၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “ရှင်းကျန်းဒေသဟာ သာယာဖွယ်နေရာတစ်ခုပါ” ကဏ္ဍတွဲ ဗီဒီယိုအတို တင်ဆက်ခြင်း “လျှာဖျားထက်က ပိုးလမ်းမစားကောင်းသောက်ဖွယ်များ” (အပိုင်း - ၃)
ရှင်းကျန်းဒေသ (Xinjiang) ၏ ကျယ်ပြန့်၍ စုံလင်ကြွယ်ဝသော ပထဝီဝင်ပတ်ဝန်းကျင်၊ အမျိုးမျိုးအဖုံဖုံ စုံလင်များပြားသော ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် အသွင်မတူ ကွဲပြားစုံလင်သော လူနေမှုပုံစံစရိုက်တို့သည် ဤရှေးဟောင်းမြေနေရာပေါ်တွင် တဖြည်းဖြည်း စုဝေး၍ ဖြစ်တည်လာကာ ယနေ့ခေတ် တိုးတက်ပြောင်းလဲမှုဖြစ်စဉ်တွင် ခေတ်ရေစီးကြောင်းများပါ အတူရောယှက်ပေါင်းစပ်လာခဲ့သည်။
ရှင်းကျန်းဟင်းလျာများသည် အမျိုးစုံလင်လှပြီး ကိုယ်ပိုင်ဝိသေသထူးခြားချက်များဖြင့် ပြည့်နှက်နေပေသည်။ ယခုအစီအစဉ်တွင် ကြည့်ရှုသူပရိသတ်များအဖို့ ပိုးလမ်းမကြီး၏ တောင်ပိုင်း၊ အလယ်ပိုင်းနှင့် မြောက်ပိုင်းလမ်းကြောင်း ဟူ၍ လမ်းကြောင်း (၃)ခုဖြင့် ပိုးလမ်းမကြီးတစ်လျှောက်ရှိ တစ်မူထူးခြားသော ရှင်းကျန်းစားကောင်းသောက်ဖွယ်များကို မြင်တွေ့ခံစားစေမည် ဖြစ်ပါသည်။
ယခုအပတ်တွင် မြောက်ပိုင်းလမ်းကြောင်းကို မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး ဟားမိမြို့ (Hami) ၊ ဝူးလူမုချီမြို့ (Urumqi) ၊ ချန်းကျီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Changji) နှင့် ရီးလီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Ili) တို့၏ စားကောင်းသောက်ဖွယ်ရာများကို တင်ဆက်ပေးသွားမည်ဖြစ်သည်။
ဟားမိမြို့ (Hami) သည် သခွားမွှေးသီး အဓိကထွက်ရှိရာ ဒေသဖြစ်ပြီး ဇူလိုင်လသည် ဟားမိသခွားမွှေး ရင့်မှည့်ချိန်ဖြစ်သည်။ အသင့်နှပ်ပြီးသား သိုးနံရိုးပေါ်တွင် သခွားမွှေးအနှစ်ကို သုတ်လိမ်း၍ မီးကင်ဖိုထဲတွင် မီးကင်ပြီးနောက် ထိုကင်ပြီးသော သိုးနံရိုးကင်ကို ချိုမြလတ်ဆတ်သော သခွားမွှေးအနှစ်ဖြင့် ထပ်မံသုတ်လိမ်းလိုက်ပါက အရသာ ချိုချိုချဉ်ချဉ်၊ ကြွပ်ကြွပ်ရွရွနှင့် အလွန်စားကောင်းလှပေသည်။
ဝူးလူမုချီမြို့ (Urumqi) တွင် မုန့်နှင့် အသီးယိုမျိုးစုံတို့ကို မြည်းစမ်းသုံးဆောင်နိုင်သည်။ ရိုးရာမုန့်ဖုတ်နည်းကို အသုံးပြုခြင်း၊ လက်ရာကျွမ်းကျင်ခြင်းနှင့် အရသာစစ်မှန်ခြင်းတို့သည် တာတာလူမျိုး (Tatar) အမျိုးသမီးများအား အလုပ်ကြိုးစား၍ ဉာဏ်ပညာထက်မြက်သူများအဖြစ် အများအမြင်တွင် ထင်မှတ်စေပါသည်။
ချန်းကျီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Changji) ၏ အစားအသောက်တန်းရှိ ဆီကြော်မုန့်နှင့် မုန့်ဝိုင်းချိုတို့သည် လူကြိုက်များသော အစားအစာများဖြစ်သည်။ ဆီကြော်မုန့်အား ဆီဖြင့် ကြော်လိုက်သည့်အခါ မုန့်အပေါ်ယံအလွှာသည် ရွှေရောင်သန်းပြီး ကြွပ်ရွနေကာ မုန့်အတွင်းသားသည် နူးညံ့၍ အရသာရှိလှသည်။
ရီးလီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Ili) ၏ နွေရာသီတွင် ဆွဲဆောင်မှုအရှိဆုံးမှာ လက်လုပ်ရေခဲမုန့်ပင် ဖြစ်သည်။ လက်လုပ်ရေခဲမုန့်သည် နူးညံ့ချိုမြ၍ အရသာ လေးလေးပင်ပင်ရှိလှသည်။