DAY4:တရုတ်နိုင်ငံသို့ရောက်လျှင် ဘာစားကြမလဲ။ "နောင်တမရစေသော" အစားအသောက်လမ်းညွှန်ချက် တစ်ခု
၂၀၂၆ ခုနှစ် မေလ ၁၉ ရက်နေ့သည် (၁၆) ကြိမ်မြောက် "တရုတ်ခရီးသွားနေ့" ဖြစ်ပါသည်။ တရုတ်နိုင်ငံသို့ ခရီသွားလည်ပတ်ရာတွင် ကြုံတွေ့ရမည့် "လက်တွေ့ကျသော" ကိစ္စရပ်များကို ဆက်လက် ပြောပြပေးသွားပါမယ်။ ယနေ့အကြောင်းအရာမှာ သင့်ကို ပျော်ရွှင်မှုပေးနိုင်သည့် စားကောင်းသောက်ဖွယ်များ ဖြစ်ပါတယ်။
သင်က ပေကျင်းမြို့ရှိ Hutong လမ်းသွယ်လမ်းကြားထဲတွင် မွှေးကြိုင်လှသော အသားကင်နံ့ကို ရနေတယ်။ သင်က ရှန်ဟိုင်းမြို့ရှိ City God Temple တွင် အငွေ့တထောင်းထောင်းထနေသော Tangbao ပေါက်စီများ တွေ့နေရတယ်။ သင်က ချန်တူးမြို့၏ လမ်းမပေါ်တွင် အနီရောင်ဆီအိုးပူကြီးထဲက "ဂလု ဂလု" နဲ့ ဆူပွက်နေတဲ့ အသံကို ကြားနေရတယ် အစရှိသည်တို့ကို သင်စိတ်ကူးကြည့်လိုက်ပါ။
ဒီလောက်များပြားလှတဲ့ အစားအသောက်ကောင်းတွေထဲမှာ သင်ရော ဘယ်ကနေ စပြီး စားကြည့်မလဲ။

၁။ တရုတ်နိုင်ငံတွင် "အဓိကဟင်းလျာအမျိုးအစားရှစ်မျိုး" ရှိသော်လည်း သင်အလွတ်ကျက်မှတ်ထားရန် မလိုအပ်ပါ။
တရုတ်ဟင်းလျာများကို အမျိုးအစား များစွာ ခွဲခြားထားသည်။ လူးဟင်းလျာ (ဆန်းတုန်းပြည်နယ်)၊ ချွမ်ဟင်းလျာ (စီချွမ်ပြည်နယ်)၊ ယွဲ့ဟင်းလျာ (ကွမ်တုန်းပြည်နယ်)၊ စူးဟင်းလျာ (ကျန်းစူးပြည်နယ်)၊ မင်ဟင်းလျာ (ဖူကျန့်ပြည်နယ်)၊ ကျဲ့ဟင်းလျာ (ကျဲ့ကျန်းပြည်နယ်)၊ ရှန်းဟင်းလျာ (ဟူနန်ပြည်နယ်)၊ ဟွေးဟင်းလျာ (အန်းဟွေးပြည်နယ်) တို့ကို စုပေါင်း၍ "အဓိကဟင်းလျာအမျိုးအစားရှစ်မျိုး" ဟု ခေါ်သည်။ သို့သော် ခရီးသွားတစ်ဦးအနေဖြင့် သင်သည် ဒါတွေကို မှတ်သားထားရန် မလိုအပ်ပါ။ သင်သိထားဖို့က
အစပ် အရသာကို စားချင်လျှင် → စီချွမ်ပြည်နယ်၊ ချုံချင့်မြို့များသို့ သွားပါ။ (ဟော့ပေါ့၊ ချွမ်းချွမ်းတုတ်ထိုး၊ မာဖော်တို့ဟူး)
အပေါ့ အရသာကို စားချင်လျှင် → ကွမ်တုန်းပြည်နယ်သို့ သွားပါ (ဒင်းဆမ်းအပေါင်း၊ ကြက်သားပြုတ်၊ ဘဲငန်းကင်)
ချိုမြိန်သော အရသာကို စားချင်လျှင် → ကျန်းစူးပြည်နယ်၊ ကျဲ့ကျန်းပြည်နယ်များသို့ သွားပါ (Dongpo ဝက်သားဟင်း၊ ရှီးဟူငါးရှာလကာဟင်း၊ ရှောင်လုံပေါင်း)
ခေါက်ဆွဲအစားအစာများကို စားချင်လျှင် → ရှန်ရှီးပြည်နယ်၊ ဆန်းရှီးပြည်နယ်များသို့ သွားပါ (အသားညှပ်မုန့်၊ ဓားလှီးခေါက်ဆွဲ၊ ဆီဆွတ်ခေါက်ဆွဲ)
အသားကင်ကို စားချင်လျှင် → ရှင်းကျန်းဒေသ၊ အရှေ့မြောက်ပြည်နယ်များသို့ သွားပါ (သိုးသားကင်၊ ပေါက်စီကင်၊ ချိုချဉ်ဝက်သားပြားကြော်)
ရောက်တဲ့နေရာတိုင်းမှာ စားစရာများကို စားကြည့်ကြပါ။ တရုတ်နိုင်ငံရဲ့ အစားအသောက်တွေ အရသာရှိနေသောအချက်မှာ ဒေသတိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင် "ကျွမ်းကျင်သောဟင်း" တွေ ရှိနေကြခြင်းပါဘဲ။

