“သဘာဝပသာဒ ယန်စီမြစ်အလှ” ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အရင်းအမြစ်များ တင်ဆက်ခြင်း - ယူနန်ပြည်နယ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-07-15 12:29:20


WeChat Image_20230718091109.png


ကျင်းဆားမြစ် (Jinsha) သည် ယန်စီမြစ်၏ အဓိက မြစ်ဖျားခံရာနေရာ ဖြစ်သည်။ ၎င်းမြစ်သည် ယူနန်ပြည်နယ်ထဲသို့ ဖြတ်သန်းစီးဆင်းပြီး ကီလိုမီတာ (၁၅၆၀)ကျော် ရှည်လျားသည်။ ၎င်းမြစ်ဝှမ်းတွင် ယူနန်ပြည်နယ်၏ ကုန်းမြင့်ရေကန်များ၊ တောတောင်လျှိုမြောင်များ၊ သဘာဝသစ်တောများ၊ ကမ္ဘာ့အမွေအနှစ်များနှင့် ယဉ်ကျေးမှုအသွင်မျိုးစုံတို့ စုစည်းတည်ရှိပါသည်။ ဤအစီအစဉ်မှတစ်ဆင့် ယူနန်ပြည်နယ်၏ ဆန်းကြယ်လှပမှုများကို လေ့လာရှုစားနိုင်ပါသည်။



(၁) ကမ္ဘာ့သဘာဝအမွေအနှစ် “မြစ်သုံးစင်းအပြိုင်စီးဆင်းရာဒေသ (Three Parallel Rivers)” သည် “ကမ္ဘာ့ခေါင်မိုး” ဟု တင်စားခေါ်ဆိုသော ချင်းဟိုင်-တိဘက် ကုန်းပြင်မြင့် (Qinghai–Tibet Plateau) မှ မြစ်ဖျားခံ စီးဆင်းလာသည့် နူကျန်းမြစ် (Nujiang) ၊ ကျင်းဆားမြစ် (Jinsha) နှင့် လန်ချန်းမြစ် (Lancang) တို့ အပြိုင်စီးဆင်းရာ ဖြစ်သည်။ ယူနန်ပြည်နယ် အနောက်မြောက်ဘက်ရှိ မြင့်မားမတ်စောက်သော တောင်တန်းများအကြား မြစ်ချင်းယှဉ်လျက် ကီလိုမီတာ (၁၇၀)ကျော် အပြိုင်စီးဆင်းသည်။ ယင်းဒေသတွင် နှင်းတောင်၊ လျှိုမြောင်၊ ရေကန်၊ ကောင်းကင်ပြာ စသဖြင့် မြင်တွေ့ရခဲသည့် တောင်ပေါ်ဒေသ မြေမျက်နှာသွင်ပြင်နှင့် ဆင့်ကဲဖြစ်ပေါ်လာသော သွင်ပြင်လက္ခဏာများသာမက ဇီဝမျိုးစိတ်များလည်း စုံလင်များပြားလှသည်။


WeChat Image_20230718091113.jpg

(Meili Snow Moutain)


(၂) ကျင်းဆားမြစ် (Jinsha) သည် လိကျန်းပြည်နယ် (Lijiang) ရှီကူမြို့ငယ် (Shigu) ထဲသို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာပြီး အရှေ့ဘက်သို့ ရုတ်ခြည်းကွေ့သွားကာ တွေ့ရခဲသော “V” စာလုံးသဏ္ဌာန်အဝိုက် ဖြစ်ပေါ်လာသည်။ ၎င်းရှုခင်းကို “ယန်စီမြစ် ပထမအကွေ့” ဟုလည်း ခေါ်ဆိုကြသည်။


WeChat Image_20230718091117.jpg

(First Bend of Yangtze River)


(၃) ကျားခုန်လျှို (Tiger Leaping Gorge) သည် တရုတ်နိုင်ငံ၏ အလှပဆုံး လျှိုမြောင်များအနက် တစ်ခုအပါအဝင် ဖြစ်သည်။ ဤနေရာတွင် ကျောက်စိမ်းနဂါးနှင်းတောင် (Yulong) နှင့် ဟားပါးနှင်းတောင် (Haba) တို့ အပြိုင်သွယ်တန်းနေသည်။ ယန်စီမြစ်အထက်ပိုင်းရှိ ကျင်းဆားမြစ် (Jinsha) သည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ယင်းလျှိုမြောင်အကြား လှိုင်းတလိပ်လိပ် ရိုက်ခတ်ပြီး ဖြတ်သန်းစီးဆင်းလျက် ရှိသည်။ ကျားခုန်လျှိုတွင် အထက်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်းဟူ၍ ခွဲခြားထားပြီး သွားလာရခက်ခဲကြမ်းတမ်းသည့်နေရာ (၁၈)ခု ရှိသည်။ ကျင်းဆားမြစ်၏ အကျဉ်းမြောင်းဆုံးနေရာသည် မီတာ (၂၀)ကျော်မျှသာ ရှိသည်။ မြစ်လယ်ရှိ ဧရာမကျောက်တုံးကို “ကျားခုန်ကျောက်တုံး” ဟု ခေါ်ပြီး ကျားရဲက ထိုကျောက်တုံးပေါ်မှ မြစ်ကို ခုန်ကူးသည့် ဒဏ္ဍာရီကြောင့် ဤသို့အမည်တွင်ခြင်း ဖြစ်သည်။


