၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ မြောက်ပိုင်းရေခဲဆီးနှင်းခရီးသွားလာမှု ပြည်ပမိတ်ဆက်ခြင်းရာသီ “လေ့လာဖွေရှာ ဆန်းရှီးအလှအပအဖြာဖြာ” ယဉ်ကျေးမှုခရီးသွား ဗီဒီယိုထုတ်လွှင့်တင်ဆက်မှု - ဆန်းရှီးပြည်နယ်၏ ဒြပ်မဲ့ယဉ်ကျေးမှုများ (ပထမပိုင်း)
တရုတ်ရိုးရာယဉ်ကျေးမှု၏ အစပြုရာနေရာဖြစ်သည့် ဆန်းရှီးပြည်နယ် (Shanxi) သည် ရှေးဟောင်းသမိုင်းဝင်နေရာများ ပေါများကြွယ်ဝပြီး ယဉ်ကျေးမှုအမွေအနှစ်များလည်း နက်ရှိုင်းလှပါသည်။ များပြားစုံလင်သော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များသည် ဆန်းရှီးမြေပေါ်တွင် ခေတ်အဆက်ဆက် နေထိုင်လာခဲ့သော လုပ်သားပြည်သူတို့၏ အသိဉာဏ်ပညာများပင်ဖြစ်သည်။
“လီဟိုကျား ပိတ်အရုပ်” ဗီဒီယို
လီဟိုကျား ပိတ်အရုပ် (Lihou Cloth Tiger) သည် ဆန်းရှီးပြည်နယ် လီချန်ကောင်တီ (Licheng) မှ အစပြုသော ရိုးရာလက်မှုအနုပညာပစ္စည်းတစ်ခုဖြစ်ပြီး စန်းမင်းဆက်ခေတ် (Shang) နှင့် ကျိုးမင်းဆက်ခေတ် (Zhou) တို့တွင် ကျားကို တလေးတစား ကိုးကွယ်ယုံကြည်သော ရိုးရာဓလေ့မှ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်း (၃၀၀၀) သမိုင်းတစ်လျှောက် အဆင့်ဆင့် ပြောင်းလဲတိုးတက်လာပြီးနောက်တွင် ပြည့်စုံကောင်းမွန်အောင် တဖြည်းဖြည်း မွမ်းမံလာခဲ့ရာမှ ယခုအချိန်တွင် ဓလေ့ထုံးစံများ၊ ကောက်ရိုးရက်လုပ်ခြင်းအတတ်ပညာ၊ ပန်းထိုးခြင်းအတတ်ပညာ၊ စက္ကူအလှညှပ်ခြင်းအတတ်ပညာ၊ လက်ရေးလှအတတ်ပညာနှင့် ပန်းချီအတတ်ပညာတို့ကို အားလုံးတစ်ပေါင်းတည်း စုစည်းပေါင်းစပ်ထားသော တစ်မူထူးခြားသည့် ပိတ်အရုပ်ပုံသဏ္ဌာန်ကို ဖြစ်ပေါ်လာစေပါသည်။ လီဟိုကျားပိတ်အရုပ်အား ကောင်းချီးမင်္ဂလာများ ဆောင်ယူလာပေးပြီး နတ်ဆိုးတို့၏ရန်မှ ကင်းဝေးပပျောက်စေသည့် အဆောင်အဖြစ် မှတ်ယူလေ့ရှိကြပြီး “တရုတ်နိုင်ငံ၏ နံပါတ်တစ်ကျား”အဖြစ် လူသိများသည်။
“ဆန်းရှီးပြည်နယ်၏ ရိုးရာဂျုံရုပ် လက်မှုပညာ” ဗီဒီယို
ဆန်းရှီးပြည်နယ်၏ ရိုးရာဂျုံရုပ်သည် ဂျုံမှုန့်ကို ရေနွေးငွေ့ဖြင့် ပေါင်း၍ အရုပ်ပုံသဏ္ဌာန် ဖန်တီးပြုလုပ်ရသည့် အနုပညာလက်ရာတစ်မျိုးဖြစ်သည်။ ယင်းဂျုံရုပ်အား လတ်ဆတ်သောဆိုဒါမှုန့်ကို အသုံးပြုကာ လက်မှုပညာဖြင့် ဖန်တီးပြုလုပ်ထားပြီး တာရှည်ခံဖြည့်စွက်ပစ္စည်း ပါဝင်မှုမရှိဘဲ အစားအသောက်သုံး အရောင်ဆိုးဆေးများဖြင့် ခြယ်သထား၍ အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားရှိနိုင်ပါသည်။ ၎င်းဂျုံရုပ်သည် ဒေသခံပြည်သူတို့၏ မင်္ဂလာပွဲနှင့် အသုဘအခမ်းအနားများ၊ ရာသီချိန်ခါများ၊ ပူဇော်ကန်တော့ခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းအခမ်းအနားတို့အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုလည်းဖြစ်သည်။