ရုပ်သံ - တရုတ်-မြန်မာ ညီညွတ်ခြင်းအင်အား ပေါက်ဖော်မေတ္တာနက်ရှိုင်းစေသား ရောဂါဆိုးအတူနှိမ်နင်းစို့လား
ယခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ပါသည်။ လာရောက်စဉ်ကာလအတွင်း နှစ်နိုင်ငံခေါင်းဆောင် တို့သည် တရုတ်-မြန်မာနှစ်နိုင်ငံ အေးအတူ၊ ပူအမျှ အသိုက်အဝန်းအား အတူတကွ တည်ဆောက်ရန် သဘောတူညီခဲ့ပြီး သမိုင်းတွင်သော မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါသည်။
အေးအတူ၊ ပူအမျှ အသိုက်အဝန်းဆိုသည်မှာ အဆိုးအကောင်း၊ ဒုက္ခသုခများကို အတူတကွ မျှဝေ ခံစားခြင်းပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများသည် ယခုတစ်ခေါက် တရုတ်နိုင်ငံတွင် ကျရောက်နေသော ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို အားပေးကူညီထောက်ပံ့ခဲ့ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ၏ အေးအတူ၊ ပူအမျှ အသိုက်အဝန်း ဟူသည့် အနက်အဓိပ္ပါယ်ကို လက်တွေ့ဖော်ဆောင်ခဲ့ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ထံသို့ စာနာထောက်ထားကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ လက်တွဲပြီး အခက်အခဲများကို ပူပေါင်းရင်ဆိုင်ဖြေရှင်းသွားမည်ဟု ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံ အစိုးရ၊ လုပ်ငန်းရှင်များနှင့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များသည် တရုတ်နိုင်ငံအား ကမ္ဘာ့ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရန်အတွက် ရောဂါတိုက်ဖျက်ရေးပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ မြန်မာနိုင်ငံ ပြည်သူပြည်သားအပေါင်းတို့သည် တရုတ်နိုင်ငံအတွက် ရွှေတိဂုံဘုရားတွင် မေတ္တာပို့ ဆုတောင်းပေးခြင်း၊ ဝူဟန်မြို့ကို အားပေးသော ရုပ်သံဗီဒီယို ရိုက်ကူးတင်ဆက်ခြင်းဖြင့် တရုတ်နိုင်ငံအား အားပေးခဲ့ပါသည်။ ထိုကဲ့သို့သော ကူညီအားပေးမှုများသည် ကျွန်ုပ်တို့အား ရင်ထဲတွင် အလွန်ပီတိဖြစ်စေခဲ့ပါသည်။
ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံ၌ Covid-19 ရောဂါတွေ့ရှိလာပြီးနောက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အပြန်အလှန် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဖြစ်သော အိမ်နီချင်းနိုင်ငံ ဖြစ်သည့်အလျောက် ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး အတွေ့အကြုံများကို မျှဝေပေးခြင်း၊ ဆေးဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း၊ တရုတ်ဆေးပညာရှင်အဖွဲ့များ စေလွှတ်ပေးခြင်း အစရှိသည့် နည်းလမ်းများစွာဖြင့် မြန်မာနိုင်ငံ၏ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအတွက် တစ်တပ်တစ်အား ကူညီထောက်ခံအားပေးခဲ့ပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ အတူတကွ ပူးပေါင်း၍ ကမ္ဘာ့ကပ်ရောဂါကို အောင်မြင်စွာ တိုက်ထုတ်နိုင်ရန်နှင့် တစ်ကမ္ဘာလုံးနှင့်ဒေသဆိုင်ရာ ပြည်သူ့ကျန်းမာရေးနှင့် လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက် အကျိုးပြုသွားနိုင်ရန် မျှော်လင့်ပါသည်။
တရုတ်-မြန်မာနှစ်နိုင်ငံ အတူတကွ ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်တိုက်ဖျက်ခြင်းမှတစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ "ပေါက်ဖော်" ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းလာစေပြီး အေးအတူပူအမျှ အကျိုးတူ အသိုက်အဝန်းစိတ်ဓာတ်ကို ပေါ်လွင်ထင်ဟပ်စေပါသည်။ နှစ်နိုင်ငံ အတူတကွ ကြိုးစားမှုအောက်တွင် တရုတ်-မြန်မာနှစ်နိုင်ငံသည် တစ်လှေတည်းစီး တစ်ခရီးတည်းသွားရင်း အခက်အခဲများကို အတူတကွ ရင်ဆိုင်ဖြေရှင်းနိုင်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေးကို စဉ်ဆက်မပြတ် ဆက်လက်၍ ပိုမိုမြှင့်တင်လာနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
