မှတ်တမ်းရုပ်ရှင်ရှုစားမယ်၊ Qixi ပွဲတော်ချိန်ခါဝယ် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်အား စတင်ကျင်းပခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-08-05 18:21:55


တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းအရာများကို အခြေခံထားသည့် ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်း (Offline) တင်ဆက်ပြသမှုအစီအစဉ်အား ဩဂုတ်လ (၄)ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ စတင်ကျင်းပခဲ့ပါသည်။


01_副本2.jpg

02.jpg

Qixi ပွဲတော်အခါသမယတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ စင်တာ၏ ဘက်စုံသုံးခန်းမ (Multi-functional Hall) ၌ ပထမအကြိမ် “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်းတင်ဆက်ပြသမှုအစီအစဉ်၏ ပထမဦးဆုံးပွဲစဉ်ကို ကျင်းပပြုလုပ်ခဲ့ပြီး စင်တာတာဝန်ခံ Ms. Xu Ling ၊ FSG (Myanmar) Security Services Co., Ltd ၏ ဒုတိယမန်နေဂျာ Mr. He Lei ၊ လုံခြုံရေးအရာရှိ Mr. Zhang Xiaoqu ၊ Mr. Li Yong တို့နှင့်အတူ ယင်းကုမ္ပဏီမှ မြန်မာဝန်ထမ်းများ (၃၀) ဦးကျော် တက်ရောက်ခဲ့ပါသည်။


03.jpg


ပွဲအစီအစဉ်များ မစတင်မီအချိန်တွင် စင်တာဘက်စုံသုံးခန်းမနှင့် ပြပွဲခန်းမ၌ တရုတ်ရိုးရာပွဲတော်ဂန္ထဝင်အကများ၊ “China Beyond Your Imagination” နှင့် “Beautiful China” အစရှိသော ဗီဒီယိုများကို ထုတ်လွှင့်ပြသထားပြီး ပွဲကြည့်ရှုသူပရိသတ်များအတွက် တရုတ်နိုင်ငံ၏ သာယာလှပသော သဘာဝရှုမျှော်ခင်းများ၊ နက်ရှိုင်းသော သမိုင်းဝင်ယဉ်ကျေးမှုများ၊ တစ်မူထူးခြားသော ရိုးရာဓလေ့ထုံးတမ်းများနှင့် လှပသော အကအနုပညာများအကြောင်း တင်ဆက်ပြသထားပါသည်။


04.jpg


အခမ်းအနားမှူးမှ ပထမဦးစွာ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အကြောင်းအရာများကို မိတ်ဆက်ပေးခဲ့ပြီး ပရိသတ်များက CGTN မှ စီစဉ်ရိုက်ကူးထားသော “Facing the Flood”  အင်္ဂလိပ်ဗားရှင်း မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုလေ့လာခဲ့ကြသည်။ ယင်းမှတ်တမ်းရုပ်ရှင်သည် ၂၀၂၀ ခုနှစ် နွေရာသီတွင် တရုတ်နိုင်ငံတောင်ပိုင်း၌ ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့စဉ် စေတနာ့ဝန်ထမ်းနှစ်ဦးက ရေကြီးရေလျှံမှုများ အပြင်းထန်ဆုံးအချိန်အတွင်း လှေစီးပြီး ရေဘေးဒုက္ခကြုံတွေ့နေသူများအား မည်ကဲ့သို့ကယ်ဆယ်ခဲ့ပုံများကို တင်ဆက်ထားခြင်းဖြစ်သည်။ ထို့အပြင် မြန်မာစာတန်းထိုး “ရှောင်လင်ကွန်ဖူးရဲ့ လျှို့ဝှက်ချက်” မှတ်တမ်းရုပ်ရှင်ကိုလည်း တစ်ဆက်တည်းပြသခဲ့သည်။ ယင်းဗီဒီယိုသည် တရုတ်ဝူရှူးသိုင်းပညာလောက၏ လက်တွေ့သရုပ်မှန်ကို တင်ဆက်ထားပြီး တရုတ်သိုင်းပညာ၏ နက်နဲကျယ်ပြန့်မှုများကို ထင်ဟပ်ပြသ၍ ပရိသတ်များအား ပိုမိုဆန်းသစ်သော ရှုထောင့်နှင့် ပိုမိုစစ်မှန်သော အတွေ့အကြုံများဖြင့် ကွန်ဖူး၏ အံ့ဩဖွယ်ရာလောကထဲသို့ ခေါ်ဆောင်ကာ တရုတ်ရိုးရာယဉ်ကျေးမှုအပေါ် ပိုမိုနက်ရှိုင်းစွာ လေ့လာသိရှိ နားလည်သဘောပေါက်စေပါသည်။



ပွဲအစီအစဉ်အတွင်း တရုတ်ယဉ်ကျေးမှုနှင့် ဗဟုသုတဆိုင်ရာ ဦးသူဖြေစနစ် အမေးအဖြေကဏ္ဍကိုလည်း စီစဉ်ထားပြီး ဖြေဆိုသူပရိသတ်များကလည်း တက်တက်ကြွကြွ ပါဝင်ဖြေဆိုခဲ့ကြသည်။ ဤကဲ့သို့ စိတ်ဝင်စားဖွယ်ကောင်းသော အမေးအဖြေကဏ္ဍမှတစ်ဆင့် ပရိသတ်များအား တရုတ်နိုင်ငံအကြောင်းကို သိရှိနားလည်စေပြီး  စူးစမ်းလေ့လာစေကာ ပျော်ရွှင်ဖွယ်ရာ အစီအစဉ်အဖြစ် ဖန်တီးပေးခဲ့ပါသည်။


