တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား - ယူနန်ပြည်နယ်၊ ကျန်းရှီးပြည်နယ်၊ တိဗက်ဒေသ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-07-03 18:21:20


ဗီဒီယိုများကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တစ်မိနစ်အတွင်း ကြည့်ရှုခံစား၊ တရုတ်နိုင်ငံ၏ အလှတရား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုများကို မိတ်ဆက်ပေးသွားမည်ဖြစ်ကာ တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့် အုပ်ချုပ်ရေးဒေသများအလိုက် ပိုင်းခြား၍ တင်ဆက်ထားသည်။ ဤအချိန်တစ်မိနစ်အတွင်းတွင် နေရာတစ်ခုချင်းစီ၏ တစ်မူထူးခြားသော ခရီးသွားယဉ်ကျေးမှုအရင်းအမြစ်များကို ပြသထားပြီး ကြည့်ရှုသူပရိသတ်တို့အတွက် တစ်မိနစ်စာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းအလှများကို တင်ဆက်ပေးသွားမည် ဖြစ်ပါသောကြောင့် ဆက်လက်စောင့်မျှော်ကြည့်ရှုရန်အတွက် သတင်းကောင်းပါးပါရစေရှင်။



ယူနန်ပြည်နယ် (Yunnan)


ယူနန်ပြည်နယ်(Yunnan)ရှိ ဂဝံမြေနီဒေသများသည် အပူပိုင်းဇုန်နှင့် အအေးပိုင်းဇုန် (၂)ခုလုံးကို ဖြတ်သန်းကျော်လွှားမှုရှိပြီး အပူချိန်နိမ့်မြစ်ဝှမ်းဒေသများ ရှိသကဲ့သို့ နှင်းတောင်များ၊ ရေခဲမြစ်များလည်းရှိကာ ကမ္ဘာပေါ်ရှိ အမျိုးအမျိုးအဖုံဖုံသော မြေမျက်နှာသွင်ပြင်အနေအထားနှင့် ဂေဟစနစ်အမျိုးအစားများ ပုံစံအားလုံးနီးပါး ပါဝင်လျက် ရှိနေပါသည်။ ယူနန်ပြည်နယ်၏ ရာသီဥတုမှာ သာယာကောင်းမွန် များပြားစုံလင်၍ ရှုမျှော်ခင်းများမှာလည်း ကြည့်မကုန် ရှုမဆုံးနိုင်လောက်အောင်ပင် များပြားလှပလွန်းပေသည်။ ဤဒေသတွင် ကမ္ဘာ့သဘာဝအမွေအနှစ်ဖြစ်သည့် “ကမ္ဘာ့အခမ်းနားဆုံးအံ့ဖွယ်” အဖြစ် သတ်မှတ်ထားခြင်းခံရသော ကျောက်တုံးတောဥယျာဉ် (Shilin)၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော လိကျန်းရှေးဟောင်းမြို့(Lijiang)၊ ဟားနီတိုင်းရင်းသား(Hani)တို့၏ လှေကားထစ်စိုက်ခင်းများ၊ လောကဘုံနိဗ္ဗာန်အလား အေးချမ်းလှပသော ရှန်ဂရီလာဒေသ(Shangri-La) နှင့် နှစ်သက်စွဲမက်ဖွယ်ကောင်းသော တာလီဒေသ(Dali) ရှိ ချန်းစန်းတောင်(Cangshan) နှင့် အယ်ဟိုင်ကန်(Erhai) တို့ တည်ရှိပါသည်။ မြင်မြင်ရသမျှ နေရာအနှံ့ ရင်သက်ရှုမောဖွယ်ရာ ရှုခင်းအပြည့်ဖြင့် သာယာလှပနေသော သက်တန့်ရောင်စဉ် ယူနန်မြေပင် ဖြစ်ပေသည်။




ကျန်းရှီးပြည်နယ် (Jiangxi)


