တိုင်တစ်ခုပင် ဖြစ်သည်။ ချန်ဆားမြို့သည် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားများ ထုတ်လုပ်မှုလုပ်ငန်းပိုင်းတွင် တိုးတက်ထွန်းကားသည့်အပြင် တရုတ်နိုင်ငံ၏ မီဒီယာအနုပညာမြို့တော်လည်း ဖြစ်သည်။ ဤမှတ်တမ်းရုပ်ရှင်သည် ချန်ဆားမြို့ရှိ အမျိုးသမီးထုအား အဓိက ရိုက်ကူးတင်ဆက်ထားပြီး ၎င်းတို့၏ အလုပ်အကိုင်နှင့် ရှင်သန်နေထိုင်ရာ လူမှုဘဝပတ်ဝန်းကျင်၏ နေရာဒေသထူးခြားချက်များကို အကြောင်းပြု၍ စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှု စသည့် အဘက်ဘက်မှ မြို့ပြဆွဲဆောင်ချက်များကို ဖော်ပြတင်ဆက်ရင်း မြို့ပြ၏ တစ်ဟုန်ထိုး တိုးတက်လာသော ဖန်တီးဆန်းသစ်မှုအကြောင်းများကို မှတ်တမ်းတင် ရိုက်ကူးထားပါသည်။



ဤအော့ဖ်လိုင်းတင်ဆက်ပြသမှုအစီအစဉ်၏ နောက်ဆက်တွဲ စီစဉ်ဆောင်ရွက်မှုများကို ကပ်ရောဂါအခြေအနေအပေါ်မူတည်၍ ပြောင်းလဲလုပ်ဆောင်သွားမည်ဖြစ်ပြီး ပြောင်းလဲမှု တစ်စုံတစ်ရာ ရှိခဲ့လျှင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ Facebook စာမျက်နှာ “Chinese Culture Center Yangon” ၊ WeChat Official Account “cccyangon (仰光中国文化中心)” နှင့် တရုတ်-မြန်မာ နှစ်ဘာသာ ပါဝင်သော စင်တာ၏ Official Website ( https://www.yangonchinaculture.org.mm/ ) တို့တွင် အချိန်နှင့်တစ်ပြေးညီ အသိပေးဖော်ပြပေးသွားမည် ဖြစ်ပါသည်။