မှတ်တမ်းရုပ်ရှင်များ ကြည့်ရှုပြီးနောက် ပရိသတ်များက “မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း” အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို လေ့လာကြည့်ရှုခဲ့ကြသည်။ ယင်းဓာတ်ပုံပြပွဲတွင် မြန်မာနှင့်တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစတင်၍ နှစ်နိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးစွာ ဖလှယ်ဆက်ဆံမှု မှတ်တမ်းမှတ်ရာများကို ပြသထားပြီး စင်တာဝန်ထမ်းတစ်ဦးမှ မြန်မာနှင့်တရုတ် နှစ်နိုင်ငံအကြားရှိ  ချစ်ကြည်ရင်းနှီးမှုသမိုင်းကြောင်းများကို မိတ်ဆက်ပေးခဲ့ရာ ပရိသတ်များကလည်း စိတ်ဝင်တစား နားထောင်ကာ ကြည့်ရှုလေ့လာခဲ့ကြသည်။ ယင်းနောက် စာကြည့်တိုက်သို့ ဝင်ရောက်လေ့လာ၍ စာအုပ်များ ဖတ်ရှုကာ အသင်းဝင်ရန် ဖောင်ဖြည့်စာရင်းပေးသွင်းခဲ့ကြသည်။



FSG (Myanmar) Security Services Co., Ltd မှ လုံခြုံရေးအရာရှိ Mr. Zhang Xiaoqu က မိမိသည် အန်းဟွေးပြည်နယ် (Anhui) စုကျိုးမြို့ (Suzhou) ဇာတိဖြစ်ပြီး ဤ “Facing the Flood” မှတ်တမ်းရုပ်ရှင်ကို မကြည့်ရသေးမီ အန်းဟွေးပြည်နယ် (Anhui) တွင် ဤမျှပြင်းထန်သော ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရသည်ကို မသိရှိခဲ့ကြောင်းနှင့် ဤမှတ်တမ်းရုပ်ရှင် ကြည့်ရှုပြီးချိန်တွင် အတော်လေးပင် ခံစားရကြောင်း ပြောကြားခဲ့သည်။ 



ပွဲလာရောက်ကြည့်ရှုသူ ပရိသတ်အများအပြားကလည်း ယခုအကြိမ် ရုပ်ရှင်ပွဲတော်သည် အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး အဓိပ္ပာယ်ရှိသည်ဟု ထင်မြင်မိကြောင်း၊ တရုတ်ဝူရှူးသိုင်းပညာသည် တရုတ်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အဖိုးတန်အမွေအနှစ်တစ်ခု ဖြစ်သည့်အလျောက် တက်ကြွမှုအပြည့်ရှိကြောင်း၊ “Facing the Flood” မှတ်တမ်းရုပ်ရှင်မှတစ်ဆင့် တရုတ်လူမျိုး၏ တာဝန်ယူမှုနှင့် ရဲစွမ်းသတ္တိများကို ခံစားခဲ့ရပြီး တရုတ်ရိုးရာယဉ်ကျေးမှုများကို ပိုမိုနက်နက်ရှိုင်းရှိုင်း သိရှိနားလည်လာပါကြောင်း ပြောကြားခဲ့သည်။


ပရိသတ်များက မှတ်တမ်းရုပ်ရှင်ပွဲတော် ထူးခြားချက်များပါရှိသည့် Photo corner ကိုလည်း နှစ်သက်ကြပြီး အမှတ်တရဓာတ်ပုံများစွာ ရိုက်ခဲ့ကြသည်။ ထို့အပြင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်များလည်း မှတ်တမ်းဓာတ်ပုံများ အတူတကွရိုက်ကူးပြီး ပွဲအစီအစဉ်တစ်ခုလုံးမှာ ပျော်ရွှင်ဖွယ် ပွဲတော်အငွေ့အသက်များနှင့် ပြည့်နှက်နေပေသည်။


21.jpg


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ တာဝန်ခံ Ms. Xu Ling က ယနေ့ကျင်းပပြုလုပ်ခဲ့သော “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” မှတစ်ဆင့် မြန်မာပြည်သူများအား တရုတ်နိုင်ငံအကြောင်း ပိုမိုသိရှိစေရန်၊ တရုတ်ယဉ်ကျေးမှုကို ပိုမိုနှစ်သက်စေရန်၊ နှစ်နိုင်ငံအကြား အပြန်အလှန် သိရှိနားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးပွားစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ စင်တာမှ “တရုတ်မှတ်တမ်းရုပ်ရှင်ပွဲတော်” အော့ဖ်လိုင်းတင်ဆက်ပြသမှု အစီအစဉ်များစွာကို ဆက်လက်ကျင်းပပြီး ပရိသတ်များအတွက် မှတ်တမ်းရုပ်ရှင်လက်ရာကောင်း များစွာကိုလည်း တင်ဆက်ပြသသွားမည်ဖြစ်သည်။