ကျန်းရှီးပြည်နယ်(Jiangxi)သည် သဘာဝ၏ အဖိုးတန်ရတနာများ၊ ထူးချွန်သူများနှင့် ပြည့်နှက်ရာ ဒေသတစ်ခု ဖြစ်ပါသည်။ ဤပြည်နယ်တွင် လူစန်းတောင်(Lushan)၊ စန်းချင်းတောင်(Sanqing)၊ လုံဟူတောင်(Longhu)၊ ဝူယီတောင်(Wuyi) (ယန်စန်းကောင်တီ(Yanshan) နယ်နိမိတ်အတွင်း ကျရောက်တည်ရှိနေသောအပိုင်း) ၊ ကွေးဖုန်း အထင်ကရရှုမျှော်ခင်းနေရာ (Guifeng) အစရှိသော ကမ္ဘာ့အမွေအနှစ်နေရာများအပြင် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ကျင်တယ်ကျန့်(Jingdezhen) ကြွေထည်မြို့တော်၊ တော်လှန်ရေးစတင်ခဲ့ရာ ကျင်ကန်းတောင်တန်းဒေသများ(Jinggang)၊ တရုတ်နိုင်ငံ၏ အကြီးမားဆုံးသော ရေချိုကန်ဖြစ်သည့် ဖော်ယန်ကန်(Poyang)နှင့် “အလှပဆုံးသော ကျေးလက်တောရွာ” အမည်ဂုဏ်ပုဒ်ရှိ ဝူ့ယွမ်ရွာ(Wuyuan) တို့ တည်ရှိပါသည်။ ကျန်းရှီးပြည်နယ်တောင်ပိုင်းရှိ ဟတ်ကာလူမျိုးတို့၏ ရိုးရာအဝိုင်းသဏ္ဌာန် ပတ်ပတ်လည်ဝိုင်းဖွဲ့ တည်ဆောက်ထားသော အိမ်အ‌ဆောက်အဦများမှာ တစ်မူထူးခြားသော ဆွဲဆောင်မှုရှိပြီး ထိန်ဝမ်မင်း(Tengwang) နန်းမြင့်မျှော်စင်သည်လည်း နှစ်ပေါင်းထောင်ချီသက်တမ်းရှိ၍ ကမ္ဘာတစ်ဝှမ်းတွင် ထင်ရှားကျော်ကြားလှပေသည်။



တိဗက်ဒေသ (Tibet)


တိဗက်ဒေသ(Tibet)သည် ဆီးနှင်းများဖုံးလွှမ်းနေသော ကုန်းပြင်မြင့်ဒေသဖြစ်ပြီး ၎င်းကို ကမ္ဘာ့ခေါင်မိုး ဟူ၍လည်း တင်စားခေါ်ဝေါ်လေ့ရှိကြသည်။ ယင်းဒေသတွင် ကမ္ဘာကျော် ဧဝရတ်တောင်ထိပ်၊ ကမ္ဘာပေါ်တွင် အနက်ရှိုင်းဆုံးဖြစ်သော ယာလုကျန့်ပု ချောက်ကမ်းပါးကြီး (Yarlung Tsangpo Grand Canyon)၊ ထူးခြားဆန်းကြယ်၍ ခမ်းနားထည်ဝါလှသော နတ်တောင်များနှင့် နတ်ရေကန်များ၊ တစ်မူထူးခြားသော တိုင်းရင်းသားရိုးရာဓလေ့ပုံစံများ၊ လျှို့ဝှက်ဆန်းကြယ်၍ ရိုသေကိုင်းရှိုင်းသော ယုံကြည်ကိုးကွယ်မှုများကို တွေ့မြင်နိုင်ပါသည်။ ထို့အပြင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ပုတာလားနန်းတော်(The Potala Palace)၊ တရုတ်တိုင်းရင်းဆေးပညာ၏ အဖိုးတန်ရတနာဖြစ်သော တိဗက်တိုင်းရင်းဆေးဝါးများ၊ တိဗက်ယဉ်ကျေးမှု၏ “စွယ်စုံကျမ်း” ဟု ခေါ်စမှတ်ပြုကြသော ထန်ခါ(Thangka) ပန်းချီအနုပညာလက်ရာပုံစံများနှင့် သမိုင်းကြောင်းရှည်ကြာသော ယဉ်ကျေးမှုအနုပညာတို့လည်း ရှိပါသည်။ ဤသည်မှာ တိဗက်ဒေသပင်ဖြစ်ပြီး လူအများတို့ မျှော်မှန်းတောင့်တရာ အထွတ်အမြတ်ထားရာ နေရာတစ်ခု ဖြစ်ပေသည်။