WeChat Image_20230718091119.jpg

(Tiger Leaping Gorge of Jinsha River)


(‌၄) ကျောက်စိမ်းနဂါးနှင်းတောင် (Yulong) သည် နာ့ရှီးလူမျိုး(Naxi)များ အထွတ်အမြတ်ထားရာတောင် ဖြစ်သည်။ ၎င်းတောင်ကို နာ့ရှီးလူမျိုးများအား စောင့်ရှောက်ပေးသည့် Sanduo နတ်၏ ကိုယ်ပွားဟု ဒဏ္ဍာရီအရ မှတ်ယူကြသည်။ Shanzidou တောင်ထွတ်တွင် ယူရေးရှားမှ အီကွေတာနှင့် အနီးဆုံးဖြစ်သည့် သမပိုင်းသမုဒ္ဒရာ ရေခဲမြစ် ရှိသည်။ နှင်းတောင်အောက်ရှိ လိကျန်းမြစ် (Lijiang) တွင် ကမ္ဘာ့အမွေအနှစ်နေရာ (၃)ခု ရှိသည်။ တုန်းပါးရှေးစာပေ (Dongba) သည် ကမ္ဘာပေါ်တွင် ယနေ့ထက်တိုင် အသုံးပြုနေဆဲဖြစ်သည့် တစ်ခုတည်းသော ရုပ်ပုံစာ ဖြစ်သည်။ လိကျန်းရှေးဟောင်းမြို့တွင် တံတားငယ်အောက် ရေပြင်အစပ်မှ လူနေအိမ်များ၊ ဆိုင်ခန်းရှေ့ ချိတ်ဆွဲထားသည့် လေယူရာ ယိမ်းလှုပ်နေသော အနီရောင်မီးပုံးများ စသည့် မြင်ကွင်းပုံရိပ်များကို တွေ့မြင်နိုင်ပါသည်။


WeChat Image_20230718091122.jpg

(Yulong Snow Mountain)


(၅) လိကျန်း ပေါင်ဆန်းကျောက်တုံးမြို့ (Baoshan Stone Town) ၏ အရပ်မျက်နှာ(၃)ဖက်ကို ကျောက်ကမ်းပါးများဖြင့် ဝန်းရံထားပြီး မြို့ထဲသို့ တောင်မြောက်နှစ်ဖက်ရှိ ဝင်ပေါက်များမှသာ ဝင်ထွက်နိုင်သည်။ မြို့၏ တောင်ဘက်မှ လမ်းသွယ်အတိုင်း အပေါ်သို့ တက်လာလျှင် ကျောက်ကမ်းပါးတစ်လျှောက် ညီညာစီတန်းစွာ ဆောက်လုပ်ထားသော နေအိမ်ခြံဝန်းများ၊ ကျောက်တုံးဖြင့် ပြုလုပ်ထားသော စားပွဲ၊ ထိုင်ခုံနှင့် မီးဖိုများကို မြင်တွေ့နိုင်ပါသည်။ ဒေသခံများသည် အိမ်ဝင်းထဲမှ ကျောက်တုံးကို ရေစည်အဖြစ်လည်းကောင်း၊ နေအိမ်တွင်းမှ ကျောက်တုံးကို ကျောက်ခုတင်အဖြစ်လည်းကောင်း ထွင်းထုပြုလုပ်ကြသည်။


WeChat Image_20230718091125.jpg

(Baoshan Stone Town)