၂။ နိုင်ငံခြားခရီးသွားများ အကြိုက်ဆုံး အစားအစာအချို့
"နိုင်ငံခြားသားများ အကြိုက်ဆုံး တရုတ်အစားအစာ" အဆင့်သတ်မှတ်ချက်အရ (ဤသတ်မှတ်ချက်မှာ တရားဝင် မဟုတ်သော်လည်း လက်တွေ့ကျသည်။)
ပထမအဆင့်- ပီကင်းဘဲကင်
ဘဲကင်အရေခွံကြွပ်ကြွပ်၊ ငံပြာရည်အချို၊ သခွားသီးမျှင်များ၊ ကြက်သွန်မြိတ်မျှင်များကို မုန့်သားပါးပါးနဲ့ လိပ်ကာ တစ်ကိုက်ကိုက်လိုက်သောအခါ ပီကင်းဘဲကင် စားရခြင်းက တရုတ်နိုင်ငံသို့ သူတို့လာရောက်ခြင်း၏ အကြီးမားဆုံးသော ဆွဲဆောင်မှု ဖြစ်သည်ဟု လူအများက ဆိုကြတယ်။

ဒုတိယအဆင့်- ဟော့ပေါ့
ကိုယ်တိုင်ပြုတ်၊ ကိုယ်တိုင်ဆယ်ယူ၊ ကိုယ်တိုင်အချဉ်ရည်ဖော်စပ် ကြတယ်။ ဟင်းရည်အစပ်အိုး၊ ဟင်းရည်အချိုအိုး၊ ခရမ်းချဉ်သီးဟင်းရည်အိုး၊ မှိုဟင်းရည်အိုး စသည်တို့ရှိသည်။ လူအုပ်စုတစ်စုသည် အငွေ့တလူလူတက်နေသော ဟင်းရည်အိုးကြီးကို ဝိုင်းရံကာ စားရင်း စကားပြောလိုက် လုပ်နေခြင်းသည် တရုတ်နိုင်ငံ၏ အဆူညံဆုံးသော စားနည်းပင် ဖြစ်ပါတယ်။

