လျန်ယွင်ကန်မြို့(Lianyungang)ခရီးသွားမိတ်ဆက်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-04-05 14:15:25



လျန်ယွင်ကန်မြို့(Lianyungang)၏ တစ်မူထူးခြားသော သဘာဝပတ်ဝန်းကျင်နှင့် သမိုင်းကြောင်းရှည်ကြာသော ယဉ်ကျေးမှုအနှစ်သာရများသည် များပြားလှသော ခရီးသွားဧည့်သည်များကို ဆွဲဆောင်လျက် ရှိပါသည်။ ယခုအစီအစဉ်မှတစ်ဆင့် လျန်ယွင်ကန်မြို့အလှကို အတူတကွ လေ့လာရှုစားရန် ဖိတ်ခေါ်အပ်ပါသည်။



လျန်ယွင်ကန်မြို့ (Lianyungang) သည် တရုတ်နိုင်ငံ ပင်လယ်ကမ်းရိုးတန်းအလယ်ပိုင်း၊ ကျန်းစူးပြည်နယ် (Jiangsu) အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး  ဥရောပ-အာရှ ကုန်းတွင်းတံတားသစ်အရှေ့ပိုင်း၏ စမှတ်၊ တရုတ်နိုင်ငံ၏ ပထမအသုတ် ပင်လယ်ဆိပ်ကမ်း ကုန်သွယ်ရေးမြို့တော်၊ တရုတ်နိုင်ငံ ယဉ်ကျေးမှုမြို့တော်၊ အမျိုးသားဥယျာဉ်မြို့တော်၊  အနောက်သို့ခရီးသွားခြင်းမှတ်တမ်းယဉ်ကျေးမှု အစပြုရာမြေ ဖြစ်သည်။ ကုန်းမြေဧရိယာ (၇၆၁၅) စတုရန်းကီလိုမီတာ၊ ပင်လယ်ပြင်ဧရိယာ (၇၅၁၆) စတုရန်းကီလိုမီတာ၊ မြို့ပြတည်ဆောက်ပြီးစီးမြေဧရိယာ (၃၁၀) စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး လူဦးရေ (၅.၃၄၅) သန်း ရှိသည်။ တုန်းဟိုင်ကောင်တီ (Donghai) ၊ ကွမ့်ယွင်ကောင်တီ (Guanyun) ၊ ကွမ့်နန်ကောင်တီ (Guannan) ၊ ကန့်ယွီဒေသ (Ganyu) ၊ ဟိုင်ကျိုးဒေသ (Haizhou) ၊ လျန်ယွင်ဒေသ (Lianyun) တို့အပြင် အမျိုးသားအဆင့် စီးပွားရေးနည်းပညာ ဖွံ့ဖြိုးမှုဇုန်၊ တရုတ်နိုင်ငံ အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသ ပူးပေါင်းဆောင်ရွက်မှုဇုန်နှင့် ယွင်ထိုင်တောင်ရှုခင်းနေရာ (Yuntai) တို့ ပါဝင်သည်။ 



