တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ကူညီထောက်ပံ့သည့် COVID-19 ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အရေးပေါ်ပစ္စည်းများနှင့် ရောဂါတိုက်ဖျက်ရေး ကျွမ်းကျင်ပညာရှင်များအဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိ
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ မြန်မာ့တပ်မတော်သို့ ကူညီထောက်ပံ့သည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ တင်ဆောင်လာသော လေတပ်လေယာဉ်သည် ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ဆိုက်ရောက်ခဲ့ပါသည်။ အဖွဲ့ဝင် ၆ ဦးပါရှိသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် COVID-19 ရောဂါတိုက်ဖျက်ရေး ကျွမ်းကျင်ပညာရှင်များအဖွဲ့သည်လည်း အဆိုပါလေယာဉ်နှင့်အတူ လိုက်ပါလာခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ၊ စစ်သံမှူး Senior Colonel Xiong Shaowei နှင့် မြန်မာ့တပ်မတော်မှကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ တို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။
သံအမတ်ကြီး Mr. Chen Hai က တရုတ်-မြန်မာနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား နက်ရှိုင်းလှသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေး တည်ရှိကြောင်း၊ တရုတ်နိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာ့တပ်မတော်မှ တရုတ်နိုင်ငံသို့ ဆေးကုသရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့ခြင်းကို မိမိတို့ စိတ်နှလုံးထဲ၌ စွဲမြဲစွာ မှတ်သားထားကြောင်း၊ လတ်တလောကာလတွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားလျက်ရှိကြောင်း၊ တရုတ်-မြန်မာဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှင့် အေးအတူပူအမျှအသိုက်အဝန်း၏ အနှစ်သာရကို ထင်ဟပ်နိုင်ရန်အတွက် တရုတ်တပ်မတော်မှ မြန်မာ့တပ်မတော်ထံသို့ အရေးပေါ်လိုအပ်နေသည့် COVID-19 ဗိုင်းရပ်စ်ပိုး စမ်းသပ်စစ်ဆေးသည့်ကိရိယာ၊ နှာခေါင်းစည်း စသည့် ရောဂါ ကာကွယ်တိုက်ဖျက်ရေးပစ္စည်းများကို ထောက်ပံ့ပေးကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံသို့ ကျွမ်းကျင်ပညာရှင်များအဖွဲ့လည်း စေလွှတ်၍ မြန်မာနိုင်ငံ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်စေကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို အထောက်အကူဖြစ်စေပြီး ရောဂါတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
ဗိုလ်ချုပ်သက်ပုံက တရုတ်တပ်မတော်မှ မြန်မာနိုင်ငံသို့ အရေးပေါ်လိုအပ်နေသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် ရောဂါတိုက်ဖျက်ရေး ကျွမ်းကျင်ပညာရှင်များအဖွဲ့ စေလွှတ်ပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ လတ်တလောကာလတွင် တရုတ်အစိုးရမှ စေလွှတ်သည့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့နှင့် မြန်မာနိုင်ငံအကြား နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်၍ မြန်မာနိုင်ငံ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် အကူအညီများစွာ ပေးအပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဆေးကုသရေးပစ္စည်းများစွာကိုလည်း ထောက်ပံ့ပေးခဲ့ရာ မြန်မာနိုင်ငံ၏ အရေးပေါ်လိုအပ်မှုအခြေအနေကို ဖြေရှင်းပေးနိုင်ခဲ့ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသည့် အသက်ရှူစက်ကိရိယာများကို လက်တွေ့အသုံးပြုနေပြီဖြစ်ကြောင်း၊ ယင်းအပေါ် မိမိတို့မှ များစွာကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့သည် ယခုအကြိမ် တရုတ်တပ်မတော်မှ ထောက်ပံ့ပေးသည့်ပစ္စည်းများကို လိုအပ်နေသည့်နေရာများသို့ အမြန်ဆုံးခွဲဝေပို့ပေးပြီး လက်တွေ့အသုံးချသွားမည်ဖြစ်ကြောင်း၊ မြန်မာ့တပ်တော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် တရုတ်တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်အတူ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ဗိုင်းရပ်စ်ပိုးစမ်းသပ်စစ်ဆေးခြင်း၊ ကုသရေး စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို လေ့လာအတုယူသွားမည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအတွက် ကောင်းမွန်စွာ အထောက်အကူပြုမည်ဖြစ်ပြီး မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း စိတ်ဓာတ်ကို ပိုမိုကောင်းမွန်စွာ အဓိပ္ပါယ်ဖွင့်ဆိုသွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။