တတိယအဆင့်- ရှောင်လုံပေါင်း (ဟင်းရည်ပေါက်စီ)
အခွံပါးပြီး အသားများကာ ကိုက်လိုက်တိုင်း အရည်များထွက်လာတယ်။ ရှန်ဟိုင်း၊ နန်ကျင်း၊ ဟန်ကျိုးတို့တွင် ရှိပါတယ်။ စားတဲ့အခါ သတိထားရမှာက ဦးစွာ အပေါက်ငယ်တစ်ခုဖြစ်အောင် ကိုက်ပြီး အရည်ကို လေမှုတ်ကာ သောက်ပါ။ ထို့နောက် တစ်လုံးလုံး စားလိုက်ပါ။ မဟုတ်ရင် ပေါက်စီအရည်သည် လျှာကို အပူလောင်စေနိုင်တယ်နော်။

စတုတ္ထအဆင့်- ယူနန်မြီးရှည်
ယူနန်ပြည်နယ်သည် မြီးရှည်၏ ဇာတိနေရာဖြစ်ပါတယ်။ တံတားကူးမြီးရှည်၊ ရှောကောအိုးငယ်မြီးရှည်၊ မြီးရှည်အေး၊ တို့ဟွားပဲပြားမြီးရှည် စသည့် မြီးရှည်များသည် ဟင်းရည်များပြီး အမွှေးအကြိုင်များသောကြောင့် တစ်ခွက်သောက်လိုက်ပါက ရင်ကိုလည်း နွေးစေ၊ အစာအိမ်ကိုလည်း နွေးစေပါတယ်။ မြန်မာမိတ်ဆွေများအတွက် မြီးရှည်သည် စိမ်းကားမှု မရှိသော်လည်း ယူနန်၏ စားသုံးပုံနှင့် အရသာတို့က အတွေ့အကြုံသစ်တစ်ရပ်ကို ပေးစွမ်းနိုင်ပါတယ်။

ပဉ္စမအဆင့်- တရုတ်အသားကင်
မြန်မာအသားကင်နှင့် မတူဘဲ တရုတ်အသားကင်သည် အမျိုးအစား များပြားစုံလင်ပြီး ဟင်းခတ်အမွှေးအကြိုင်များ ပိုမိုကြွယ်ဝပါတယ်။ သိုးသားကင်၊ ငါးကင်တို့သည် အမြဲတမ်း မြန်မာမိတ်ဆွေများ၏ အကြိုက်ဆုံး ဖြစ်တယ်။ မီးသွေးမီးဖြင့် ကင်လိုက်သည်နှင့် မွှေးကြိုင်သောအနံ့မှာ နှာခေါင်းထဲသို့ ပျံ့နှံ့လာပါတော့တယ်။ နွေရာသီည၏ လမ်းဘေးတွင် ဘီယာအေးတစ်ပုလင်းနှင့် အသားကင်တစ်စည်းသည် လူတိုင်း၏ ပျော်ရွှင်မှုအစပင် ဖြစ်တယ်။

