တရုတ်နိုင်ငံရောက် မြန်မာသတင်းထောက် - ဟိုင်နန်၏ အပူပိုင်းဒေသထွက် သစ်သီးဝလံများ
ဗီဒီယိုကို China Media Group (CMG) မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ဟိုင်နန်ပြည်နယ် (Hainan) သည် အပူပိုင်းဒေသတွင် တည်ရှိပြီး အပူပိုင်းဒေသထွက် သစ်သီးဝလံ အမျိုးမျိုး ထွက်ရှိပါသည်။ ဟိုင်နန်သို့ သွားရောက်လည်ပတ်လျှင် ကျွန်းရှုခင်းများ တစ်ဝကြီး ရှုစားခြင်း၊ ပင်လယ်စာမျိုးစုံ စိတ်ကြိုက်သုံးဆောင်ခြင်းတို့အပြင် အပူပိုင်းဒေသထွက် သစ်သီးဝလံမျိုးစုံကို မြည်းစမ်းသုံးဆောင်ခြင်းမှာလည်း အရေးပါလှသော ခရီးသွားကဏ္ဍတစ်ခုပင် ဖြစ်သည်။
ဟိုင်နန်တွင် ထွက်ရှိသော သီးမွှေးငှက်ပျောသီး၊ သရက်သီး၊ ပိန္နဲသီး၊ ဒူးရင်းသီး၊ အုန်းသီး၊ ဩဇာသီး စသည့် အသီးများသည် အားလုံးနှင့် ရင်းနှီးပြီးသားဖြစ်သော အပူပိုင်းဒေသထွက် သစ်သီးများ ဖြစ်ကြသည်။ ၎င်းတို့အနက်မှ ဟိုင်နန်သရက်သီးနှင့် ဩဇာသီးတို့သည် စားသုံးသူများကို အထူးပင် ဆွဲဆောင်နေပါတော့သည်။ ဟိုင်နန်သရက်သီးသည် အသားနူးညံ့ပြီး ရနံ့ချိုမွှေးကာ ဗီတာမင်ဓာတ် ကြွယ်ဝစွာ ပါဝင်သည်။ ဟိုင်နန်ဩဇာသီးသည် အသားအရေနုပျိုလှပစေခြင်း၊ အားအင်ပြည့်ဖြိုးစေခြင်း၊ သွေးတွင်းအညစ်အကြေးများကို သန့်စင်ပေးခြင်း၊ အရိုးသန်မာကြံ့ခိုင်စေခြင်းနှင့် ကိုယ်ခံအားမြှင့်တင်ပေးခြင်း အစရှိသည့် အကျိုးအာနိသင်များ ပေးစွမ်းနိုင်ပါသည်။