“တရုတ်နိုင်ငံအကြောင်းအရာများ” ကဏ္ဍတွဲမှ ဒေါက်တာ ထိုက်လွင်ကို မျှဝေပြောကြားသော “ယူနန်ပြည်နယ် ဘဝအတွေ့အကြုံများ” ဆွေးနွေးပွဲအား ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-09-27 11:11:21


WeChat Image_20230927084053.jpg


၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် ယူနန်ပြည်နယ် တောင်အာရှနှင့်အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတကာပြန်ကြားရေးစင်တာတို့ ပူးပေါင်းပြီး မင်္ဂလာ “စကားမိတ်ဆက်” တရုတ်နိုင်ငံအကြောင်းအရာများ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုတစ်ခေါက် ဆွေးနွေးပွဲတွင် လူငယ်ပညာရှင် ဒေါက်တာ ထိုက်လွင်ကိုက ဆွေးနွေးပြောကြားပေးခဲ့ပြီး ပွဲအခမ်းအနားသို့ G.E.S.C ၊ BOWEN SCHOOL ၊ Myanmar International Education Center (MIEC) ကျောင်းများမှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသား စုစုပေါင်း အယောက် (၇၀)ကျော် တက်ရောက်ခဲ့ပါသည်။


WeChat Image_20230927084056.jpg


ဒေါက်တာ ထိုက်လွင်ကိုသည် Minzu University of China တွင် ၂၀၁၀ ခုနှစ်မှ စတင်၍ ပညာလေ့လာဆည်းပူးခဲ့ပြီး မဟာဘွဲ့နဲ့ ပါရဂူဘွဲ့ကို ရရှိခဲ့ပါသည်။ ဒေါက်တာ ထိုက်လွင်ကိုသည် တရုတ်နိုင်ငံရှိ တက္ကသိုလ်ကောလိပ်များတွင် ဆရာအဖြစ် ပညာသင်ကြားပို့ချသည့် အတွေ့အကြုံများလည်း ရှိခဲ့ပြီး ယခုလက်ရှိတွင် ယူနန်ပြည်နယ် တောင်အာရှနှင့်အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတကာပြန်ကြားရေးစင်တာတွင် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။


ဒေါက်တာ ထိုက်လွင်ကိုသည် တရုတ်နိုင်ငံတွင် နေထိုင်လာသည့် (၁၀)နှစ်တာကာလအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းများ မြှင့်တင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းစွမ်းဆောင်ခဲ့ပြီး နှစ်နိုင်ငံ အဆင့်မြင့်အရာရှိ ကိုယ်စားလှယ်အဖွဲ့၏ ဘာသာပြန်အဖြစ်လည်း အကြိမ်များစွာ တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် လှုပ်ရှားမှုပွဲကြီးများ၏ အခမ်းအနားမှူးအဖြစ် လည်းကောင်း၊ ဘာသာပြန်အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ဖူးပြီး တရုတ်ရုပ်ရှင်၊ ဇာတ်လမ်းတွဲနှင့် မှတ်တမ်းရုပ်ရှင် အမြောက်အမြားတွင် ဘာသာပြန်ခြင်း၊ ဘာသာပြန်စစ်ဆေးအကဲဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ဒေါက်တာ ထိုက်လွင်ကိုသည် တရုတ်နိုင်ငံအကြောင်း နှံ့နှံ့စပ်စပ် သိရှိသူတစ်ဦး ဖြစ်သည့်အပြင် အင်တာနက်မီဒီယာမှတစ်ဆင့် မြန်မာပရိသတ်များအား မိမိ၏ တရုတ်နိုင်ငံမှ အလုပ်အကိုင်နှင့် ဘဝအတွေ့အကြုံများကို လည်းကောင်း၊ တရုတ်ယဉ်ကျေးမှုနှင့် တရုတ်နိုင်ငံခရီးသွားအရင်းအမြစ်များကို လည်းကောင်း ဝေမျှတင်ဆက်ပေးသည့် Social Influencer တစ်ဦးလည်း ဖြစ်သည်။


ဆွေးနွေးပွဲတွင် ၎င်း၏ ယူနန်ပြည်နယ်မှ အနေအထိုင်၊ အစားအသောက်၊ လှုပ်ရှားမှုများကို မိတ်ဆက်ဆွေးနွေးခဲ့ပါသည်။ ဒေါက်တာ ထိုက်လွင်ကိုသည် မိမိကိုယ်တိုင် မြင်တွေ့ကြားသိခဲ့ရသည့် ဗဟုသုတများဖြင့် တရုတ်နိုင်ငံ မျက်မှောက်ခေတ် ဘဝနေထိုင်မှုပုံစံများ၊ ဖွံ့ဖြိုးတိုးတက်မှု၊ တရုတ်လူမျိုးများ၏ သဘောထားအမြင်များ၊ သမိုင်းကြောင်း ရှည်ကြာသော တရုတ်ယဉ်ကျေးမှုများနှင့် သာယာလှပသော သဘာဝ ရှုမျှော်ခင်းများကို မြန်မာလူငယ်များအား မိတ်ဆက်ဝေမျှ‌ပေးရင်း ကျောင်းသားလူငယ်များအား တရုတ်ယဉ်‌ကျေးမှုများကို လေ့လာကြရန်၊ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ် လေ့လာကြရန်၊ ကိုယ်စီ တက်လမ်းအမြင်များကို “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု” စီမံကိန်းနှင့် ပေါင်းစပ်ကာ မြန်မာ-တရုတ် အစဉ်အလာမပျက် ချစ်ကြည်ရေးအတွက် ကြိုးပမ်းကြရန် တိုက်တွန်းထားပါသည်။