၃။ လမ်းဘေးဈေးဆိုင်များ vs စားသောက်ဆိုင်ကြီးများ
တရုတ်နိုင်ငံမှာ စားသောက်ရင် ဈေးကြီးလားဟု မြန်မာမိတ်ဆွေများစွာက မေးကြပါတယ်။ အဖြေမှာ သင်ဘယ်လိုစားသလဲပေါ်တွင် မူတည်ပါတယ်။
လမ်းဘေးဈေးဆိုင်များ၊ မုန့်ဆိုင်ငယ်များ - ၁၀ယွမ်မှ ၃၀ယွမ်ဖြင့် ဗိုက်ဝအောင် စားနိုင်ပါတယ်။ ခေါက်ဆွဲတစ်ပွဲ၊ ထမင်းကြော်တစ်ပွဲ၊ တုတ်ထိုးကင်အနည်းငယ်တို့က ဈေးချိုပြီး ဒေသအရသာ ခံစားနိုင်ပါတယ်။
သာမန်စားသောက်ဆိုင်များ- တစ်ဦးချင်းပျမ်းမျှ ၅၀ယွမ်မှ - ယွမ်၁၀၀ ဖြင့် ဟင်း ၃-၄ မျိုး မှာယူကာ စုံလင်စွာ စားနိုင်ပါတယ်။
အဆင့်မြင့်စားသောက်ဆိုင်များ - တစ်ဦးချင်းပျမ်းမျှ ယွမ် ၂၀၀ အထက်ဖြစ်ပြီး နေ့ထူးနေ့မြတ်များအတွက် သင့်တော်ပါတယ်။
အကြံပြုချက် - ဒေသအရသာအရှိဆုံး အစားအစာကို စားချင်လျှင် ဈေးဝယ်စင်တာကြီးများရှိ နိုင်ငံတကာစားသောက်ဆိုင်ခွဲများသို့ မသွားပါနှင့်။
လူနေရပ်ကွက်အနီးရှိ လမ်းသွယ်များသို့ သွားပါ။ ဘယ်ဆိုင်မှာ လူတန်းစီတာ အများဆုံးလဲ ကြည့်ပြီး လိုက်တန်းစီလိုက်ပါ။ ဒေသခံတွေ အကြိုက်ဆုံးဆိုင်ကတော့ ဘယ်တော့မှ မှားနိုင်စရာ မရှိပါဘူး။

၄။ တရုတ်နိုင်ငံတွင် စားသောက်ရာမှာ စည်းကမ်းများ ရှိပါသလား။
တရုတ်လူမျိုးများသည် ထမင်းစားပွဲပေါ်တွင် စည်းကမ်းသေးသေးလေး အချို့ရှိသော်လည်း ရှုပ်ထွေးလှသည် မဟုတ်ပါ။
တူများအသုံးပြုခြင်း - တူများကို ထမင်းပန်းကန်ထဲ စိုက်မထားပါနှင့်။ (ကန်တော့ပွဲနှင့် တူသည်) လူကို တူဖြင့် မညွှန်ပြပါနှင့်။
ရေနွေးကြမ်းငှဲ့ခြင်း - အခြားသူတစ်ဦးက သင့်အား ရေနွေးကြမ်းငှဲ့ပေးသောအခါ စားပွဲပေါ် လက်ချောင်းဖြင့် ပေါ့ပေါ့ပါးပါး နှစ်ချက်တောက်၍ ကျေးဇူးတင်ကြောင်း ပြသပါ။
အရက်ခွက် Cheers လုပ်ခြင်း - ခွက်တိုက် Cheers လုပ်သည့်အခါ အသက်ကြီးသူ သို့မဟုတ် အကြီးအကဲများထက် ခွက်ကို အနည်းငယ် နှိမ့်ပေးထားခြင်းဖြင့် ရိုသေကြောင်းပြသပါ။ သူငယ်ချင်းများကြားတွင်တော့ အဆင်ပြေသလို ပြုလုပ်နိုင်ပါတယ်။
ငွေရှင်းခြင်း- တရုတ်နိုင်ငံတွင် ဧည့်သည်များကို စားသောက်ရန် ဖိတ်ကြားခြင်းသည် သာမာန်အလေ့အထ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က "သင့်ကို ကျွန်ုပ် ဧည့်ခံမယ်" ဟု ပြောပါက ပိုက်ဆံရှင်းရန် အပြိုင်အဆိုင် မလုပ်ဘဲ "ကျေးဇူးတင်ပါတယ်" ဟုသာ ပြောပါ။
စည်းကမ်းများကို မမှတ်မိလည်း ဘာမှ မဖြစ်ပါဘူး။ တရုတ်လူမျိုးများသည် နိုင်ငံခြားခရီးသွားများအပေါ် အလွန်သဘောကောင်းပါတယ်။ သင်သာ ပျော်ပျော်ကြီး စားသောက်နေလျှင် သူတို့လည်း ကျေနပ်ပျော်ရွှင်ကြပါတယ်။


