COVID-19 ရောဂါ တိုက်ဖျက်ရေးကူညီရန်အတွက် တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်
အဖွဲ့ဝင် (၁၂) ဦးပါသော တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Ms. Li Xiaoyan ၊ မြန်မာနိုင်ငံကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးတို့က လေဆိပ်၌ ကြိုဆိုခဲ့ကြပါသည်။
သံအမတ်ကြီး Mr. Chen Hai က တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံ COVID-19ရောဂါတိုက်ဖျက်ရေးကူညီရန်အတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ မြန်မာနိုင်ငံသို့ စေလွှတ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံက အရေးတကြီးလိုအပ်လျက်ရှိသည့် ဆေးကုသရေးပစ္စည်းများကိုလည်း သယ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ယခုအကြိမ်တွင် တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့က အဝေးရပ်မှ မြန်မာနိုင်ငံသို့ လာရောက်၍ ကူညီပေးခြင်းသည် နက်ရှိုင်းလှသည့် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပေါ်လွင်စေသည့်အပြင် တရုတ်-မြန်မာနှစ်နိုင်ငံ အခက်အခဲများကို အတူကျော်ဖြတ်ပြီး အပြန်အလှန်ကူညီဖေးမပေးသည့် အေးအတူပူအမျှအသိုက်အဝန်း စိတ်ဓာတ်ကိုလည်း ပေါ်လွင်စေကြောင်း၊ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် မြန်မာနိုင်ငံနှင့် ထိရောက်သည့်ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်ပြီး မြန်မာနိုင်ငံ COVID-19 ရောဂါ အောင်မြင်စွာတိုက်ဖျက်ရေးအတွက် အားပေးကူညီမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ စေလွှတ်ပေးမှုကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူများက မျှော်လင့်စောင့်စားနေသည်မှာ ကြာလှပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် COVID-19 ရောဂါကို အောင်မြင်စွာထိန်းချုပ်နိုင်သည့် ပထမဆုံး နိုင်ငံဖြစ်သည့်အတွက် မိမိတို့က အလွန်ပင်လေးစားကြောင်း၊ တရုတ်နိုင်ငံ၏ အတွေ့အကြုံနှင့်အစီအမံများသည် လေ့လာသင်ယူဖွယ်ရာကောင်းကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံအရေးပေါ်အကူအညီလိုအပ်သည့်အချိန်၌ ကူညီပေးသည့်အတွက် မိမိတို့က ကျေးဇူးတင်ရှိပါကြောင်း၊ ယင်းသည် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး၏ အမှတ်သင်္ကေတဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် မြန်မာနိုင်ငံ၏ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အကြံပြုချက်များပေးပြီး နှစ်နိုင်ငံမှ ဆေးကုသရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ ယခုအကြိမ်တွင် တရုတ်နိုင်ငံက ဓာတ်ခွဲခန်းသုံး စမ်းသပ်ရေးကိရိယာ စသည့်ကဏ္ဍများတွင်လည်း မြန်မာနိုင်ငံအား တစ်ဆင့်တိုးကူညီပေးမည်ဖြစ်ပြီး ယင်းသည် မြန်မာနိုင်ငံ၏ဓာတ်ခွဲစမ်းသပ်ရေးစသည့်စွမ်းရည်များကို တိုးမြှင့်ပေးရန် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ကူညီမှုကြောင့် မြန်မာနိုင်ငံ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ စစ်ဆေးကုသရေးစသည့်စွမ်းရည်များကိုမြှင့်တင်ရန်အထောက်အကူပြုပြီး COVID-19 ရောဂါကို ဆောလျင်စွာထိန်းချုပ်၍ အောင်မြင်စွာတိုက်ဖျက်ရေးအတွက် အကျိုးထမ်းဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ကို ယူနန်ပြည်နယ် ရောဂါကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ၊ ကူမင်းဆေးတက္ကသိုလ်အမှတ် (၁) ဆေးရုံ၊ ယူနန်ပြည်နယ်တိုင်းရင်းဆေးဆေးရုံစသည့်နယ်ပယ်များမှ ပညာရှင်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ကျွမ်းကျင်ပညာရှင်များအဖွဲ့နှင့်အတူ ၅.၃ တန်ချိန်ရှိသည့် ဆေးကုသရေးပစ္စည်းများသယ်ဆောင်လာပြီး မြန်မာနိုင်ငံအား လှူဒါန်းပေးအပ်ခဲ့ပါသည်။ မြန်မာနိုင်ငံသို့ရောက်ရှိပြီးနောက် ကျွမ်းကျင်ပညာရှင်များအဖွဲ့က မြန်မာနိုင်ငံ သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်ပြီး COVID-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို ကူညီဆောင်ရွက်လျက်ရှိပါသည်။