လျန်ယွင်ကန်မြို့သည် တောတောင်ရေမြေရှုခင်းများဖြင့် သာယာလှပသည့် ဆိပ်ကမ်းမြို့ ဖြစ်ပြီး ယဉ်ကျေးမှုနှင့် ခရီးသွားအရင်းအမြစ်များ ကြွယ်ဝသည်။ ယင်းမြို့ကို “Oriental Book of Heaven” ဟု တင်စားလေ့ရှိပြီး နှစ်ပေါင်းတစ်သောင်းကြာ သမိုင်းသက်တမ်းရှိသည့် တရုတ်နိုင်ငံ၏ ရှေးအကျဆုံးသော Jiangjunya ကမ်းပါးပန်းချီ၊ နှစ်ပေါင်း (၄၆၀၀) သမိုင်းသက်တမ်းရှိ ထန်ဟွားလော့ (Tenghualuo) သမိုင်းမတိုင်မီခေတ်မြို့ပြတည်နေရာ၊ တွန်းဟွမ်မြို့ (Dunhuang) မော့ကောင်းလိုဏ်ဂူ (Mogao) ရှိ နှစ်ပေါင်း (၃၀၀) သက်တမ်းကြာ ခုံဝမ့်တောင် ကျောက်နံရံပန်းချီ (Kongwang)တို့ ရှိသည်။ ကွန်ဖြူးရှပ်သည် ဤနေရာတွင် တောင်ပေါ်တက်ရောက်၍ ပင်လယ်ရှုခင်းကို ရှုမျှော်ခဲ့ဖူးသည်။ ချင်ဧကရာဇ်မင်း ချင်ရှီဟွမ် (Qin Shi Huang) သည် အရှေ့ဘက်သို့ တိုင်းခန်းလှည့်လည်ရင်း ဤနေရာသို့ ရောက်ရှိခဲ့ပြီး  “ချင်အရှေ့ဂိတ်” ကျောက်စာတိုင်ကို တည်ခဲ့သည်။ ရွှီဖူ (Xufu) သည် ဤနေရာမှ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံသို့ ရွက်လွှင့်ခဲ့သည်။ ဝူချန်အန်း (Wu Cheng’en) သည် တောတောင်ရေမြေ သဘာဝရှုမျှော်ခင်းနှင့် ဒဏ္ဍာရီပုံပြင်များကို မှီငြမ်း၍ “အနောက်သို့ခရီးသွားခြင်းမှတ်တမ်း” ကို ရေးသားခဲ့သည်။ လီရူကျန်း (Li Ruzhen) သည် ပန်ဖူမြို့ (Banpu) တွင် တည်းခိုနေထိုင်ခဲ့စဉ် “The Marriage of Flowers in the Mirror” ဝတ္ထုကို ရေးသားခဲ့သည်။ 



လက်ရှိ ယင်းမြို့တွင် 5A အမျိုးသားအဆင့် ရှုခင်းနေရာ (၂)ခု၊ 4A အမျိုးသားအဆင့် ရှုခင်းနေရာ (၁၃)ခု ရှိသည်။ မျောက်မင်း စွန်းဝူခုန်း၏ ဌာနေ ဟွားကော်ဆန်းတောင် (Huaguoshan) ၊ တရုတ်နိုင်ငံ၏ အလှဆုံးကျွန်း (၁၀)ကျွန်းတွင် တစ်ကျွန်းအပါအဝင်ဖြစ်သော လျန်တောင်ကျွန်း (Liandao) ၊ ရင်သပ်ရှုမောဖွယ် လှပသော ယွင်ထိုင်‌တောင် (Yuntai) ၊ အရှေ့တရုတ်ပင်လယ် ရေပူစမ်းမြို့၊ ကမ္ဘာ့အကြီးဆုံး Crystal Market အစရှိသည့် ထူးခြားသော အရင်းအမြစ်များကိုလည်း ပိုင်ဆိုင်ထားသည့်အတွက် လျန်ယွင်ကန်မြို့သည် ကျန်းစူးပြည်နယ်၏ ခရီးသွားအရင်းအမြစ်ဇုန် (၃)ခုအနက် တစ်ခုအပါအဝင် ဖြစ်သည်။ ၎င်းအပြင် ရွှီဖူ(Xufu)ဒဏ္ဍာရီ၊ ဟိုင်ကျိုးဒေသ ရိုးရာရှေးဂီတ(၅)မျိုး၊ အရှေ့တရုတ်ပင်လယ် ချွေးမအလိမ္မာဒဏ္ဍာရီ၊ ဟွိုင်(Huai)ဆားချက်ခြင်းအတတ်ပညာ၊ Huaihai အော်ပရာပြဇာတ်၊ အရှေ့တရုတ်ပင်လယ် သလင်းကျောက်ရုပ်တု အစရှိသည့် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (၆)မျိုးနှင့် လျန်တောင်ကျွန်း (Liandao) အရှေ့တရုတ်ပင်လယ် လန်းယာကောင်တီ ပုံထွင်းကျောက် (Langya) ၊ Jiangjunya ကမ်းပါးပန်းချီ အစရှိသည့် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းသည့် နေရာ (၉)ခုကိုလည်း ပိုင်ဆိုင်ထားရှိသည့် သမိုင်းကြောင်းရှည်ကြာ၍ ထူးခြားအံ့ဖွယ်များစွာ တည်ရှိသော မြို့တစ်မြို့ ဖြစ်သည်။