(၆) လူကူးရေကန် (Lugu) အစပ်တွင် နေထိုင်သော မောစောလူမျိုး (Mosuo) များသည် မိခင်ဦးစီးသည့်စနစ်ကို အစဉ်တစိုက် လက်ဆင့်ကမ်း ကျင့်သုံးလာခဲ့ကြသည်။ အမျိုးသမီးသည် အိမ်ထောင်ဦးစီးအဖြစ် တာဝန်ယူကာ ပစ္စည်းဥစ္စာများကိုလည်း မိခင်အနွယ်ဝင်များထံသို့သာ အမွေလက်ဆင့်ကမ်းသဖြင့် ကမ္ဘာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်ဆုံးသော အမျိုးသမီးပြည် ဖြစ်သည်။ အမျိုးသားနှင့် အမျိုးသမီးများသည် လက်ထပ်ထိမ်းမြားခြင်း မပြုကြဘဲ ညအချိန်တွင် အမျိုးသားများသည် အမျိုးသမီးနေအိမ်သို့ သွားရောက်တွေ့ဆုံကြပြီး ‌နေ့ဘက်ဆိုလျှင် မိမိအိမ်သို့ ပြန်နေကြကာ ထွန်းကားလာသော သားသမီးများသည် မိခင်နှင့်အတူ နေကြသည်။ မောစောလူမျိုးများ လက်ဆင့်ကမ်း ကျင့်သုံးခဲ့ကြသည့် မိခင်အနွယ်ဝင်ယဉ်ကျေးမှုနှင့် အိမ်ထောင်ရေးစနစ်တို့သည် ယနေ့ထက်တိုင် ဆန်းကြယ်နေပေသည်။


WeChat Image_20230718091128.jpg

(Sing and Dance of Mosuo People)


(၇) ယုံလန်ကောင်တီ(Yongren) ကျေကျွီးရွာ(Zhiju)ရှိ ရီတိုင်းရင်းသားလူမျိုး (Yi) တို့၏ ဝတ်စားဆင်ယင်မှုပွဲတော်သည် နှစ်ပေါင်း (၁၃၀၀) ကတည်းက အစဉ်တစိုက် ကျင်းပလာခဲ့သော ပွဲတော်ဖြစ်သည်။ ယင်းပွဲတော်တွင် တရုတ်ရိုးရာ ငြင်းလေမှုတ်တူရိယာ “Lu Sheng” နှင့် Ukelele တူရိယာများဖြင့် သာယာငြိမ့်ညောင်းသော သံစဉ်များ တီးခတ်ပြီး နေဝင်သည်အထိ သီဆိုကခုန်ပျော်မြူးကြသည်။ ရီတိုင်းရင်းသူ လီယုံဖူ (Li Yongfu) သည် ပွဲတော်ကို မိတ်ဆွေများနှင့်အတူ ဆင်နွှဲရန် ပြင်ဆင်လျက် ရှိသည်။ အသက် (၉၇) နှစ် လီယုံဖူသည် ငယ်စဉ်ကတည်းက မိသားစုနှင့်အတူ ဝတ်စားဆင်ယင်မှုပွဲတော်ကို တောက်လျှောက် မပျက်မကွက် ဆင်နွှဲလာခဲ့သည်မှာ နှစ် (၉၀) ရှိပြီဖြစ်သည်။


WeChat Image_20230718091131.jpg

(National costume competition of Yi nationality)


(၈) ယွမ်မို(Yuanmou)မြေစိုင်တောသည် ဆန်းကြယ်ပြီး တိတ်ဆိတ်ငြိမ်သက်လှသည်။ ယင်းတောမြိုင်အတွင်း ဝင်ရောက်လိုက်လျှင် ထူးဆန်းအံ့သြဖွယ် မှော်ကမ္ဘာထဲသို့ ရောက်ရှိသွားသည့်အလား ခံစားရပေမည်။ တရုတ်နိုင်ငံ၏ ယခုလက်ရှိအထိ လေ့လာချက်များအရ အစောဆုံးလူသားမျိုးနွယ် ယွမ်မိုလူသားများ (Yuanmou Man) သည် လွန်ခဲ့သောနှစ်ပေါင်း  ၁.၇ သန်းခန့်က ဤဒေသတွင် ရှင်သန်နေထိုင်ခဲ့ကြသည်။ ယင်းအချိန်၌ ယွမ်မိုလူသားများသည် မိမိတို့ကိုယ်တိုင် တီထွင်ထားသော ကျောက်လက်နက်များဖြင့် အမဲလိုက်ပြီး အစာရှာဖွေစုဆောင်းခြင်း၊ မီးကိုအသုံးပြု၍ အစာချက်လုပ်ခြင်းများ ပြုလုပ်လာကြသဖြင့် လူသားမျိုးနွယ်၏ ရှေးဦးလူရိုင်းခေတ် စတင်ကွယ်ပျောက်စပြုနေပြီ ဖြစ်သည်။ ယွမ်မိုလူသားများသည် “Sinanthropus lantienensis” နှင့် “sinanthropus” လူသားများထက်ပင် ပို၍ စောသည်။ ယွမ်မိုလူသားများတွေ့ရှိချက်သည် လူသားမျိုးနွယ်သမိုင်းကြောင်းကို ရှေးနှစ်ပေါင်း (၁)သန်း မတိုင်ခင်ကာလအထိရောက်အောင် ရှာဖွေဖော်ထုတ်နိုင်ခဲ့သဖြင့် ယွမ်မိုဒေသအား အရှေ့တိုင်းသားများ၏ မွေးရပ်ဇာတိမြေ ဟူ၍လည်း တင်စားခေါ်ဝေါ်ကြသည်။