၅။ တကယ်လို့ အစားအသောက်များကို မစားတတ်လျှင် ဘယ်လိုလုပ်မလဲ
တရုတ်ဟင်းလျာများတွင် အရသာ အမျိုးစုံရှိပြီး သင့်အတွက် သင့်တော်မည့် ဟင်းလျာ တစ်မျိုးမဟုတ် တစ်မျိုး အမြဲရှိနိုင်ပါတယ်။
စပ်တာ မစားဘူးမလား။ ဟင်းမှာယူသည့်အခါ "စပ်တာ မပါစေနဲ့" ဟုသာ ပြောပါ။
ဝက်သား မစားဘူးမလား။ တရုတ်နိုင်ငံရှိ မြို့အများအပြားတွင် ဟလာလ်(Halal) စားသောက်ဆိုင်များ ရှိပြီး ဝင်ပေါက်တွင် ချိတ်ဆွဲထားသော "ဟလာလ်" သင်္ကေတ သို့မဟုတ် အာရပ်ဘာသာစာတန်းကို မှတ်သားလိုက်ပါ။
အသား မစားဘူးမလား။ တရုတ်နိုင်ငံတွင် သက်သတ်လွတ်ဟင်းလျာဆိုင်များ အများအပြားရှိပြီး ဘုံကျောင်းများအနီးရှိ သက်သတ်လွတ်အစားအစာများသည် အရမ်းစားကောင်းပါတယ်။
မြန်မာအရသာကို စားချင်တာလား။ ယူနန်ပြည်နယ်ရှိ တိုင်လူမျိုးဟင်းလျာများ၊ တယ်ဟုန်ဟင်းလျာများသည် မြန်မာအရသာနှင့် အလွန်ဆင်တူပါတယ်။
တကယ်လို့ စားရတာအဆင်မပြေလျှင် တရုတ်နိုင်ငံ၏ မြို့ကြီးများတွင် အရှေ့တောင်အာရှအရသာရှိသော စားသောက်ဆိုင်များစွာလည်း ရှိပါသည်။ ဒါပေမဲ့ ဒီကို ရောက်လာပြီးသားဆိုရင်တော့ တရုတ်ဟင်းလျာများကို မြည်းစမ်းကြည့်ပါက အံ့အားသင့်စရာများ ရှိလာနိုင်ပါတယ်။

နောက်ဆုံးပြောရရင်
တရုတ်နိုင်ငံတွင် "လူတို့သည် အစားအသောက်ကို မိုးကောင်းကင်ကဲ့သို့ မှတ်ယူအလေးထားကြသည်" ဟု ဆိုရိုးစကားရှိပါတယ်။
စားသောက်ခြင်းသည် ဗိုက်ပြည့်ရုံမျှ မဟုတ်ပါ။
၎င်းသည် ခရီးစဉ်တစ်ခုအတွင်း အနွေးထွေးဆုံးသော အမှတ်တရ ဖြစ်ပါတယ်။
နှစ်များစွာကြာပြီးနောက် သင်သည် ခရီးတွင် ဘယ်နေရာ သွားခဲ့သည်၊ ဘယ်ဟိုတယ်တွင် တည်းခဲ့သည်ကို မမှတ်မိနိုင်တော့ပါ။
ဒါပေမဲ့ သင်သေချာပေါက် မှတ်မိနေမှာကတော့
ညနေခင်းတစ်ခုရဲ့ လမ်းသွယ်တစ်ခုထဲတွင် စားခဲ့ရသော ပူပူလောလော အစားအသောက်ကောင်းများသာ ဖြစ်နေမှာပါ။

ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ WeChat Official အကောင့်ကို Follow လုပ်ထားပြီး တရုတ်နိုင်ငံ၏ ခရီးသွားဆိုင်ရာ လက်တွေ့ကျအသုံးဝင်သော အချက်အလက်များကို ရယူလိုက်ပါ။
