တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အဖွဲ့က မြန်မာနိုင်ငံ တပ်မတော်ထံ COVID-19 ရောဂါ ကာကွယ်ရေးစက်ကိရိယာများနှင့် စမ်းသပ်သော Rapid Test Kit များ လှူဒါန်းပေးအပ်
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့က မြန်မာနိုင်ငံတပ်မတော်ထံ လှူဒါန်းပေးအပ်သော COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ စက်ကိရိယာများနှင့် စမ်းသပ်သော Rapid Test Kit များ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို မေလ ၄ ရက်နေ့တွင် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အမှတ် ၁ တပ်မတော်ဆေးရုံကြီး (ကုတင် - ၁၀၀၀) ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စစ်သံမှူး Senior Colonel Xiong Shaowei၊ အမှတ် ၁ တပ်မတော်ဆေးရုံကြီး (ကုတင် - ၁၀၀၀)မှ တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ အဖွဲ့ဝင်များအားလုံး တက်ရောက်ခဲ့ကြပါသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များအဖွဲ့ခေါင်းဆောင် Professor Bai Chong က တရုတ်နိုင်ငံကိုယ်စား ဗိုလ်မှူးချုပ် မြင့်ဇော်ထံ COVID-19 ရောဂါ ကာကွယ်ရေးစက်ကိရိယာများနှင့် Rapid Test Kit များ လွှဲပြောင်းပေးအပ်ပြီး ဗိုလ်မှူးချုပ် မြင့်ဇော်မှ ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို လက်ခံရယူခဲ့ပါသည်။
သံအမတ်ကြီး Mr. Chen Hai က အမှာစကားပြောကြားရာတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့က မြန်မာနိုင်ငံသို့လာရောက်ပြီးနောက် အပူချိန်မြင့်မားခြင်း၊ ပူပြင်းလှသောရာသီဥတု စသည့် အခက်အခဲများကို ကျော်လွှားကာ မြန်မာနိုင်ငံဘက်သို့ အတွေ့အကြုံများ မျှဝေရှင်းလင်းပြီး အကူအညီများပေးအပ်ခဲ့ခြင်းသည် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အေးအတူ ပူအမျှ အသိုက်အဝန်း၏ စိတ်ဓာတ်ကို ပေါ်လွင်စေကြောင်း၊ မြန်မာနိုင်ငံ တပ်မတော်၏ ထောက်ခံအားပေးမှုကြောင့် ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် COVID-19 ဗိုင်းရပ်စ် စမ်းသပ်ရန် ဓာတ်ခွဲခန်း ကူညီတည်ဆောက်ပေးမှုကို ပြီးစီးသွားကြောင်း၊ ယင်းသည် မြန်မာနိုင်ငံ တပ်မတော်က COVID-19 ရောဂါ ရင်ဆိုင်တိုက်ဖျက်သည့် စွမ်းရည်ကို တိုးမြှင့်ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
သံအမတ်ကြီး Mr. Chen Hai က ယနေ့သည် တရုတ်နိုင်ငံ၏ မေလ ၄ ရက် လူငယ်များနေ့ ဖြစ်ကြောင်း၊ ယခုအကြိမ် ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွင် ပါဝင်နေသည့် မြန်မာနိုင်ငံရှိ စေတနာ့ဝန်ထမ်းများက ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွင် ကူညီဆောင်ရွက်ပေးသည့်အတွက် မိမိက အားလုံးနှင့် နှစ်နိုင်ငံ လူငယ် ကျန်းမာရေးဝန်ထမ်းများကို လေးစားကြောင်း ပြောကြားလိုကြောင်း၊ နှစ်နိုင်ငံ နယ်ပယ်အသီးသီး၏ အတူတကွကြိုးပမ်းမှု အောက်တွင် တရုတ်-မြန်မာ COVID-19 ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံချစ်ကြည်ရေးကို အင်တိုက်အားတိုက် တွန်းအားပေးပြီး နှစ်ဦးနှစ်ဖက် ရောဂါ တိုက်ဖျက်ရေးတွင် နောက်ဆုံးအောင်နိုင်မှု ရရှိရေးအတွက် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
အဖွဲ့ခေါင်းဆောင် Professor Bai Chong က တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ မြန်မာနိုင်ငံတွင် လုပ်ဆောင်သည့် အခြေအနေများကို မိတ်ဆက်ပြောကြားခဲ့ပါသည်။ Professor Bai Chong က ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် မြန်မာနိုင်ငံ ကျန်းမာရေးအဖွဲ့အစည်းများသို့ သွားရောက်လေ့လာခြင်းနှင့် မြန်မာနိုင်ငံ တပ်မတော် ကျန်းမာရေးဝန်ထမ်းများနှင့် အတွေ့အကြုံများ ကူးလူးဖလှယ်ခြင်းမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရေး သံယောဇဉ်များကို တိုးမြှင့်ခဲ့ကြောင်း၊ ယခုအကြိမ် တည်ဆောက်ပြီးစီးသည့် COVID-19 ဗိုင်းရပ်စ်စမ်းသပ်ရန် ဓာတ်ခွဲခန်းသည် မြန်မာနိုင်ငံ၏ ရောဂါတိုက်ဖျက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် မြန်မာနိုင်ငံနှင့် ညှိနှိုင်း၍ အတူတကွကြိုးပမ်းပြီး ရောဂါတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားလိုကြောင်း ပြောကြားခဲ့ပါသည်။
တပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အင်တိုက်အားတိုက် ကူညီပေးမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဗိုလ်မှူးချုပ် မြင့်ဇော်က ယနေ့သည် တရုတ်-မြန်မာနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား COVID-19 ရောဂါတိုက်ဖျက်ရေးနှင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးအတွက် အလွန်အရေးပါသော အနက်အဓိပ္ပာယ်ရှိသည့်နေ့တစ်နေ့ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များအဖွဲ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်မှစပြီး နည်းပညာ၊ ဝန်ထမ်း၊ စက်ကိရိယာ၊ ပစ္စည်း၊ စီမံခန့်ခွဲမှုစသည့် ကဏ္ဍများတွင် မြန်မာနိုင်ငံထံ ကူညီမှုများစွာ ပေးအပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ ရောဂါတိုက်ဖျက်ရေး အတွေ့အကြုံများကို အတုယူပြီး တရုတ်နိုင်ငံ၏ အားပေးမှုအောက်တွင် COVID-19 ရောဂါကို အစွမ်းကုန် တိုက်ဖျက်မည်ဖြစ်ကြောင်း၊ နိုင်ငံအသီးသီးက စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး COVID-19 ရောဂါကို အတူလက်တွဲတိုက်ဖျက်၍ သာယာလှပသော ကမ္ဘာကြီးကို အတူတကွတည်ဆောက်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။