ဆွေးနွေးပွဲသည် ပရိသတ်များ၏ တစ်ခဲနက် အားပေးမှုများကို ရရှိခဲ့ပါသည်။ မေးခွန်းမေးမြန်းမှုကဏ္ဍတွင် မေးမြန်းမှု (၁၇)ကြိမ် ရှိခဲ့ပြီး မူလက ကြာချိန် (၁)နာရီ ခန့်မှန်းထားသည့် ဆွေးနွေးပွဲသည် (၂)နာရီခန့် ကြာမြင့်ခဲ့သည်။


G.E.S.C တရုတ်စာသင်တန်းကျောင်းတွင် တက်ရောက်နေသော ကျောင်းသူ မသီရိမြင့်မြတ်သူက မိမိ တရုတ်စာလေ့လာနေသည်မှာ (၈)လခန့် ရှိပြီဖြစ်ကာ ဒေါက်တာ ထိုက်လွင်ကို၏ ပညာတော်သင်ခရီးနှင့် အလုပ်အကိုင် အတွေ့အကြုံများကို အလွန်ပင် အားကျမိကြောင်း၊ ဆွေးနွေးပွဲအပြီးတွင် တရုတ်စာလေ့လာခြင်းအပေါ် ယုံကြည်မှု ပိုရှိလာကြောင်း၊ မိမိသည် တရုတ်ယဉ်ကျေးမှုကို နှစ်သက်သူတစ်ဦးဖြစ်၍ တရုတ်နိုင်ငံသို့ သွားရောက်လေ့လာလိုကြောင်း၊ အကယ်၍ ပညာတော်သင်အခွင့်အရေးများ ရရှိခဲ့လျှင် ယူနန်ပြည်နယ်သို့ သွားရောက် ပညာသင်ယူလိုကြောင်းနှင့် မြန်မာလူငယ်များအတွက် ရည်ရွယ်ကျင်းပသည့် တရုတ်ရိုးရာယဉ်ကျေးမှုနှင့် ပညာတော်သင်ဆိုင်ရာ ဆွေးနွေးပွဲများကို စင်တာမှ ပို၍ ကျင်းပပြုလုပ်သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။


သမိုင်းမေဂျာ ဒုတိယနှစ်ကျောင်းသူ မယွန်းကိုကိုအောင်သည် တရုတ်စကား မပြောတတ်သော်လည်း တရုတ်ယဉ်ကျေးမှုကို စိတ်ဝင်စားသူ ဖြစ်၍ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ လှုပ်ရှားမှုများကို အမြဲမပြတ် ကြည့်ရှုအားပေးနေသူ ဖြစ်သည်။ သူမက “ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကို လာတိုင်း တရုတ်အငွေ့အသက်တွေကို ခံစားမိပါတယ်။ စင်တာရဲ့ လှုပ်ရှားမှုတိုင်းကလည်း မတူညီတဲ့ အသစ်အသစ်သော ခံစားချက်တွေကို ပေးစွမ်းနိုင်ပါတယ်။ ခရီးသွားရတာကို ဝါသနာပါသူ တစ်ယောက်အနေနဲ့ အခုတစ်ခေါက် ဆွေးနွေးပွဲကနေတစ်ဆင့် ယူနန်ပြည်နယ်ရဲ့ ရှေးဟောင်းအမွေအနှစ်နဲ့ ရိုးရာအစားအစာတွေကို ပိုပြီး နားလည်သိရှိခဲ့ရပါတယ်။ ယူနန်ပြည်နယ်ကို ရောက်အောင် သွားလည်ပြီး ယူနန်လူမှုဘဝကို ကိုယ်တိုင် မြင်တွေ့ခံစားကြည့်ချင်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။



ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Mr. Xiang Jianbo က “မြန်မာလူမျိုးက မိခင်ဘာသာစကားနဲ့ တရုတ်နိုင်ငံအကြောင်း ဝေမျှတဲ့အခါ မြန်မာပရိသတ်တွေ ပိုစိတ်ဝင်စားကြတယ်။ ဒေါက်တာ ထိုက်လွင်ကိုရဲ့ ကိုယ်တွေ့ အတွေ့အကြုံ ဝေမျှမှုကနေတစ်ဆင့် ကျောင်းသူကျောင်းသားများအနေနဲ့ တရုတ်နိုင်ငံအကြောင်း၊ ယူနန်ပြည်နယ်အကြောင်းနဲ့ တရုတ်ရိုးရာယဉ်ကျေးမှုဆိုင်ရာ ခံယူချက်၊ သဘောထားအမြင်များကို ပိုမို နားလည်သိရှိသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။


WeChat Image_20230927084135.jpg


ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာအနေဖြင့် မကြာမီလများအတွင်းမှာ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံမှ တတ်သိပညာရှင်များကို ဖိတ်ခေါ်ပြီး မြန်မာတက္ကသိုလ်ကျောင်းသားများ၊ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်၊ အမျိုးသမီးအဖွဲ့အစည်းများ၊ တရုတ်ကုမ္ပဏီများတွင် လုပ်ကိုင်နေသော မြန်မာဝန်ထမ်းများနှင့် မြန်မာနိုင်ငံရှိ တရုတ်အဖွဲ့အစည်းများမှ ဝန်ထမ်းများအတွက် “တရုတ်နိုင်ငံအကြောင်းအရာများ” ကဏ္ဍတွဲ ဆွေးနွေးပွဲလှုပ်ရှားမှုများကို ကျင်းပသွားရန် စီစဉ်လျက် ရှိပါသည်။