တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအား ထောက်ပံ့သည့် ဒုတိယအသုတ် ဆေးပစ္စည်းကိရိယာများ ရန်ကုန်သို့ရောက်ရှိလာပြီး မြန်မာဘက်သို့ လွှဲပြောင်းပေးအပ်
တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ထောက်ပံ့သော COVID-19 ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဒုတိယအသုတ် ဆေးပစ္စည်းကိရိယာများ မတ်လ ၂၆ ရက်နေ့ညတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai မှ မြန်မာနိုင်ငံအစိုးရကိုယ်စားလှယ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဆေးပစ္စည်းကိရိယာများ ထောက်ပံ့ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုသည် အလွန်အချိန်မီကြောင်း၊ မြန်မာနိုင်ငံ၏ ဆေးပစ္စည်း ကိရိယာများ လိုအပ်နေသည့် အခက်အခဲကို ဖြေရှင်းပေးနိုင်ပြီး တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူတို့၏ မြန်မာနိုင်ငံအပေါ် ထားရှိသော နက်ရှိုင်းလှသည့် “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို ထင်ဟပ်နေကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံမှ ပေးအပ်သည့်ဆေးပစ္စည်းကိရိယာများကို အမြန်ဆုံး ခွဲဝေပေး၍ လိုအပ်သည့် နေရာများ၌ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးအပ်သည့် ယခုအကြိမ် ဆေးပစ္စည်းကိရိယာများတွင် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၅၀၀၀ ၊ N95 နှာခေါင်းစည်း ၅၀၀၀ နှင့် တစ်ခါသုံးနှာခေါင်းစည်း ၂ သိန်းတို့ပါဝင်ပြီး စုစုပေါင်း တန်ချိန် ၂.၄၅ ရှိပါသည်။ ယခုအကြိမ်မတိုင်မီ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 ဗိုင်းရပ်စ်ပိုးဓာတ်ခွဲစစ်ဆေးရေးကိရိယာ ၂၀၀၀ ကျော်နှင့် နှာခေါင်းစည်း စသည့်ဆေးပစ္စည်း ကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ လက်တွေ့အခက်အခဲများနှင့် လိုအပ်ချက်များကို ပေါင်းစပ်သုံးသပ်၍ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အပူချိန်တိုင်းကိရိယာ စသည့်ဆေးပစ္စည်းကိရိယာများ ပို့ဆောင်သွားရန် စီစဉ်လျက်ရှိပြီး မကြာမီတွင် လွှဲပြောင်း ပေးအပ်မည်ဖြစ်ပါသည်။