WeChat Image_20230718091134.jpg

(The Clay Forest in Yuanmou)


(၉) တုန်းချွမ်း (Dongchuan) ဂဝံမြေနီဒေသသည် ရာသီအပြောင်းအလဲအလိုက် အရောင်အသွေးစုံလင်စွာ ပြောင်းလဲတတ်သည်။ ယင်းဒေသရှိ သစ်ပင်ပန်းမန်များမှာ ခရမ်းတစ်လှည့်၊ အစိမ်းတစ်လှည့်၊ အဖြူတစ်လှည့်၊ ရွှေဝါတစ်လှည့်နှင့် အရောင်အဆင်းများ စုံလင်စွာ အလှည့်ကျ ပွင့်လန်းလျက်ရှိသည်။ ပုံစံတစ်သမတ်တည်းမရှိသော လှေကားထစ်စိုက်ခင်းများသည် တောင်စောင်းမှ တောင်ထိပ်သို့လည်းကောင်း၊ တစ်ဖန် တောင်တစ်တောင်မှ အခြားတစ်တောင်ဆီသို့လည်းကောင်း နိမ့်ချည်မြင့်ချည်နှင့် ဟိုးအဝေး ကောင်းကင်ယံထက်သို့ ရောက်ရှိတော့မည့်အလား သွယ်တန်းသွားလျက် ရှိပါသည်။


WeChat Image_20230718091137.jpg

(Redlands in Dongchuan)


(၁၀) ကျင်းဆားမြစ် (Jinsha) သည် ကျောက်ထုန်းမြို့ (Zhaotong) ရှိ ချောင်ကျားကောင်တီ (Qiaojia) ၊ ယုံစန့်ကောင်တီ (Yongshan) ၊ ဆွေကျန်းကောင်တီ (Suijiang) နှင့် ဆွေဖုမြို့ (Shuifu) များကို ဖြတ်သန်းစီးဆင်းပြီး လူတျန့်ကောင်တီ (Ludian) မှ မြစ်ဖျားခံလာသော စူးစီမြစ် (Shushi) နှင့် ဆွေဖုဆိပ်ကမ်းတွင် ပေါင်းဆုံသည်။ ထို့နောက် တရုတ်နိုင်ငံအနောက်ပိုင်း မဟာလျှိုမြောင်ကြီးပတ်လမ်း ခရီးစဉ်လမ်းကြောင်း ဖြစ်ပေါ်လာပြီး တာ့စန်းပေါင်း (Dashanbao) ရေတိမ်ဒေသ၊ လည်နက်ကြိုးကြာ သဘာဝထိန်းသိမ်းရေးနယ်မြေများနှင့် တစ်ဆက်တည်း ဆက်လျက်ရှိသည်။ ဩဂုတ်လမှ အောက်တိုဘာလအတွင်းတွင် ပန်းဂျုံ၊ အုတ်ဂျုံနှင့် ပန်းမန်မြက်ပင်များ အစုလိုက်အပြုံလိုက် အရောင်အသွေး စုံလင်စွာ ရှင်သန်ပေါက်ရောက်ကြသည်။ နိုဝင်ဘာလမှ ဧပြီလအတွင်းတွင် လည်နက်ကြိုးကြာငှက်အုပ်များ ရေတိမ်ဒေသတွင် လာရောက်ကျက်စားကြသည့် နွေဦးရာသီရှုခင်း အလှအပများကို မြင်တွေ့နိုင်ပါသည်။


WeChat Image_20230718091140.jpg

(Big mountain in Zhaotong)


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယခုရက်ပိုင်းအတွင်း တင်ဆက်နေသည့် “၂၀၂၃ ခုနှစ် ယန်စီမြစ်ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ” အစီအစဉ်မှာ ယနေ့နောက်ဆုံးဖြစ်ပြီး ယင်းနောက်တွင် “၂၀၂၃ ခုနှစ် မြစ်ဝါမြစ်ခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ” ကို ဆက်လက်တင်ဆက်ပေးသွားမည် ဖြစ်သဖြင့် စောင့်မျှော်အားပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။