မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့နှင့် မြန်မာ့တပ်မတော်မှ ကျန်းမာရေးဝန်ထမ်းများ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ ကူးလူးဖလှယ်
မြန်မာနိုင်ငံသို့ လာရောက်သည့် ၆ ဦးပါ တရုတ်ပြည်သူ့လွှတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့သည် မေလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အမှတ် ၁ တပ်မတော်ဆေးရုံကြီး (ခုတင် - ၁၀၀၀) ၌ သက်ဆိုင်ရာ ဆေးရုံသို့ မကြာမီသွားရောက်ပြီး COVID-19 အတည်ပြုလူနာများကုသရေးတွင် ပါဝင်မည့် မြန်မာနိုင်ငံ တပ်မတော်မှ ကျန်းမာရေးဝန်ထမ်း ၄၀ ဦး နှင့် တွေ့ဆုံကာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေး၊ ကျန်းမာရေးဝန်ထမ်းများ တစ်ကိုယ်ရေကာကွယ်ရေးနှင့် စပ်လျဉ်း၍ ကူးလူးဖလှယ်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စစ်သံမှူး Senior Colonel Xiong Shaowei ၊ တရုတ်ပြည်သူ့ လွှတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ခေါင်းဆောင် Professor Bai Chong ၊ အမှတ် ၁ တပ်မတော်ဆေးရုံကြီး (ခုတင် - ၁၀၀၀) မှ တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်၊ ဒုတိယတပ်မှူး ဗိုလ်မှူးကြီးဒေါ်ခင်ဖြူပြာ၊ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးကြီး ခင်အောင်ထွန်းတို့ တက်ရောက်ခဲ့ကြပါသည်။ Professor Bai Chong က ကျန်းမာရေးအဖွဲ့အစည်းများ COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ကျွမ်းကျင်ပညာရှင်များအဖွဲ့ ဒုတိယခေါင်းဆောင် Professor Ma Yajun က ကျန်းမာရေးဝန်ထမ်းများ လူနာကုသရာ၌ တစ်ကိုယ်ရေကာကွယ်သည့်နည်းလမ်းကို မိတ်ဆက်ပြောကြားခဲ့ပါသည်။ တရုတ်ပြည်သူ့ လွှတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏ လမ်းညွှန် သင်ကြားမှုအောက်တွင် မြန်မာနိုင်ငံတပ်မတော်မှ ကျန်းမာရေးဝန်ထမ်းများက လေ့ကျင့်ခဲ့ကြပါသည်။
ယခုအကြိမ်ကူးလူးဖလှယ်မှုတွင် ပါဝင်သည့် မြန်မာနိုင်ငံတပ်မတော်မှ ကျန်းမာရေးဝန်ထမ်းများက တရုတ်ပြည်သူ့ လွှတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ အသေးစိတ် ရှင်းလင်းပြောကြားမှုနှင့် စနစ်တကျလမ်းညွှန် သင်ကြားမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သက်ဆိုင်ရာအတွေ့အကြုံများ မျှဝေသင်ကြားပေးခြင်းသည် မြန်မာနိုင်ငံတပ်မတော်မှ ကျန်းမာရေးဝန်ထမ်းများ သက်ဆိုင်ရာဆေးရုံ၌ ရောဂါကုသရာတွင် အလွန်အထောက်အကူပြုကြောင်း၊ မိမိတို့သည် သင်ကြားသိရှိသမျှ အတွေ့အကြုံများကို လက်တွေ့လုပ်ငန်းအတွင်း၌ အသုံးချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။