တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား - ဟေးလုံကျန်းပြည်နယ်
ဗီဒီယိုနှင့် ဓာတ်ပုံများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများအလိုက် ပိုင်းခြား၍ တင်ဆက်ထားသည်။ ဤအချိန်တစ်မိနစ်အတွင်းတွင် နေရာတစ်ခုချင်းစီ၏ တစ်မူထူးခြားသော ခရီးသွားယဉ်ကျေးမှုအရင်းအမြစ်များကို ပြသထားပြီး ကြည့်ရှုသူပရိသတ်တို့အတွက် တစ်မိနစ်စာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို တင်ဆက်ပေးသွားမည် ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုရန်အတွက် သတင်းကောင်းပါးပါရစေရှင်။
ဟေးလုံကျန်းပြည်နယ် (Heilongjiang)
ဟေးလုံကျန်းပြည်နယ် (Heilongjiang) သည် တရုတ်နိုင်ငံ နယ်စပ်ဘက်တွင် တည်ရှိပြီး သာယာလှပသော သဘာဝရှုမျှော်ခင်းနှင့် စုံလင်များပြားသော ရိုးရာဓလေ့ယဉ်ကျေးမှုများ ရှိသည်။ တရုတ်နိုင်ငံမြောက်ပိုင်းရှိ ဟေးလုံကျန်းပြည်နယ်သည် “သဘာဝမီးတောင်ပြတိုက်” ဟူ၍ တင်စားခေါ်ဝေါ်ကြသော ဝူတာ့လျန်ချေ သဘာဝရှုမျှော်ခင်းနေရာ (Wudalianchi) ၊ မန်ချူးရီးယားကြိုးကြာငှက်တို့၏ ဇာတိမြေ ကျားလုံရေတိမ်ဒေသ (Zhalong) ၊ အိပ်မက်ကမ္ဘာအလား ဖြစ်တည်နေသော ဆီးနှင်းပြင်၊ တရုတ်နိုင်ငံတွင် ဥတ္တရအလင်းတန်းများကို ရှုစားရန် အကောင်းဆုံးနေရာဖြစ်သော ပေကျီရွာ (Beiji) ၊ အထင်ကရ ဗဟိုလမ်းမ (Zhongyang Dajie) ၊ ပန်းချီကားသဖွယ် လှပသော ရုရှားစတိုင် ဖူအယ်ကျား စံအိမ်တော် (Volga Manor) ၊ တလက်လက် တောက်ပနေသော ရေခဲစီးနှင်းကမ္ဘာ အစရှိသည့် နေရာများဖြင့် သာယာလှပနေပေတော့သည်။